#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၅ )
***********************"ဒါနဲ့ ပြောင်းလာမှာက ..ညည်းယောင်းမမိသားစုရောပါတယ် မဟုတ်လား...သူတို့မှာလဲ ကလေးတစ်ယောက်ပါတယ်ဆို....အိမ်ကရူးကြောင်ကြောင်ဟာလေးနဲ့ တောင်စိတ်ညစ်စိတ်ရှုပ်နေရတာ ...နောက်တစ်ယောက်ထပ်တိုးရင်တာ့.... ငါပါရူးမယ် မိအေမီရေ "
ဒေါ်နီလာမျိုး၏ မကျေမနပ်စကားသံအဆုံးတွင် အေမီ မျိုးက ဆိုဖာကိုခပ်လျောလျော မီထိုင်နေရာမှ မတ်မတ်ပြင်ထိုင်လိုက်ပြီး မိခင်ကိုကြည့်လိုက်သည်။
"အမေရယ် ..ဘာတွေများ စိတ်ပူနေတာလဲ ...ဒီလောက်ကျယ်တဲ့အိမ်ကြီးထဲမှာ အေးရာအေးကြောင်းနေစမ်းပါ ... အမေနေတဲ့အထပ်ကို ဘယ်သူမှ ရောက်မလာစေရပါဘူး ..."
"ညည်းပိုင်ရင်လဲ ပြီးတာပဲလေ .... ငါက သူများအပြောမခံဘူးဆိုတာ သမီးသိပါတယ် "
~~~~~~~~~~~~~~~~~~~
"အမေတို့က ဒုတိယထပ်မှာ မနေရဘူးလား ငါ့သားရဲ့...ပထမထပ်မှာ မနေချင်ပါဘူး ....မြမိုးသက်က ပထမထပ်မှာဆုံးသွားတာမဟုတ်လား ....ဖိုးချမ်းမြင်နေတယ်ပြောတာလဲ ပထမထပ်မှာမဟုတ်လား ""ဟာ ..မဟုတ်တာအမေရယ်....အမေ့မြေးက ဘာဖြစ်နေလဲဆိုတာကို အမေလဲသိရဲ့သားနဲ့ ဗျာ .. အဖေကရော ဘယ်လိုလဲ ...ပထမထပ်မှာမနေချင်ဘူးလား ... ပြီးတော့ ပထမထပ်မှာ အခန်းတွေအများကြီးရှိနေတာပဲ ...သူဆုံးခဲ့တဲ့အခန်းကလဲ အနောက်ဘက်ဆောင်မှာ သီးသန့် ရှိနေတာပဲဟာ "
"အဖေကတော့ အေးဆေးပဲ သားရေ ... ဘယ်မှာနေရနေရ အောက်ကျနောက်ကျလက်ဖြန့် မတောင်းရရင်ပြီးတာပဲ ..မင်းအမေနဲ့ မင်းညီမသာအဓိက "
ဖခင်ဖြစ်သူဦးဘဦးက ဆင်ဝှေ့ရန်ရှောင်ပြောလိုက်ရင်း အပြင်ထွက်ဖို့ပြင်လိုက်သည်။
ကိုထွန်းနိုင်ဦးမှာ သက်ပြင်းကိုမသိမသာချလိုက်ရင်း မိခင်ကို ကြည့်လိုက်သည်။မိခင်ဖြစ်သူ ဒေါ်စန်းစန်းရီမှာအထည်ကြီးပျက်ဘ၀မျိုးမှ ဆင်းသက်လာရသူဖြစ်သောကြောင့် စကားပြော မောက်မာသည်။မာနကြီးသည်။အသုံးအစွဲကြီးသည်။ထို့အတူ ညီမငယ်ဖြစ်သူမှာလဲ မိခင်ဖြစ်သူနှင့်စိတ်နေစိတ်ထားတူလှသည်။ တကယ်ဆိုလျှင် ညီမငယ်၏မိသားစုကိုလဲ ပထမဇနီးဖြစ်သူ မြမိုးသက်ရှိစဉ်ကပင် ကိုထွန်းနိုင်ဦးတို့ကပဲ ပေးကမ်းကြည့်ရှုခဲ့ရသည်။ညီမငယ်၏ ယောကျာ်း၊ယောက်ဖဖြစ်သူက ပွဲစားယောင်ယောင်ဘာယောင်ယောင်နှင့်ရသည့်၀င်ငွေထက် လျော်ရသည့်ငွေကပိုများသည်။ထိုသို့ ငွေကြေးအရှုပ်အရှင်းများကိုလဲ မိန်းမ မသိအောင်ဖုံးကွယ်ပြီး ဖြေရှင်းပေးခဲ့တာများရှိသကဲ့သို့ မိန်းမသိအောင်ပြောပြပြီး အကူအညီတောင်းခဲ့တာများလည်းရှိသည်။မည်သို့ပင်ဖြစ်စေ မိသားစု၏တာဝန်များသည် ထိုစဉ်အချိန်ကရော ယခုအချိန်အထိပါ ကိုထွန်းနိုင်ဦး၏ တာဝန်များသာဖြစ်လေသည်။
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Gizem / Gerilim#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...