ေလးဆယ့္ကိုး(U+Z)

2.2K 144 15
                                    

Unicode

ပန်းကလေးတစ်ပွင့်အလှပဆုံးပွင့်လန်းရှင်သန်နိုင်ဖို့အတွက် ဥယျာဉ်မှူးရဲ့ဂရုစိုက်မှုလိုအပ်သလို ကလေးတစ်ယောက်အကောင်းမွန်ဆုံးရှင်သန်လာဖို့လည်း မိဘတွေရဲ့ပြုစုပျိုးထောင်မှုဟာ အရေးကြီးလွန်းသည်မဟုတ်ပါလား။
မွေးကင်းစအရွယ်လေးကတည်းကနေ တဖြည်းဖြည်းနဲ့ကြီးပြင်းလာတဲ့သမီးလေးကိုကြည့်ပြီး မောင့်နဲ့နုမှာ ဝမ်းသာလွန်း၍မျက်ရည်များပင်ကျမိသည်အထိပင်။

ငါးနှစ်တဲ့...။ရက်ပေါင်းတစ်ထောင့်ရှစ်ရာနီးပါးသည် တရိပ်ရိပ်နဲ့ကုန်ဆုံးခဲ့သော်လည်း မောင်နဲ့နုအတွက်တော့ ထိုအချိန်တွေသည် အမှတ်တရများစွာနဲ့မေ့မရနိုင်တဲ့
နေ့စွဲတွေဖြစ်ခဲ့လေသည်။

"မေမေ"

         ဒီခေါ်သံချိုချိုလေးဟာ နုအတွက်တော့ အမောပြေဆေးလေးလိုပင်။မြူနှင်းခေါ်တဲ့ဒီနာမ်စားလေးဟာ နုနှလုံးသားသွေးထဲကိုလှပစွာစီးဆင်းသွားသလို အတိတ်အကြောင်းတွေကိုပင် မျက်လုံးထဲမြင်ယောင်လာလေသည်။

"မေ မေ"

        မပီမသခေါ်သံလေးကအစ နုရင်ထဲအသည်းထဲထိဖြန့်ကျက်ကာ နွေးထွေးသွားစေသည်။စကားပြောတတ်ခါစ အရွယ်လေးမှာ သမီးလေးဆီမှကြားရသည့်နာမ်စားလေးဟာ ချိုမြိန်ကာနူးညံ့လွန်းလေသည်။

"မောင် သမီးလေးက မေမေတဲ့ကွယ်။တို့ တို့တော့ ပျော်လိုက်တာမောင်ရယ်"

"မောင်လည်းပျော်ပါတယ်။နောက်ဆိုရင်တော့ သမီးလေးရဲ့အသံချိုချိုလေးက တစ်အိမ်လုံးကိုလွှမ်းတော့မယ်"

              စကားပြောတတ်ခါစအချိန်မှာကတည်းက ဒီနာမ်စားလေးကြားရတော့ နုမျက်ရည်များပင်ကျခဲ့ရသေးသည်။အခုတော့လည်း ဒီနာမ်စားလေးဟာ အသားကျသွားသည်မို့ နုပြုံးသာပြုံးမိတော့သည်။

"မေမေ"

"ရှင့် ရှင့်"

"မားမားကပြန်မလာသေးဘူးလားဟင်။မီးမီးက မားမားကိုလွမ်းနေပြီ"

             ညနေခင်းအချိန်တိုင်းနေဝင်ချိန်ကိုကြည့်ကာ နုနဲ့မြူနှင်းသည် မောင့်ကိုအမြဲစောင့်ကြိုနေကျပင်။ယနေ့တော့ နေပင်ဝင်လုဆဲဆဲဖြစ်နေသည် မောင့်ကိုမတွေ့ရသေးပေ။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now