Chapter 49

1K 171 2
                                    

Unicode

ကုပိုင် အံ့ဩသွားသည်။

မုမုက သူ့အရပ်အမြင့်ကို လာလှောင်နေတာလား။ ကုပိုင်သည် အရပ် 1.8 မီတာရှိသော်လည်း ရှန်ပိုင်ကတော့ သူနှင့်မျက်နှာပုံစံချင်းတူပြီး 1.78မီတာသာရှိ၏။
နှစ်စင်တီမီတာသာ ကွာဟချက်ရှိသည့်အတွက် အခြားသူများ သတိမထားမိနိုင်သော်လည်း အခြားသူများကို သူ့အရပ်ပြောပြသည့်အချိန်တွင်တော့ ခံစားချက်ကွဲပြားလေသည်။

"မေ့လိုက်ပါတော့ ဒီမှာပဲနေလိုက် ကျွန်တော်အပင်ပေါ်တက်လိုက်မယ်..." ကုပိုင်၏အသံမဆုံးသွားခင် သူ့ရှေ့မှာ အလင်းတန်းတစ်ခု ဖျတ်ခနဲဖြစ်သွားသည်။ ထို့နောက် မုမု သစ်ပင်ပေါ်သို့ ကျွမ်းကျင်စွာတက်သွားသည်ကို သူမြင်လိုက်ရ၏။
သူက လျင်မြန်ပြီး သူ့လှုပ်ရှားမှုများကလည်း ပရော်ဖက်ရှင်နယ်ကျစွာ လေ့ကျင့်ထားသကဲ့သို့ ချောမွေ့နေသည်။

"မုမု ခင်ဗျားသစ်ပင်တက်တတ်မယ်လို့ မထင်ထားမိဘူး ညာဘက်မှာ သရက်သီးတစ်လုံးရှိတယ် ဟုတ်တယ် ဟုတ်တယ် ခင်ဗျားရဲ့အ‌ပေါ်မှာလည်း သရက်သီးနှစ်လုံးရှိတယ်..."

မုမု သစ်ပင်ပေါ်တက်သွားတော့ ကုပိုင်က သစ်ပင်တက်ဖို့ စိတ်မ၀င်စားတော့ဘဲ သစ်ပင်အောက်မှသာ သူ့ကိုညွှန်ကြားနေတော့သည်။

သူတို့က သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ခဏကြာတော့ မုမုက ရုတ်တရက်ရပ်သွားပြီး လေးနက်သည့်မျက်နှာနှင့် အဝေးတစ်နေရာကို ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ မုမု" ကုပိုင် ထူးဆန်းသွားသည်။
"တစ်ခုခုလာနေတယ် သတိထား!" မုမု၏အမူအရာပြောင်းသွားပြီး သူ သစ်ပင်ပေါ်မှခုန်ဆင်းလာကာ သူတို့ထံသို့ ရောက်ရှိလာသော အရာအား ကန်ထုတ်လိုက်သည်။

လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းကြောင့် ကုပိုင် ခဏတာမျှပင် မတုံ့ပြန်နိုင်ခဲ့ပေ။ ခဏအကြာတွင်တော့ သားရဲတစ်ကောင် သူတို့ထံချဉ်းကပ်လာတာဖြစ်မှန်း သူသိလိုက်ရသည်။

မုမုက သားရဲနှင့် စတင်တိုက်ခိုက်နေပြီဖြစ်ပြီး ကုပိုင်သည် သတိမမူဖြစ်ရလားဟု သူ့ကိုယ်သူအပြစ်တင်ရန် အချိန်မရှိနေပေ။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now