- Chapter 5 -

2.6K 186 7
                                    

Unicode

" ပေးပါ ကျွန်မကူသယ်ပေးမယ် "

စောလက်ထဲက luggage ကို ဆွဲယူရင်း ပြောလာသည့် အမျိုးသမီး။ ဒီနေ့တော့ စော ထိုအမျိုးသမီးရဲ့ အိမ်ကို ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ စာချုပ်မှာသာ တရားဝင်လက်မှတ်ထိုးလိုက်ပြီး အကျဉ်းရုံးသာ လုပ်လိုက်သည့် လက်ထပ်ပွဲဆိုပေမဲ့ စောရော အဲ့ဒီအမျိုးသမီးရော ကျေကျေနပ်နပ်ရှိကြပါသည်။

" ရပါတယ် ၊ ကျွန်တော့်မှာ ဒီ luggage ပဲပါတာ "

စော ပြောလိုက်တော့ အနည်းငယ် အံ့ဩသွားသည့် အမျိုးသမီးရယ်ပါ။ ဒီနေ့တော့ တွေ့နေကျ ပုံစံမဟုတ်ပါဘဲ ‌ဝက်ဝံရုပ်‌လေးတွေပါသည့် pajama ဝမ်းဆက်ကို ဝတ်ထားသည်ပဲ။ ဆံပင်တွေကို စုစည်းကာ hair pin နှင့် ညှပ်ထားသော်ငြား တစ်ချို့တစ်လေက ပြေလျော့နေသည်။ ခပ်ဝိုင်းဝိုင်း မျက်မှန်ကို တပ်ထားသေးသည့် ထိုအမျိုးသမီးရဲ့ ပုံစံက ကလေးတစ်ယောက်နဲ့တောင် သွားတူနေသေး၏။

" ဒါဆို ဝင်ရအောင်လေ "

ကားရပ်ထားသည့်နေရာမှ အိမ်လေးထဲသို့ ခေါ်သွားသည့် အမျိုးသမီးရဲ့ နောက်ကို လိုက်ရသည်။ ခပ်မြင့်မြင့် တစ်ထက်တိုက်ကလေးက သိပ်မကျယ်ဝန်းပေမဲ့ ခြံလေးထဲတွင် ပန်းပင်လေးများ ဟိုတစ်စု ဒီတစ်စု စိုက်ထားသည်က သဘောကျစရာကောင်းလှသည်။

" ဒါက ဧည့်ခန်း ၊ ဟိုနားက ဘုရားခန်း ၊ ဟိုဘက်နားလေးက မီးဖိုခန်း ၊ ပထမဆုံး မြင်ရတဲ့ အခန်းက ကျွန်မအခန်း အဲ့တာရဲ့ မျက်နှာချင်းဆိုင်က ရှင်နေရမဲ့ အခန်းပဲ။ အခန်းထဲမှာ bathroom ပါပြီးသားမလို့ ရှင် အဆင်ပြေမှာပါ "

စောလည်း ခေါင်းကိုငြိမ့်ရင်းသာ ပြောသမျှကို နားထောင်နေမိသည်။

" ဟိုးအစွန်းနားက အခန်းက စာဖတ်ခန်းမလို့ ရှင်ပျင်းတဲ့ အခါ စာဖတ်လို့ရတယ်။ ‌တစ်ခုတော့ရှိတယ်။ ကျွန်မစာရေးနေတဲ့ အချိန်‌နဲ့တိုးရင်တော့ မနှောင့်ယှက်ဖို့ပဲ "

" ကျွန်တော် နားလည်ပါတယ် "

" ဒါဆို ရှင် ပစ္စည်းနေရာချစရာရှိတာချလိုက်ဦးလေ "

" ကောင်းပါပြီ "

luggage ကိုဆွဲကာ သူမညွှန်ပြသည့် အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် နှာဖျားသို့ တိုးဝင်လာသည့် ခပ်အေးအေး green tea အနံ့။ ကြည့်ရတာ အဲ့ဒီအမျိုးသမီး ဖြန်းထားတာဖြစ်ရမည်။

I Got Married With A Girl!!Where stories live. Discover now