Part (5)

2.3K 137 18
                                    

(Unicode)

''မမဘာလယ် တော်လောက်ပြီနော်နင်"

''နင့်ကိုငါဘာလုပ်နေလို့လဲ"

စူပုတ်ပုတ်မျက်နှာထားနှင့်မဟာမြင့်မိုရ်အား
နဒီမြင့်မိုရ်သည် မျက်စောင်းထိုးလျက်ပြန်ချေပ၏။
အရောင်စုံမိတ်ကပ်ဘူးများနှင့်အလှပြင်ပစ္စည်းများထံမှ
အကျိုးရလဒ်အား နဒီသည်နွေနှောင်းအားအထူး
ခံစားခွင့်ပေးနေလေသည်။ထို့ကြောင့် နဒီ့စိတ်တိုင်းကျ
ပြင်ဆင်ခြယ်သခွင့်ပေးမိသောနွေနှောင်း၏ မျက်နှာသည်
ဖြူဖွေးဖွေးမိတ်ကပ်မှုန့်များနှင့်ပါးအို့နီရဲရဲအပြင်
ရဲရဲတောက်ဆိုးထားသည့်နှုတ်ခမ်းနီနီတို့ပေါင်းစပ်
လိုက်သည့်အခါ ဂျိုကာသဖွယ်ဖြစ်နေတော့သည်။

''နှောင်းက သနပ်ခါးနဲ့မှလိုက်တာကို"

''နွေနှောင်းကိုယ်တိုင်တောင် ဘာမှမပြောတဲ့ဟာကို
နင်ပဲမနေတတ်မထိုင်တတ်ဖြစ်နေတာ"

အမှန်လည်း အလှပြင်ဆင်နေစဥ်တစ်လျှောက်
နွေနှောင်းသည်ငြင်းဆန်သည့်စကားတစ်ခွန်းမျှမထွက်။
လူတွေပြုသမျှခံရမည့်စက်ရုပ်လေးသဖွယ်
မငြိမ်မသက်ဖြင့်သာ။တစ်ခါတရံ မျက်တောင်ပင်ခတ်သေး
သလားဟုထင်မှတ်မှားနိုင်ဖွယ်ရှိပေ၏။

''တော်သင့်ပြီ မမနဒီ"

''မဟာ နင်ဘယ်လိုဖြစ်နေတာလဲ"

''မပြောချင်လို့ငြိမ်ခံနေတာက နင်လုပ်သမျှ
သဘောကျတာနဲ့မတူဘူး"

''အောင်မာ ကြီးကြီးကျယ်ကျယ်"

မောင်နှမနှစ်ယောက်ကြားလေထုသည် အေးစက်လို့
လာလေသည်။ဆော့ကစားတတ်သည့်အရွယ်မှစ ကလေးများပီပီ မကြာမကြာစကားများတတ်သည်များ
ရှိသော်လည်း တစ်စုံတစ်ယောက်ကြောင့်လေတင်းရသည်မှာ
ယခုအကြိမ်သည် ပထမဆုံးဖြစ်လေ၏။

''အဲလောက်အလှပြင်ရတာကြိုက်ရင် မမနဒီဘာသာ
ပြင်လေ၊ ဘာလို့နှောင်းကိုလာထိသလဲ"

''နွေနှောင်းကို ငါမေးတော့သူက
modelလုပ်ပေးမယ်လို့ပြောတာ နင်မကြားဘူးလား"

''မမကမေးလို့ သူပြန်ဖြေတာပေါ့"

''အစကတည်းကမပြင်ချင်ရင် သူငြင်းမှာပေါ့
နင်တစ်ယောက်တည်းကမ္ဘာပျက်နေတာ"

Mahar's ButterflyWhere stories live. Discover now