Unicode
Chapter 16 ပိုက်ဆံရှာခြင်း
ချက်ပြုတ်ပြီး အစားအသောက်ရောင်းသည့် အလုပ်များလှသည့်နေ့တစ်နေ့ပြီးနောက် ဝင်ငွေကောင်းနေလျှင်ပင် ကုပိုင်သည် မောပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် မနက်ခင်းတွင်သာ ဆိုင်ဖွင့်ပြီး ကျန်အချိန်များကို သူ့ဘာသာသူ ပျော်ရွှင်စွာကုန်ဆုံးရန် ဆုံးဖြတ်ထားသည်။
အနားယူရန် အချိန်လုံလောက်သွားသော်ငြား သူ့၀င်ငွေက ထက်ဝက်ခန့် လျော့ကျသွားသောကြောင့် ဒါက သူ့ကို ခံစားချက်မကောင်းဖြစ်စေ၏။
အစစ်အမှန်လက်တွေ့ကမ္ဘာရှိ မျိုးစေ့စျေးနှုန်းသည် သစ်သီးများနှင့်အစားအစာများထက် များစွာဈေးသက်သာကြောင်း သူတွေ့ရှိခဲ့သည်။ သို့သော်လည်း သူ ၎င်းတို့ကို ယခုထိ ၀ယ်ယူရန်မတတ်နိုင်သေးပေ။
ထို့အပြင် သူရှိနေသည့်ဂြိုလ်သည် ဗဟိုကြယ်နှင့် အခြားသောဂြိုလ်များနှင့်ဝေးကွာလှပြီး Cerngon အင်ပါယာအစွန်အဖျားတွင် ရှိနေသည်။ ထို့ကြောင့် ထိုမျိုးစေ့များကို သူနေသည့်ဂြိုလ်သို့ ပို့ဆောင်စေလိုပါက အမြန်ပို့ဆောင်ကြေးသည် အတော်လေးစျေးကြီးလိမ့်မည်ဖြစ်သည်။
"အင်း... ကောက်ရိုးမပါဘဲ အုတ်ခဲလုပ်လို့မရဘူး။ ပိုက်ဆံပိုရှာနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေကိုသိရင် အကောင်းဆုံးဖြစ်လိမ့်မယ်" ကုပိုင် သက်ပြင်းမချမိဘဲမနေနိုင်ခဲ့ပေ။
တကယ်တော့ သူ ဟင်းပွဲတစ်ပွဲချင်းစီ၏စျေးနှုန်းကို မြှင့်လို့ရပြီး နှစ်ဆပင်ထပ်မြင့်၍ရသေး၏။၎င်းက အခြားစားသောက်ဆိုင်များရှိ ဟင်းပွဲများထက် စျေးသက်သာနေသေးဦးမည်ဖြစ်သော်လည်း ထိုသို့ပြုလုပ်ရန် သူ့ကိုယ်သူမစည်းရုံးနိုင်သေးချေ။
ဤကမ္ဘာပေါ်တွင် အရသာရှိသောဟင်းလျာများ ရှားပါးလာသဖြင့် ဒါက ၎င်းတို့ကို စျေးနှုန်းကြီးမြင့်လာစေကြောင်း သူသိသည်။
သို့သော် အရသာရှိသောအစားအစာများကို လူတို့ပျော်ရွှင်စွာ စားသောက်ရန်အတွက် ဖန်တီးထားသည်ဟုလည်း သူယုံကြည်၏။ လူနည်းစုကသာ ၎င်းတို့ကိုပျော်ရွှင်စွာ စားသောက်နိုင်ပါက သဘာဝကို ဆန့်ကျင်နေတာပင်။
