(Unicode)
''မြင့်မိုရ်အငယ်ဆုံးလေး အဲဒါဘယ်သွားမလို့လဲ"
အိမ်ခြံတံခါးအားဖွင့်နေသောမဟာ့လက်သည်ဆတ်ခနဲ
တုန်သွား၏။မဟာ့နံဘေးမှနွေနှောင်းသည်သာ
မလှုပ်မယှက်ငြိမ်သက်လျက်သား။မဟာ့၏လက်တစ်ဖက်
တွင်စကိတ်ဘုတ်အားကိုင်ထားကာ နွေနှောင်းသည်တော့
စက်ဘီးလက်ကိုင်အားလက်နှစ်ဖက်ဖြင့်တင်းတင်း
ဆုပ်ထားလေသည်။''ဖိုးဖိုး"
ဦးမြင့်မိုရ်သည် ခါးထောက်လျက်သားဖြင့်
ကလေးနှစ်ယောက်အား ခပ်တည်တည်ဖြင့်စိုက်ကြည့်
နေမိ၏။ခုနကလန့်သွားသောမဟာသည်သူ မဟုတ်သည့်
အတိုင်းဦးမြင့်မိုရ်အားစပ်ဖြီးဖြီးရယ်ပြလာသည်။''ပြောပါအုံး ဒါကဘယ်သွားမလို့လဲ"
''ခြံပြင်ခဏထွက်မလို့ ဖိုးဖိုး"
''ဘာလို့"
''စက်ဘီးနဲ့စကိတ်စီးမလို့"
ဦးမြင့်မိုရ်သည် မျက်ခုံးပင့်သွား၏။ကလေးနှစ်ယောက်သည်
ခြံစောင့်မောင်ထွန်း ခြံရှေ့မရှိသည့်အချိန်တွင်
ခြံတံခါးရှေ့ကုပ်ချောင်းချောင်းလုပ်နေသည်အား
အိမ်တော်အပေါက်ဝမှတဆင့် သူမြင်လိုက်ရခြင်းဖြစ်သည်။''လူကြီးတွေမပါဘဲ အိမ်ပြင်ထွက်တာ
ဖိုးဖိုးမကြိုက်ဘူးနော်"မည်သို့ပင် လူကုံထံရပ်ကွက်ဖြစ်၍လမ်းတွင်
လူရှင်းလှပါသည်ဆိုဆို၊ ကလေးနှစ်ယောက်တည်း
ခြံပြင်လွှတ်လိုက်ဖို့က အန္တရာယ်များလှပေသည်။
ထို့ကြောင့်ကလေးများအား ခြံပြင်ထွက်ခွင့်ပိတ်ပင်ထား
ခြင်းဖြစ်၏။ထိုကန့်သတ်ချက်အား မြေးအငယ်ဆုံးသည်
ချိုးဖောက်ရန်ပြင်နေ၍ ဦးမြင့်မိုရ်သည်မဟာမြင့်မိုရ်အား
တည်တည်ကြည်ကြည်မျက်နှာထားဖြင့်
စိုက်ကြည့်ပေးလိုက်သည်။''ဖိုးဖိုးကလည်း ဒီတစ်ခါလေးပဲကို"
လက်ညှိုးတစ်ချောင်းထောင်ကာ မဟာဆိုလိုက်၏။
''ဘာကိုဒီတစ်ခါတည်းပဲလဲ ပြီးတော့ဟိုကလေးမလေး"
စကားဝိုင်းသည်မိမိထံဦးတည်လာပြီဖြစ်၍
နွေနှောင်းကိုယ်လေးသည် မသိမသာတုန်သွား၏။
ဦးမြင့်မိုရ်သည် မြင့်မိုရ်စံအိမ်၏အိမ်ထောင်ဦးစီးဖြစ်၍
သူ၏သားသမီးများနှင့်ခြံရှိအလုပ်သမားအားလုံး
ဦးမြင့်မိုရ်အားရိုသေလေးစားကြပေသည်။