ရင်ဝှက်ရှိုက်သံ 3

307 8 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
     အပိုင်း (၃ )
***************************
         ပြေးနေသောအရှိန်ကို ရပ်တန့်ဖို့ကြိုးစားလိုက်သော် လည်း ဖိုးချမ်းအရှိန်ကိုမထိန်းနိုင်တော့ပါချေ။သူသိလိုက်သည်မှာ ခြေဖဝါးနှစ်ဖက်လုံးလေဟာနယ်ကိုသာနင်းမိသွားပြီး ရင်ထဲမှာဟာခနဲအေးခနဲ ခံစားလိုက်ရပြီး နောက်ဆုံးလက်ကျန်ခွန်အားဖြင့် သံကုန်ဟစ်၍ အော်လိုက်မိသည်။

" အား "
            ကြောက်လန့်တကြားအော်ဟစ်ရင်း သွေးရူးသွေးတန်းဖြင့် မီရာကိုလှမ်းဆွဲလိုက်မိသည်။

~~~~~~~~~~~~~~~~~~~~~
" ကိုကို .. ကိုကိုထပါအုံး ..အော်သံကြားလိုက်မိသလိုပဲ  "
 
        အေမီမျိုးသည် ယောကျာ်းဖြစ်သူကို အလန့်တကြားနှင့်လှုပ်နှိုးလိုက်လေသည်။

"ဘာ ..ဘာဖြစ်တာလဲမျိုး ...ဘာဖြစ်လို့လဲ "

         ကိုထွန်းနိုင်ဦးမှာ အိပ်ချင်မူးတူးနှင့်ဇနီးဖြစ်သူကို အထိတ်တလန့် မေးလိုက်လေသည်။

" မျိုးနားထဲမှာ အော်သံတစ်ခုခုကြားလိုက်တယ်ကိုကို ... အပြင်ထွက်ကြည့်ရအောင် "

        အေမီမျိုးသည် ပြောပြောဆိုဆိုနှင့်အခန်းတံခါးကိုဖွင့်ကာ အပြင်သို့ထွက်လိုက်လေသည်။ကိုထွန်းနိုင်ဦးသည်လည်း ဇနီးဖြစ်သူအေမီမျိုး၏ နောက်မှလိုက်ခဲ့လေသည်။

~~~~~~~~~~~~~~~~~~
" အမယ်လေးကိုကိုရေ ...သား...သားလေးဖိုးချမ်း...လုပ်ပါအုံးကြည့်ပါအုံး "

    အေမီမျိုးမှာလှေကားထိပ်သို့ ဦးစွာရောက်ရှိခဲ့ပြီးနောက်  လှေကားရင်းတွင်လဲကျနေသော ဖိုးချမ်းလေးကိုကြည့်ပြီး အထိတ်တလန့်အော်ဟစ်လိုက်လေသည်။

      စူးရှကျယ်လှောင်လှသော အော်သံကြောင့် အသံလာရာလှေကားထိပ်ဆီသို့ ဖိုးချမ်းလှမ်းကြည့်လိုက်မိလေသည်။ထိုအခါလှေကားထိပ်မှ သူ့ကို လှမ်းကြည့်နေသော မိထွေးဖြစ်သူကိုတွေ့လိုက်ရလေသည်။မိထွေးဖြစ်သူ၏မျက်နှာကို ဖိုးချမ်းငေးစိုက်၍ အတန်ကြာအောင်ကြည့်နေမိသည်။

"စိတ်ကိုငြိမ်ငြိမ်ထားမျိုး ... လှေကားထစ်တွေနဲ့ အောက်ခြေကို မွှေးပွကောဇောတွေနဲ့ သေချာလေး လုပ်ပေးထားတာပါ ... သူ့အမေက သူ့သားအကြောင်းသိလို့ သေချာလေး လုပ်ပေးထားတာ...ဘာမှမဖြစ် လောက်ပါဘူး "
      ကိုထွန်းနိုင်ဦးက တုန်လှုပ်ချောက်ချားနေသောဇနီးဖြစ်သူကို နှစ်သိမ့်ပေးလိုက်ပြီး လှေကားခြေရင်းသို့ အပြေးဆင်းသွားလိုက်သည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now