- Chapter 15 -

2.1K 192 10
                                    

Unicode

စောရဲ့ စကားတွေဟာ နှောင်းရဲ့ စိတ်ထဲတွင် တဝဲလည်လည်ရှိနေသည်။ အသိမခံတဲ့ လျှို့ဝှက်ချက်ဟာ ဘာများလဲဆိုတာကိုလည်း သိချင်စိတ်ဖြစ်မိသည်။ သို့သော် နှောင်း မမေးပါ။ စော ဖွင့်ပြောဖို့ အဆင်သင့် မဖြစ်သေးတာမလို့ မပြောတာ မဟုတ်ပါလား။ နှောင်းအနေနဲ့ အတင်းအကြပ် မေးလို့ မဖြစ်ပါလေ။ ဘယ်လိုပဲ လက်ထပ်ထားပါသည်ဟု ပြောပြော ‌လူတစ်ယောက်ရဲ့ privacy ကို လေးစားရမည် မဟုတ်ပါလား။

ကားကိုသာ အာရုံစိုက်မောင်းနေတဲ့ စောကို ကြည့်ရင်း အတွေးများနေသူ နှောင်းရယ်လေ။ ပုဂံကို သွားမည်ဟု ပြောပြီး နောက်ရက်မှာတင် ကောက်ခါငင်ခါ ထသွားမယ်လို့ မထင်ပေမဲ့ တကယ်သွားတော့လည်း နှောင်း ဘာကိုမှ အထွန့်မတက်ဘဲ လိုက်လာခဲ့သည်။
နိုးနိုးကို ဝင်ခေါ်တုန်းကတော့ စောစော ကြိုမပြောလို့ဆိုပြီး ပွစိပွစိလုပ်တာ ခံလိုက်ရသေးသည်။

အခုများတော့ အနောက်ခန်းထဲ နားကြပ်ကြီးတပ်လို့ ဂိမ်းထိုင်ဆော့နေလေရဲ့။ အစ်မဖြစ်သူကို စကားလေးတောင် ပြောဖော်မရ။ ဘေးက လူဆိုသည်မှာလည်း ကားကိုသာ အာရုံစိုက် မောင်းနေသည်လေ။ ကြာတော့ အနည်းငယ် ပျင်းစရှိလာသည်မလို့ ဘေးဘီကိုသာ ငေးလိုက်မိသည်။ ‌

ကားပြတင်းကို ဖွင့်လိုက်တော့ တိုးဝင်လာသည့် လေနုအေးများ။ မိုးရာသီ နှောင်းပိုင်း ဖြစ်တာမလို့ ရာသီဥတုက ခပ်မှိုင်းမှိုင်းရယ်သာ။ ပုဂံဟာ မိုးရာသီကာလဆို သိပ်လှသတဲ့။ နွေဆိုရင်လည်း အညာနွေပီပီ ခြောက်သွေ့သွေ့နဲ့ လွမ်းစရာကောင်းတာပဲ။ ဆောင်းရာသီဆိုရင်လည်း တစ်မျိုးလှသည်လေ။ ရာသီတွေ ဘယ်လောက်ပြောင်းပြောင်း လှသည့်ဒေသကတော့ လှစဲပါပဲ။

နှောင်း အရင်တစ်ခါရောက်တုန်းက နွေကာလကြီး။ ပူပြင်းလှပြီး ဖုန်တထောင်းထောင်းဆိုပေမဲ့ အဲ့လိုဖြစ်နေသည်ကိုက အညာနွေရဲ့ ပြယုဂ်တစ်ခုပေကိုး။ အခုတစ်ခါတော့ မှိုင်းညို့ဆိုင်းတဲ့ မိုးနှောင်းရာသီမှာ ရောက်ခဲ့ပြန်ပေါ့။ ဒီတစ်ကြိမ်တော့ တစ်ယောက်တည်းမဟုတ်။ သဘောကျရသည့် ကျွန်မရဲ့ ပင်လယ်ပြာလေးကလည်း လိုက်ပါလာသည်။ အွန်း.... တကယ်တော့ ပင်လယ်ပြာလေးက ကျွန်မကို ခေါ်ဆောင်လာခဲ့တာပါလေ။

I Got Married With A Girl!!Where stories live. Discover now