Part (12)

3.5K 154 21
                                    

(Unicode)

မြင့်မိုရ်စံအိမ်မှအသက်အငယ်ဆုံး သခင်လေးသည်
တစ်ယောက်တည်းအထီးကျန်စွာစကိတ်စီးနေလေ၏။
ကျောင်းပိတ်ရက်တွင် လမ်းထွက်ကာစက်ဘီးနှင့်စကိတ်
စီးမည်ဟုရည်ရွယ်ထားခဲ့ရာ နွေနှောင်းလိပ်ပြာသည် ကြီးကြီးမြနှင့်အတူစျေးလိုက်သွား၍ မဟာမြင့်မိုရ်သည်
စကိတ်အားစိတ်မပါလက်မပါဖြင့်စီးနေလေသည်။
ခဏအကြာမည်သို့မှစိတ်မပါတော့သဖြင့် စကိတ်ဘုတ်အား
လက်မောင်းကြားညှပ်ရင်း အနီးနားမှဒန်းဖြူလေးထက်
ဝင်ထိုင်လိုက်သည်။စိတ်အလိုမကျဖြစ်နေ၍
ချောမောသည့်မျက်နှာကျသည်မှုန်မှိုင်းလျက်ရှိပေရော့သည်။

ပိတ်ထားသည့်ခြံဝင်းတံခါးထံသို့ အကြည့်ခဏခဏ
ပို့မိပြန်သည်။လဝက်ရောက်သည်နှင့် မဟာနှင့်နွေနှောင်းသည်
အပျော်အပါးလျှော့ကာစာထဲမှာပဲအာရုံအပြည့်ထားရမည်
ဟု ဦးမြင့်မိုရ်နှင့်ဒေါ်တင်နွဲ့ချိုကသတ်မှတ်ထား၏။
မဟာတို့ထက်အရင် ရောင်နီ၊နဒီနှင့်နေခြည်တို့အလှည့်
တုန်းကလည်းထိုသို့စည်းကမ်းတင်းကျပ်ခဲ့ရသည်ပင်။

ထိုအခိုက် ခြံတံခါးဘက်မှဆိုင်ကယ်ဟွန်းတီးသံ
ကြားလိုက်ရ၏။ခြံစောင့်ဦးထွန်းသည် ပန်းပင်များအား
ရေလောင်းနေရာမှရပ်ကာ ခြံတံခါးသွားဖွင့်လေသည်။
ခြံအတွင်းဝင်လာသောဆိုင်ကယ်အမျိုးအစားသည်
Yamaha R6ဖြစ်၏။မောင်းနင်လာသည့်သူမှာ
helmetအနက်အားဆောင်းထားပြီး စတိုင်ပန်ဘောင်းဘီ
အနက်နှင့်ဂျင်းဂျာကင်အားဝတ်ဆင်ထားလေသည်။

Yamaha R6သည်ဂိုဒေါင်အတွင်းသို့
တိုက်ရိုက်မသွားဘဲ မြက်ခင်းစိမ်းအားကျော်ဖြတ်ကာ
ဒန်းဖြူလေးအထက်ထိုင်နေသော မဟာ့ရှေ့တွင်
ထိုးရပ်သွားလေသည်။ပြီးနောက် ဆိုင်ကယ်အားခွလျက်သား
ဖြင့်helmetအားဆွဲချွတ်လိုက်ရာ အထက်သို့ပင့်ကာ
စည်းနှောင်ထားသည့်အညိုရောင်ဆိုးထားသော
ဆံသားတွေသည်ဖွာလွင့်ကျဲသွားပြီးနောက် ချောမောလှပ
သည့်မျက်နှာလေးသည် ထွက်ပေါ်လာလေသည်။
ပြင်ဆင်ခြယ်သထားခြင်းမရှိသော်ငြား နှစ်ခါပြန်ငေး
ကြည့်ရလောက်အောင်ဆွဲဆောင်မှုရှိသော သူမသည်
မြင့်မိုရ်စံအိမ်၏တတိယမြောက်မြေးမလေး
'နေခြည်မြင့်မိုရ်'ဖြစ်လေသည်။

Mahar's ButterflyWhere stories live. Discover now