ဆောင်းလေအေးတို့၏ တိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ရသောသစ်ရွက်ကလေးတို့သည် နွေဦးအစပျိုးလာသည်နှင့်အတူ မိမိတို့စံမြန်းရာအပင်တို့မှ ကြွေဆင်းရတော့သည်။ရွက်ဟောင်းလေးတို့ လွတ်လပ်စွာ ကြွေဆင်းပေးကြပြီးသည့်နောက် ရွက်သစ်လေးတို့၏ နေရာဌာနအသစ် ပေါ်ပေါက်လို့လာသည်။ ရွက်သစ်တို့ဝေဆာနေသည့် အပင်တို့ထက် နားနေကြသည့် ငှက်ငယ်တို့သည်လည်း အသံစုံဖြင့် မြူးနေကြလျက်ပင်။
နွေဦးဆိုသည့်အတိုင်း ဆောင်းအငွေ့အသက်လည်းမပျက်ပြယ်သေး နွေဓာတ်ကိုလည်း စတင်ခံစားရပြီဖြစ်သည့်သာမယလေးပင်။
ခပ်နွေးနွေးနေရောင်ခြည်အောက် ဝင်းဝါနေသည့် သစ်ပင်ငယ်တို့ကို ဆောင်းဟွန်းတစ်ယောက် ကားမှန်ချကာ ငေးကြည့်ရင်း မပျက်ပြယ်သေးသည့် ဆောင်းလေရူးအေးအေးကို ရှူရှိုက်နေ၏။
အလုပ်အားသည့်နေ့ဖြစ်၍ ဂျေးကတိပေးထားသည့်အတိုင်း ဆောင်းဟွန်း၏မိဘတို့နေသည့် အိမ်သို့ နှစ်ယောက်အတူလာခဲ့ကြသည်။
ဆောင်းဟွန်းတို့အိမ်ဆီသို့ လာရာလမ်း၏ ဘေးတစ်လျှောက်တွင် တောအုပ်ကဲ့သို့ အုပ်အုပ်စိုင်းစိုင်းပေါက်ရောက်နေကြသည့် သစ်ပင်တို့နှင့် တစ်ဖက်တစ်ချက်တွင်တော့ ကြည်လင်နေသော ရေပြင်ကျယ်ကျယ်ကိုတွေ့မြင်ရမည်။
ဆိုးလ်မြို့မှ ဆောင်းဟွန်းတို့အိမ်ရှိသည့် ဂန်ဝန်းပြည်နယ်ရှိ ချွန်းချောန်မြို့သို့ ကားဖြင့်သွားလျှင် ၁နာရီခွဲမျှသာ ကြာမည်ဖြစ်သည်။ နေ့လည် ၂နာရီလောက်က ထွက်လာကြတာမလို့ ၃နာရီခွဲလောက်မှ ဟိုကိုရောက်မည်ဖြစ်သည်။ ကားထွက်တာနှင့် အိပ်တတ်သည့် ဆောင်းဟွန်းအခုလည်း မောင်းသူဂျေးဘေး၌ ငုတ်တုတ်ကြီးထိုင်၍ငိုက်နေသည်။
စောနကပင် ကားမှန်ချ၍ အပြင်ပတ်ဝန်းကျင်၏ အငွေ့အသက်ကိုခံစားနေတော့ မအိပ်လောက်ဘူးထင်နေသည့် ဂျေးက ဆောင်းဟွန်းနှင့်စကားစမြည်ပြောရန် အားခဲထားခဲ့သည်။
ယခုတော့ ကားမောင်းသူမှ အားမနာဘဲ သူ့ဘာသူ ငုတ်တုတ်ကြီးငိုက်သွားလေပြီ။
ပုံမှန်ဆို ချစ်သူနှင့်အတူခရီးဝေးလာကြလျှင် ချစ်ရသူနှင့်အတူရှိရသည့်အချိန်လေးတွေကို အလေးထားပြီး တူတူကုန်ဆုံးချင်ကြပေမယ့် ဆောင်းဟွန်းကတော့ အအိပ်ကို အချစ်ထပ်မက်သည့်လူမျိုးပင်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘