- Chapter 10 -

2.3K 195 7
                                    

Unicode

အလှဆုံးဆိုသည့် ပန်းကလေးများအား ကိုယ်တိုင်ရွေးဝယ်ခဲ့ပြီးနောက်တော့ အိမ်သို့ပြန်လာခဲ့သည်။ ပြန်လာသည့် လမ်းတစ်လျှောက်လုံး ပန်းစည်းလေးအား ကြည့်ကာကြည့်ကာဖြင့် ပြုံးတုံ့တုံ့ဖြစ်နေသူဟာ စောသင်္ခနွယ်ပင်။ သူမုန်းလှပါရဲ့ဆိုတဲ့ အိမ်တော်ကို ပထမဆုံးအနေနဲ့ လိုလိုလားလားပြန်ချင်နေတဲ့ အကြောင်းအရင်းဟာ နှောင်းရိပ်ငြိမ်ကို တွေ့ချင်တာကြောင့်တဲ့။ မခက်ပေဘူးလား။

ငြီးငွေ့ဖွယ်ကောင်းသည့်အိမ်ကို ကြည်နူးစရာကောင်းမည့်အိမ်အဖြစ် ပြောင်းလဲမြင်ယောင်လာခဲ့ပေမဲ့ ဒယ်ဒီ့အနားမှာ ထိုင်နေတဲ့ နှောင်းကို မြင်လိုက်ရတော့ စိတ်ကြည်စရာတွေ ရုတ်ချည်း ပျောက်ဆုံးကုန်ရသည်။ တင်းမာနေသော ဒယ်ဒီ့ရဲ့ မျက်နှာထား ၊ ထိတ်လန့်နေပုံရတဲ့ နှောင်းရဲ့ ပုံစံလေး။ ဒယ်ဒီ နှောင်းကို ဘာတွေပြောထားသလဲ။ ဘာတွေ ခြိမ်းခြောက်ထားသလဲ။ တွေးရင်းပင် စောရဲ့ စိတ်တွေ‌ အလိုမကျဖြစ်လာကာ ဒေါသဖြစ်မိသွားသည်။ ဒယ်ဒီ့အား စူးစိုက်ကြည့်ကာ ထိုင်နေသည့် နှောင်းအား လက်ကောက်ဝတ်မှဆွဲခေါ်ပြီး အခန်းထဲသို့ ခေါ်လာမိသည်။

" နာတယ် "

နှောင်းရဲ့ ခပ်တိုးတိုးအသံကြောင့် တင်းကြပ်စွာ ဆုပ်ကိုင်လာမိသည့် နှောင်းရဲ့ လက်ကောက်ဝတ်အား လွှတ်လိုက်မိသည်။

" အာ ဆော..ဆောတီး "

နှောင်းက သူ့လက်ကောက်ဝတ်အား ပွတ်သပ်ရင်း ကုတင်စွန်းတွင် ဝင်ထိုင်သည်။ လက်ထဲမှ ပန်းစည်းအား ပေးရနိုး ၊ မပေးရနိုး တွေဝေရပြန်သည်။ မရည်ရွယ်ပါဘဲ နှောင်းကို အနာတရဖြစ်စေမိခဲ့တာကြောင့် ပေးဖို့ကိုလည်း တွန့်ဆုတ်နေမိသည်။ စောနက အပျော်တွေ ဘယ်ပျောက်သွားသလဲ၊ သတ္တိတွေရော ဘယ်ပျောက်သွားပြီလဲ။ ပြန်လာကြစမ်းပါလေ။

" အဲ့ပန်းက ဘာလုပ်ဖို့လဲ "

ကုတင်စွန်းကို လက်ထောက်ရင်း နှောင်းက မေးတော့ ကြံရာမရဘဲ နှောင်းရဲ့ လက်ထဲသို့ အတင်းထိုးပေးမိလိုက်သည်။

" ဟို..ဟိုဟာ.. လမ်းကနေ ကောက်လာတာ "

‌ကိုယ့်ဘာသာ ပြောပြီးကာမှ ‌ရှေ့ကနံရံနဲ့ ပြေးတိုက်ချင်စိတ်တောင် ပေါက်သွားသည်။ ဘယ်လောက်ပဲ တောင်စဉ်ရေမရပြောပါစေဦးလေ။ လမ်းက ကောက်လာတာလို့ ပြောတာကြီးကတော့ မဟုတ်သေးပါဘူး။ စောမှာ သေလိုက်ပါတော့ စောသင်္ခနွယ်ရယ်ဟုသာ တမိသည့် အဖြစ်။

I Got Married With A Girl!!Where stories live. Discover now