ရင်ဝှက်ရှိုက်သံ 22

419 8 0
                                        

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၂ )
***********************
" ဘုတ်"

           အဝတ်ခြင်းပြုတ်ကျသံမှာအနည်းငယ်ကျယ်သွားသောကြောင့်ထင်သည် တံခါးပိတ်ရန်ပြင်နေသောကျော်မင်းက တံခါးကိုပြန်ဖွင့်လိုက်သောကြောင့် ခင်ငြိမ်းဖြူဘာဆက်လုပ်ရမှန်းဘဲ အသားများ တဆတ်ဆတ်တုန်အောင် ကြောက်ရွံ့သွားမိလေသည်။ကျော်မင်းအခန်းပြင်သို့ထွက်လာသည်ကိုကြည့်ပြီး  လူမှာကြက်သေသေလျှက် ခြေထောက်များမှာ မရွှေ့လျားနိုင်ဘဲဖြစ်နေလေသည်။ထိုစဉ် မှာပင် သူမ၏နောက်ကျောမှနေ၍ တစ်စုံတစ်ယောက်က သူမ၏ကိုယ်လုံးကို ဆောင့်ဆွဲလိုက်ပြီး လက်ဝါးတစ်ဖက်က သူမ၏ပါးစပ်ပေါ်သို့ တင်းတင်းကြပ်ကြပ်ဖိလိုက်သောကြောင့် သွေးပျက်မတတ်ထိတ်လန့်တုန်လှုပ်မိသွားကာ ချုပ်နှောင်ထားသူကို လည်ပြန်ကြည့်လိုက်မိလေသည်။ထိုအခါ ချုပ်နှောင်ထားသူမှာ ခက်ထန်ဖြစ်နေသောကြောင့် ကြောက်ရွံ့အံ့ဩ စိတ်နှင့်ကြည့်နေမိလေသည်။ခက်ထန်က သူမလက်တွေကို ဆွဲချုပ်ကိုင်ထားသော သူ့လက်ကိုလွှတ်လိုက်ပြီးလျှင် နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်လျက် တိတ်တိတ်နေရန်အချက်ပြလေသည်။ထို့နောက် လက်တစ်ဖက်ကအဝတ်ခြင်းကိုကောက်ယူလိုက်ပြီး လက်တစ်ဖက်ကသူမကိုဆွဲကာ ခြေသံမထွက်အောင် ခပ်သွက်သွက်လျှောက်ခဲ့ကြလေသည်။ပြီးလျှင်  စင်္ကြန်လမ်းတစ်ခုသို့ကွေ့ဝင်လိုက်ပြီးနောက် အခန်းတစ်ခုထဲသို့ဝင်လိုက်လေသည်။ထိုအချိန်မှာပင် အခန်းပြင်မှခြေသံဖွဖွကိုကြားလိုက်ရသောကြောင့် ခင်ငြိမ်းဖြူကြောက်လွန်း၍ ခက်ထန်၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်မိလေသည်။ ခြေသံသည် သူမတို့ရောက်နေသောအခန်း၏ဘေးခန်းရှေ့တွင်ရပ်သွားပြီး တံခါးဖွင့်နေသံတိုးသဲ့သဲ့ကိုကြားနေရသည်။ပြီးနောက် ခြေသံကသူမတို့အခန်းရှေ့ဆီသို့ လျှောက်လာသံကို ကြားလိုက်ရသောကြောင့် သူမရင်တွေ တဒိန်းဒိန်းဆောင့်ခုန်သွားပြီးလျှင်ခက်ထန်၏အနားသို့ဖိကပ်၍တိုးလိုက်မိလေသည်။

        အသားများတဆတ်ဆတ် တုန်လျက် သူ့အနားသို့အတင်း တိုးကပ်နေသော ခင်ငြိမ်းဖြူကို ခက်ထန်အသာငဲ့ကြည့်လိုက်လျှင် သူမ၏ခန္ဓာကိုယ်မလှုပ်ရှားနိုင်တော့အောင် ခပ်တင်းတင်းချုပ်နှောင်ပြီးဖက်ထားလိုက်သည်။ထိုစဉ်မှာပင် အခန်းပြင်မှ စကားသံတိုးတိုးကို ကြားလိုက်ရသောကြောင့်
ခင်ငြိမ်းဖြူမလှုပ်ရဲဘဲ ခေါင်းကိုငုံကာငြိမ်သက်လျက် အသက်ပင်မရူဝံ့အောင်ဖြစ်နေမိလေသည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now