- Chapter 27 -

1.6K 161 13
                                    

Unicode

‌ကုတင်ပေါ်တွင် လဲလျောင်းနေသည့် စောနှင့် စောရဲ့ လက်ကိုကိုင်ရင်း အရိပ်တကြည့်ကြည့် ကြည့်နေသည့် နှောင်းရိပ်ငြိမ်ကို ငေးမိရင်း ဂျနီဖာ သက်ပြင်းကို ချမိသည်။ ဆေးရုံကို ပို့ရမည်ဆိုသော်လည်း ဒီအခြေအနေဟာ အိမ်တွင်းအကြမ်းဖက်မှုမြောက်နေတာမလို့ ပြဿနာတက်နိုင်သည်လေ။ ဒါကြောင့် ဂျနီဖာရဲ့ မိသားစုဆရာဝန်ကိုသာ ခေါ်ကာ အိမ်မှာတင် ကုသပေးရသည်။ ပြင်းထန်တဲ့ နာကျင်မှုကြောင့် သတိလစ်သွားတာလို့ သိရတော့ ဂျနီဖာ အန်ကယ့်ကို တစ်ချက်လောက်ပစ်ထိုးချင်မိသည်။ ဒါမှမဟုတ် အဲ့ကတည်းက သေနတ်နဲ့ နားထင်ကို ပစ်ခဲ့လိုက်ရမှာ။

အဲလစ် ဖုန်းဆက်တုန်းက အလန့်တကြားဖြစ်နေတဲ့ အသံကြောင့် အန်ကယ်နဲ့ ပတ်သက်တဲ့ ပြဿနာဆိုတာ ဂျနီဖာ အတပ်သိသည်။ အဲလစ်ဟာ အန်ကယ်နဲ့ စော အကြီးကျယ်ပြဿနာဖြစ်လို့ သူဝင်ထိန်းလို့ မနိုင်တဲ့အချိန်မျိုးမှသာ ဂျနီဖာ့ကို အကူညီတောင်းတာပင်။ အဲလစ်က စော သတိမေ့သွားပြီးနောက်မှသာ အိမ်ထဲကို ဝင်ခွင့်ရရှာသည်။ အတိအကျဆို အန်ကယ့်ကို ဂျနီဖာ နှင်ထုတ်ပြီးမှပေါ့။ အန်ကယ့် ကိုယ်ရံတော်တွေက အဲလစ်ကို ဝင်ခွင့်မပေးဘဲ တားထားကြသည်လေ။

" နှောင်းရိပ်ငြိမ် ယူလည်း နားသင့်တယ် ထင်တယ်။ စော သတိရလာရင် တို့ ပြောပါ့မယ် "

" ဟင့်အင်း ။ မေဘယ်လ် သတိရလာတဲ့အခါ ကျွန်မအနားမှာ ရှိနေချင်တယ် "

နှောင်းရိပ်ငြိမ်ရဲ့ စကားကြောင့် ဂျနီဖာ မသိမသာပြုံးလိုက်မိသည်။ သူဟာ စောကို တတ်စွမ်းသလောက် ကာကွယ်ပေးခဲ့တာ မဟုတ်ပါလား။ အန်ကယ့်ကို ရင်ဆိုင်ဖို့အထိ မသန်မာပေမယ့် ၊ ဂျနီဖာလောက် မသန်မာပေမယ့်လည်း သူတတ်နိုင်သလောက်တော့ ကာကွယ်ပေးခဲ့ပါသေးတယ်။ ဒါကို ဂျနီဖာ ကြားခဲ့ ၊ မြင်ခဲ့ရသည်လေ။

အန်ကယ်ဟာ စကားနဲ့ ပြောလို့ရ ညှိနှိုင်းလို့ရတဲ့ လူစားမျိုးမဟုတ်ပါ။ ဂျနီဖာ့ကို မလွန်ဆန်နိုင် ကြောက်ရသည်ဆိုတာကလည်း လက်ထဲတွင်ရှိနေသည့် သေနတ်နှင့် တစ်စုံတစ်ယောက်ကို သတ်ပစ်ဖို့ ဝန်မလေးတတ်တဲ့ ဂျနီဖာရဲ့ အကျင့်စရိုက်ကြောင့်သာ ဖြစ်သည်။ ဒါကို ဂျနီဖာ ကောင်းကောင်းသိထားပါသည်။

I Got Married With A Girl!!Where stories live. Discover now