(Unicode)
မနေ့ကမိုးရွှာထားသဖြင့် မြင့်မိုရ်စံအိမ်အတွင်းရှိ
အလှမြက်ခင်းနှင့်သစ်ပင်ပန်းမာန်များသည် စိမ်းစိုလျက်
ရှိလေသည်။မိုးရွှာပြီးနောက် ကောင်းကင်အခြေအနေသည်
တိမ်မည်းများကင်းစင်ကာ ကြည်ပြာရောင်သန်းလျက်
ရောင်ခြည်သည်သာဖြာထွန်းနေ၏။ထို့ကြောင့်
ရာသီဥတုအခြေအနေသည် ကြည်လင်ကောင်းမွန်နေ၏။
သို့သော် ကြည်လင်နေသည့်ရာသီဥတုအခြေအနေနှင့်
ကွဲပြားခြားနားစွာပင် မြင့်မိုရ်စံအိမ်မှအငယ်ဆုံးသခင်လေး
သည် မှုန်ကုတ်လျက်ဖြင့်အိမ်တော်၏နောက်ဖေးမှ
ခြံအတွင်းသို့ ဆတ်တောက်ဆတ်တောက်ဖြင့်
သွားနေလေသည်။''ဟေး မြင့်မိုရ်အငယ်ဆုံးလေး အဲဒါဘယ်သွားမလို့လဲ"
မဟာမြင့်မိုရ်၏ခြေလှမ်းတွေသည် ရုတ်ချည်းရပ်တန့်သွား
ပြီးအသံလာရာသို့ကြည့်မိ၏။အောက်အကိုင်းအခက်များ
အားအဝိုင်းသဏ္ဍာန်ခုတ်ဖြတ်ထားသော ဗန်ဒါပင်အောက်
တွင် ဦးမြင့်မိုရ်နှင့်ဒေါ်တင်နွဲ့ချိုသည် ကျောမှီပါကြိမ်ကုလား
ထိုင်နှစ်ခုံပေါ်ထိုင်နေကြကာ အလယ်တွင်ကြိမ်စားပွဲ
အဝိုင်းလေးချထားလေသည်။ဒေါ်တင်နွဲ့ချိုသည်
ဘုရားစာအုပ်အား မျက်မှန်တစ်လက်အကူအညီဖြင့်
ရွတ်ဆိုနေကာ ဦးမြင့်မိုရ်သည်ဇနီးသည်အားချစ်မြတ်နိုးရိပ်
သန်းသည့် မျက်ဝန်းတစ်စုံဖြင့်ငေးကြည့်နေခြင်းသာ။ထိုအခိုက် မြင်ကွင်းအတွင်းမြေးအငယ်ဆုံးအားမြင်၍
လှမ်းအော်ခေါ်လိုက်၏။'မြင့်မိုရ်အငယ်ဆုံးလေး'ဟူသော
အမည်နာမသည် ဦးမြင့်မိုရ်ရံဖန်ရံခါခေါ်တတ်သော
မဟာမြင့်မိုရ်၏အမည်ဖြစ်၏။''ဦးမြင့်မိုရ်က ဘယ်လိုလုပ်ပြီးဘယ်အချိန်ကတည်းက
ဒီနေရာမှာထိုင်နေတာလဲ"ဦးမြင့်မိုရ်သည် မဟာ၏စကားကြောင့်မျက်ခုံးနှစ်ဖက်
ပင့်တက်သွားလေသည်။အကြောင်းရင်းမှာ မဟာသည်
တစ်ခုခုအားစိတ်ခုလျှင်အဖိုးဖြစ်သူအား ဖိုးဖိုးအစား
နာမည်အား'ဦး'တပ်ခေါ်လေ့ရှိ၏။မျက်ခုံးပင့်ရသည့်
အကြောင်းအရင်းနောက်တစ်ခုလည်းရှိသေးသည်။
ထိုသည်မှာ အိမ်တော်၏နောက်ဖေးရောက်လျှင်ဖြင့်
ဗန်ဒါပင်သည်မြင်သာသော်လည်း မြေးငယ်သည်
မည်သည့်အရပ်သို့စိတ်ရောက်နေ၍ သူတို့လင်မယားအား
မမြင်ရသလဲ။ဒေါ်တင်နွဲ့ချိုသည်ပင် မျက်မှန်အားချွတ်ကာ
အခြေအနေအားစူးစမ်းလာ၏။