Chapter 48

432 82 1
                                    

Unicode

တစ်ချိန်တည်းမှာပင် မုမုသည်လည်း တူညီသောအချက်ကို သတိပြုမိသွားပြီး စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ ကုပိုင်၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး  နောက်ကလိုက်နေသည့်သူတွေ ဘာဖြစ်သွားမှန်းမသိခင် ထွက်ပြေးရန် ဆွဲခေါ်သွားတော့သည်။ အချိုးအကွေ့အနည်းငယ်လောက်အထိ သူတို့ပြေးသွားကြသည်။ အတော်မြန်သည့်အတွက် အဆုံးတွင်တော့ သူတို့ကို ဖယ်ရှားနိုင်ခဲ့သည်။

"ဟူး... ခင်ဗျားမပြေးခင် အနည်းဆုံး ကျွန်တော့်ကိုတော့ အသိပေးသင့်တယ်မလား" ကုပိုင် ရင်ဘတ်အောင့်နေသလို နှလုံးကလည်း ပြင်းပြင်းထန်ထန်ခုန်နေ၏။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် မလုပ်တာ အတော်ကြာပြီဆိုတော့ အဆင်သိပ်မပြေနေချေ။

"တောင်းပန်ပါတယ်" မုမုက ရိုးရိုးသားသား တောင်းပန်လာသည်။

ကုပိုင် မုမုကိုကြည့်လိုက်ပြီး "ခင်ဗျား ဘာလို့ ရုတ်တရက်ထပြေးတာလဲ"

မုမုက "သူတို့တွေ မင်းနောက်ကို တစ်ချိန်လုံး လိုက်မနေစေချင်လို့”

"ဘာလို့လဲ?" ကုပိုင်က ဆက်မေးသည်။

"ဘာလို့လဲဆိုတော့..."

" ထားလိုက်တော့ သွားကြရအောင်လေ" ကုပိုင်ပြုံးပြီး ပြောလိုက်သည်။

မုမုကိုစသိကတည်းက သူသည် အမြဲလိုလိုငြိမ်သက်တိတ်ဆိတ်နေလေ့ရှိသော်ငြား ကုပိုင် သူ့ကို ဘယ်တုန်းကမှ လျစ်လျူမရှုခဲ့ချေ။ သူနှင့်အတူရှိပေးရတာကလည်း ကောင်းသည်ပင်။

နောက်ဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုသည် အချိန်အကန့်အသတ်ရှိပြီး ကင်မရာများလည်းရှိသည့်အတွက်ကြောင့် ကုပိုင် တောနက်ထဲသို့သွားရန် အခွင့်အရေးမရှိခဲ့ပေ။ ယနေ့တွင်တော့ နောက်ထပ်ပါဝင်ပစ္စည်းများ ရှာတွေ့နိုင်ရန်မျှော်လင့်ပြီး ပိုမိုနက်ရှိုင်းသောနေရာအထိ သွားရန်ဆုံးဖြတ်ထားသည်။

သစ်တောသည် သဘာဝတရား၏ အကြီးမားဆုံးလက်ဆောင်ဖြစ်ရန် ထိုက်တန်လှသည်။ မြင့်မားသောသစ်ပင်များ၊ မြက်ခင်းစိမ်းစိမ်းများနှင့် ရောင်စုံပန်းပွင့်များကို သူမြင်ရသည်။ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းများသည် သူတို့၏ မျက်လုံးများကို နှုတ်ဆက်နေလေသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now