#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂၄)
***************************
လင်ယောက်ျားတစ်ယောက်ဖောက်ပြန်တယ်ဆိုတာ ဘာကြောင့်များလဲ။မိန်းမဖြစ်သူက အလှအပကင်းမဲ့နေလို့လား၊ ငွေကြေးချို့တဲ့နေလို့လား၊စိတ်ဒုက္ခပေးနေလို့လား။ကျွန်မတော့ ဒီလိုမထင်ဘူး။ ကျွန်မဆီမှာ လှပခြင်းတွေရှိသလို ငွေကြေးလဲရှိတယ်။သူနဲ့သူ့မိသားစုအပေါ်ထားတဲ့ မေတ္တာတွေလဲ အပြည့်ရှိတယ်။တိုက်လား၊ ကားလား၊ ငွေလား သူ့မှာမရှိတာဘာမှမရှိအောင်ဖြည့်စွမ်းပေးခဲ့တယ်။တကယ်တော့ လင်ယောကျာ်းတစ်ယောက်ဖောက်ပြန်ခြင်းမှာ ဘာအကြောင်းပြချက်မှမလိုပါဘူး ။ သူတို့ရဲ့ပင်ကိုယ်ဗီဇစိတ်မှာ ကိုယ်ချင်းစာတရားနဲ့ အရှက်တရားကင်းမဲ့ပြီး လူအသိစိတ်မရှိလို့ပဲပေါ့။ သူဖောက်ပြန်နေတာထက် သူနဲ့ဖောက်ပြန်နေတဲ့သူကိုသိလိုက်ရတဲ့အခါ ကျွန်မပိုပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့မိတယ်။သူတွဲနေတဲ့အမျိုးသမီးက လောင်းကစားဝိုင်းတွေမှာ အလုပ်လုပ်တဲ့ အသက် (၂၀) ကျော်အရွယ်မိန်းခလေးပါ။တစ်ဖက်မိန်းခလေးကို ကျွန်မ ဘာမှမပြောချင်တော့ပါဘူး။အသက်ငယ်ငယ်ရုပ်ရည်ကြည့်ကောင်းပြီးငွေပေါပေါသုံးနိုင်တဲ့ယောကျာ်းတစ်ယောက်က သူ့နားရောက်လာတာကို ဘယ်ငြင်းပါ့မလဲ။ သူတို့လို မိန်းခလေးတွေက ငွေသာအဓိကဖြစ်ပြီး အိမ်ထောင်ရှိတာတွေ၊မရှိတာတွေကို ထည့်တွေးနေတဲ့လူစားမျိုးတွေမဟုတ်ဘူးလေ။ ဒီလိုမိန်းခလေးမျိုးနဲ့ရိုးအေးပြီး မိန်းမကိုချစ်လှပါတယ်ဆိုတဲ့ကျွန်မရဲ့ယောက်ျားကို တွေ့ဆုံအောင်ဖန်တီးခဲ့သူကလဲ တခြားသူမဟုတ်ဘဲ သူ့အဖေကိုယ်တိုင်ဖြစ်နေခဲ့တာလေ။လောင်းကစားဝိုင်းတွေသွားပြီး ပြသာနာမျိုးစုံရှာတတ်တဲ့ ကျွန်မယောက္ခထီးကြီး ။ပြဿနာကြီးလို့ မရှင်းနိုင်တော့ရင် သားဖြစ်သူဆီကို သူ့ပြဿနာကိုထိုးအပ်လိုက်တော့တာပဲ။ ရိုးအလှပါတယ်ဆိုတဲ့ ကျွန်မယောက်ျားကလဲ လုပ်ငန်းတစ်ခုသာ အောင်မြင်အောင်မလုပ်နိုင်ခဲ့ပေမဲ့ သူ့အဖေရဲ့ပြဿနာပေါင်းစုံကိုတော့ ရှင်းပေးနိုင်တယ်လေ။ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေမှာ ကျင်လည်နေတဲ့ အေမီမျိုးဆိုတဲ့ မိန်းခလေးနဲ့ကျွန်မယောက်ျားငြိသွားခဲ့တယ်ထင်ပါရဲ့ ။ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ကျွန်မယောက္ခထီးကြီး သိတာလား၊ မသိတာလားမသိပေမဲ့ သူတို့အကြောင်းကိုကျွန်မသိချိန်မှာ သူတို့အခြေအနေက လွန်လွန်ကျူးကျူးအဆင့်ကိုရောက်နေပြီလေ။ထွန်းနိုင်ဦးဆိုတဲ့ ကျွန်မယောက်ျားက ကျွန်မနဲ့ကျွန်မမိဘတွေရှာထားတဲ့ ပိုက်ဆံတွေနဲ့ သူ့မိသားစုကိုထောက်ပံ့လို့အားမရလို့ မယားငယ်ကိုပါ တိုက်ခန်းငှါးပေးပြီးထောက်ပံ့ပေးနေတာလို့ သတင်းရခဲ့တယ်။ ကျွန်မသူ့ကိုအပြည့်အဝ ယုံကြည်ပြီးချစ်ပေးခဲ့တာပါ။ သူ့မိသားစုက ဘယ်လောက်ဆိုးဆိုး သူ့ကကတော့ ကျွန်မကိုချစ်ခဲ့တယ်လို့ ယုံကြည်ခဲ့မိတာ။ သူ့မှာ မိသားစုရဲ့ငွေကြေးပြဿနာပဲရှိတယ်လို့ထင်ပြီး အသနားပိုခဲ့မိသေးတာ။တစ်လောကလုံး ဘယ်သူတွေသစ္စာမဲ့မဲ့ သူကတော့ သစ္စာမဲ့မှာမဟုတ်ဘူးလို့ ထင်ခဲ့မိတာ။ သူ့ရဲ့အတွင်းစိတ်ကိုသိလိုက်ရချိန်မှာ ကျွန်မနောက်ကျသွားခဲ့ပြီ။သူက ကျွန်မနောက်ကျောကို Xနဲ့ ထိုးရုံတင်မဟုတ်ဘဲ ရင်ဝတည့်တည့်ကိုပါထိုးစိုက်ဖို့ ချိန်ရွယ်ထားပြီးသားလေ။ဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့အတွက် ကျွန်မအချိန်အတော်ကြာစဉ်းစားခဲ့ရတယ်၊၊သူ့ရဲ့ဖောက်ပြန်နေတဲ့အကြောင်းတွေကိုမသိချင်ယောင်ဆောင်ပြီး သူ့ရဲ့ဟန်ဆောင်လိမ်ညာထားတဲ့ပုံစံကို သည်းခံခဲ့တယ်။ဒီအိမ်ထောင်ရေးကို ရပ်တန့်ပစ်လိုက်နိုင်ဖို့အတွက် လိုအပ်သမျှ အစစအရာရာပြင်ဆင်ခဲ့တယ်။စိတ်ရှိတိုင်းသာဆိုရင် သူရောသူ့အဖေနဲ့ တစ်ဖက်မိန်းခလေးကိုပါ မပြန်လမ်းကိုပို့ပစ်လိုက်ချင်ပေးမဲ့ သားလေးရဲ့ ရှေ့ရေးအတွက်အရာရာကို သည်းခံမျိုသိပ်ခဲ့တယ်။ကျွန်မတို့ရဲ့လမ်းခွဲခြင်းမှာ ကျွန်မရဲ့ စည်းစိမ်ဥစ္စာတွေ သူ့ဆီကို အနည်းငယ်လေးတောင်ရောက်မသွားဖို့ ကျွန်မတိတ်တဆိတ်ကြိုးစားနေခဲ့တယ်။တွေးကြည့်ရင် လောကကြီးကမတရားဘူး။ဖောက်ပြန်နေတဲ့ယောကျာ်းကိုကွာရှင်းနိုင်ဖို့အတွက် သူတို့တွေအတူနေတဲ့သက်သေကိုရှာရအုံးမယ်တဲ့လေ။
~~~~~~~~~~~~~~~~~~~~~~
ကံကြမ္မာကကျွန်မအပေါ် သိပ်ရက်စက်လွန်းခဲ့တယ်။သိပ်ကိုကျန်းမာသန်စွမ်းတဲ့ကျွန်မမှာနှလုံးရောဂါဖြစ်ပွားနေပြီတဲ့လေ။ဆရာဝန်မှာလိုက်တဲ့အိပ်ရေး၀အောင်အိပ်ပါ၊စိတ်ချမ်းသာအောင်နေပါဆိုတဲ့ စကားတွေကို လိုက်နာဖို့က ကျွန်မအတွက်သိပ်ကိုခက်ခဲလွန်းခဲ့တယ်လေ။ ဘယ်သူ့အတွက်မှဘာကြောင့်မှ မပူပင်မိရင်တောင် ကျွန်မသားလေးရဲ့ ရှေ့ရေးကိုတွေးပြီး အိပ်မပျော်နိုင်တဲ့ညတွေများလာခဲ့တယ်။စည်းစိမ်ဥစ္စာတွေမရှိဘဲ ကျွန်မသားလေးဒီအတိုင်းကျန်ခဲ့မယ်ဆိုရင်တောင် ကျွန်မသိပ်ပြီးပူပန်မိမှာမဟုတ်ဘူး။ ကျွန်မမှာယုံကြည်အားကိုးလို့ရတဲ့ ဦးလေးအရင်းခေါက်ခေါက်ရှိတယ်လေ။တကယ်လို့များမတော်တဆ ကျွန်မတစ်ခုခုဖြစ်ခဲ့ရင် စည်းစိမ်းဥစ္စာအပြည့်နဲ့ကျန်ခဲ့မဲ့ သားလေးအတွက်စိတ်မချနိုင်ဖြစ်နေမိတယ်။ကျွန်မထားခဲ့တဲ့စည်းစိမ်တွေကပဲ ကျွန်မသားလေးရဲ့အသက်ကိုအန္တရာယ်ဖြစ်စေမှာကို သိပ်ပြီးစိုးရိမ်မိတယ်။အဘိုးဝမ်းကွဲဟာ အဖေ့အရင်းကိုကျော်ပြီး ကလေးထိန်းသိမ်းခွင့်မရှိဘူးဆိုတာလဲကျွန်မသိပါတယ်။သားလေးအတွက် ကျွန်မဘာတွေလုပ်ရမလဲရှင်။
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Детектив / Триллер#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...