Unicode
" နှောင်းရိပ်ငြိမ် "
စာရေးနေရင်းမှ ခေါ်သံကြားတာကြောင့် နှောင်းလှည့်ကြည့်မိလိုက်သည်။ ရိုးရိုး တီရှပ်နှင့် ဒူးဖုံးဘောင်းဘီအတိုကို ဝတ်ထားသည့်သူဟာ ကြည့်ကောင်းနေပြန်သည်။ ဒီနေ့တော့ သူနားသည်ထင်သည် တစ်မနက်လုံး အိမ်မှာပဲရှိနေကာ အခန်းထဲမှ ထွက်မလာ အခုမှ ထွက်လာသည်လေ။
" ပြောစရာရှိလို့လား "
အနည်းငယ် ခပ်ပြတ်ပြတ်ဆန်တဲ့ လေသံမျိုးဖြစ်နေလောက်ပေမဲ့ သူကတော့ ဒါကို တရေးတယူဖြစ်နေမှာမဟုတ်တာကိုသိသည်။ နောက်ပြီး သူနဲ့ နှောင်းကလည်း လက်ထပ်ထားတဲ့ ဆက်ဆံရေးသာဆိုပေမဲ့ သိပ်ရင်းနှီးသေးတာမဟုတ်။ အတူတူနေတာမှ တစ်ပတ်တောင် မပြည့်သေးပေ။
" မဟာမြတ်မုနိကို သွားချင်တာ လိုက်ပို့နိုင်မလား။ ကျွန်တော် လမ်းမကျွမ်းသေးလို့လေ "
သူ့စကားကြောင့် နာရီကို ကြည့်မိလိုက်သည်။
၁၁နာရီကို ညွှန်ပြနေသည်ကြောင့် အနည်းငယ်တော့ ခေါင်းကုတ်ရသည်။ နှောင်းတို့အိမ်ကနေသွားရင် မိနစ်၂၀လောက် မောင်းရသည်။ ပြင်ဆင်ဦးမှာနဲ့ ရောက်ရင် အပူဆုံးအချိန်ဖြစ်တဲ့ ၁၂ခွဲ ၁ချက်။ ဒီလူကတော့ သွားချင်ရင်လည်း စောစောပြောပါရောလား။" အဆင်မပြေလို့လား "
တွေဝေနေသည့် ကျွန်မကို ကြည့်ရင်း မေးလာသည့် သူ့ကြောင့် ခေါင်းခါပြလိုက်သည်။
" ပြေပါတယ်။ သွားဖို့ ပြင်ဆင်လိုက်တော့လေ။ ဒီထပ်နောက်ကျရင် နေသိပ်ပူတယ် "
" အင်း "
ခပ်တိုတိုသာ တုန့်ပြန်ရင်း အခန်းထဲသို့ ပြန်ဝင်သွားသည့် သူ။ နှောင်းလည်းပဲ ရေးလက်စကို save လိုက်ရင်း အဝတ်လဲဖို့ပြင်လိုက်ရသည်။ ပုံမှန်အပြင်ထွက်ရင်လည်း မြန်မာဝတ်စုံ ဝတ်နေကျမလို့ နှောင်းအတွက်တော့ အထွေအထူး ပြင်ဆင်စရာရှိမနေ။
ကြက်သွေးရောင် ဝမ်းဆက်ကို ထုတ်ကာ ဝတ်လိုက်ပြီး ထုံးစံတိုင်း ဆံနွယ်များကို တစ်ဝက်သာ စည်းနှောင်ကာ မိတ်ကပ်အနည်းငယ် ပြင်လိုက်သည်။ပြင်ဆင်ပြီးတော့ ဖုန်းနှင့် ပိုက်ဆံအိတ်ကို ယူလိုက်ပြီးနောက် ရေမွှေးအနည်းငယ်လည်း စွတ်လိုက်သည်။ အခန်းတံခါးကို သေချာပိတ်ပြီး အပြင်ကိုထွက်လာတော့ သူက ဧည့်ခန်းထဲမှာ ထိုင်စောင့်နေပြီဖြစ်သည်။ နှောင်းပဲ ပြင်ဆင်တာ အဲ့သည်လောက်ကြာသွားသလား သူကပဲ မြန်လွန်းနေသလားတော့ မပြောတတ်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....