Unicode
" အခုလို သေချာမဆုံဖြစ်တာ ဘယ်လောက်ကြာပြီလဲတောင် မသိတော့ဘူး "
ရှေ့တွင်ထိုင်နေသည့် ဂျနီဖာကို ကြည့်ရင်း အဲလစ် ခပ်တွေတွေပြောမိသည်။ ဂျနီဖာက နေကာမျက်မှန်ကို တပ်ထားလျက် ခြေချိတ်ကာထိုင်နေသည်။ အဲလစ် အခုရောက်နေတာက ဂျနီဖာရဲ့ အိမ်ဝင်းထဲမှ လက်ဖက်ရည်သောက်သည့် နေရာကလေး၌ပင် ဖြစ်သည်။
" ခရစ် ဆုံးပြီးကတည်းကများလား "
မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်သို့ တင်ရင်း ပြောလာသည့် ဂျနီဖာရဲ့ မျက်နှာဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။ မတည်ငြိမ်နိုင်သည်က အဲလစ်ပါ။ ခရစ်ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ နင့်ခနဲ ဖြစ်သွားရတဲ့ နှလုံးသားနဲ့ ထပ်ပြီး မတွေးချင်လောက်အောင်အထိ ဆိုးရွားတဲ့ အတွေးတွေက ခေါင်းထဲကို တရစပ်ဝင်လာရတာပဲ။
ခရစ်တိုဖာ ၊ တစ်နည်းအားဖြင့် ခရစ်လို့ ခေါ်ကြတဲ့ သူဟာ အဲလစ်ရဲ့ အချစ်ဦး။ ဂျနီဖာရဲ့ အစ်မဖြစ်သူပေါ့။ အဲလစ်ထပ် ၈နှစ်လောက်ကြီးသည့် ခရစ်။ ရင့်ကျက်တယ်။ သန်မာတယ်။ ဂျနီဖာလိုပဲ ဘယ်အရာကိုမှ ဂရုမစိုက်တတ်တဲ့ မာဖီးယား အမျိုးသမီး။
အဲ့လိုအမျိုးသမီးက အဲလစ်ကြောင့်နဲ့... ဆုံးပါးသွားရတယ်။ အဲ့နေ့က အဖြစ်အပျက်ကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေစဲပဲ။ ခရစ်က အဲလစ်ကို သေနတ်သံတွေကြားကနေ ဆွဲထုတ်ခဲ့တာ။ သူ့ကိုယ်သူ စတေးပြီး အဲလစ်ကို ကယ်တင်ခဲ့တာ။ အဲလစ်ရဲ့ လက်ပေါ်မှာတင် သေဆုံးသွားတဲ့ ခရစ်ရဲ့ ပုံရိပ်ကို တစ်ရက်မှ မေ့လို့မရခဲ့ဘူး။
အဲလစ်က ယောက်ျားလေးတစ်ယောက်ဆိုပေမယ့် ခရစ်ကို ကာကွယ်ဖို့ထိ မသန်မာခဲ့။ ခရစ်ကပဲ သေနတ်တွေကြားထဲကနေ အဲလစ်ကို မရရအောင် ကယ်ထုတ်ပေးခဲ့တာ။ အဲ့နေ့က အဲလစ်သာ ခရစ်နောက်ကို လိုက်မသွားခဲ့ရင်... ခရစ်က အခုချိန်ထိ သက်ရှိထင်ရှား ရှိနေဦးမယ်နဲ့တူတယ်။ ခရစ်ကို လွမ်းဆွတ်တိုင်း အဲ့ဒီအဖြစ်အပျက်ကို တွေးမိပြီး နောင်တရမိတယ်။
ခရစ်ရဲ့ သေဆုံးမှုနဲ့အတူ အဲလစ်ရဲ့ နှလုံးသားကလည်း အတူသေဆုံးခဲ့ပါတယ်။ ဈာပနပွဲကို အဲလစ်သွားတော့ ဂျနီဖာဟာ အဲလစ်ရဲ့ ရင်ဘတ်ကို ထုရိုက်ရင်း အော်ဟစ် ငိုကြွေးခဲ့တယ်။ အဲ့နေ့က ပထမဆုံးအနေနဲ့ ဂျနီဖာ ရှိုက်ကြီးတငင်ငိုတာကို တွေ့ခဲ့ရတာပါပဲ။ မာကြောလှပါတယ်ဆိုတဲ့ နှလုံးသားပိုင်ရှင် ဂျနီဖာက အစ်မဖြစ်သူရဲ့ သေဆုံးမှုမှာတော့ အလဲလဲအပြိုပြိုဖြစ်ခဲ့ရတာကို အဲလစ် သိလိုက်ရတယ်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....