ဧကရာဇ်ကိုယ်တိုင် မိဖုရားကိုတွဲခေါ်လာပြီးတဲ့နောက်မှာ သူတို့ဘိသိတ်ဆရာရှေ့ မျက်နှာချင်းဆိုင်ရပ်လိုက်မိသည်။မျက်လွှာချထားသည့်ကောင်လေးဟာ သူ့မျက်နှာကိုမော့ကြည့်မလာ။ ခေါက်ယပ်တောင်လေးတစ်ချောင်းဖြန့်ထားသလို မျက်တောင်ရှည်လေးတွေကပါးပြင်ပေါ်အရိပ်ကျနေသည်။ လက်ဖဝါးနှစ်ဖက်ကိုယှက်တင်ထားကာ ငြိမ်ငြိမ်လေးရပ်နေပုံက ချစ်စဖွယ်ကောင်းနေခဲ့လျှင် သူ့မျက်ဝန်းတွေနဲ့ရင်ဘက်ထဲမှာ သိိသိသာသာနွေး၏။
ဘိသိတ်ဆရာဟာ သူတို့ကိုထိမ်းမြှားခြင်းဂါထာကိုအခေါက်ခေါက်အခါခါရွတ်ကာ နတ်ဘုရားတွေရဲ့ကောင်းချီးကိုလည်းခံယူစေသည်။ ထို့နောက် သူတို့နှစ်ယောက်လုံးကို ကံကြမ္မာနတ်ဘုရားထံအပ်နှံပေးကာ မိုးမြေကန်တော့စေသည်။
ဒါဟာသူတို့နှစ်ယောက်လုံးရဲ့ ဒုတိယအကြိမ်မိုးမြေကန်တော့ခြင်းဖြစ်၏။ လေဟာညင်သာစွာတိုက်ခတ်လာသလို ရွှေအိုရောင်လိုက်ကာတွေကိုလည်းလွန့်လူးလာစေသည်။ လေနဲ့အတူတံတိုင်းမွှေးပန်းတို့ရဲ့ပန်းရနံ့ဟာလည်း ခပ်သင်းသင်းဖြန့်ကျက်လာသည်ကိုခမ်းမဆောင်ထဲရှိ လူတိုင်းလိုလိုရလိုက်ကြသည်။
"အရှင်နဲ့ မိဖုရားကို ဂါဝရပြုကြ!"
ဘိသိတ်ဆရာရဲ့ ဆော်သြသံအဆုံး နန်းတော်ထဲကလူအကုန် အရှင်နဲ့မိဖုရားကို ဂါဝရပြုကြသည်။
"အရှင်နဲ့မိဖုရား သက်တော်ရာကျော်ရှည်ပါစေ..!"
အသံတွေဟာ မိုးထိဟိန်းမတက်ပျံ့လွင့်လာသည်။ နန်းတော်ရဲ့ထောင့်တိုင်းကို အသံလှိုင်းဟာရိုက်ခတ်ပြီး ပဲ့တင်ပြန်ဟပ်လာသည်။ ညီညာပြီးအားပြင်းတဲ့ဆုတောင်းသံဟာ ရှောင်းကျန့်ရင်ဘက်ကို ဆူးချွန်တစ်ခုလိုထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
လူအပေါင်းချီးကျူးဩဘာပေးခံနေရသည့် သူသည် အစစ်မှန်မဟုတ်ပဲအလိမ်ညာတစ်ခုသာဖြစ်သည်။ တကယ်ဆို ဒီနေရာမှာ အရှင့်ရဲ့ကြင်ယာသာ မတ်မတ်ရပ်နေရမှာ။ အခုတော့ သူအတွက်မဟုတ်တဲ့ နေရာမှာ သူ့အတွက်မဟုတ်သည့်ချီးကျူးဩဘာသံကိုခံနေရသည်။