နွေဦးမှာအလှဆောင်ခဲ့သောတံတိုင်းမွှေးပန်းတွေသည်..အခုလိုဆောင်းဝင်ခါစနီးလာသောအချိန်တွင် ပွင့်ဖတ်တွေမြေပြင်ပေါ်တဖြုတ်ဖြုတ်ကြွေကျကုန်၏။ လေအဝှေ့မှာ အပင်ပေါ်ကခုန်ခွင့်မရတော့သော တံတိုင်းမွှေးပန်းလေးတွေသည် လေတစ်ချက်မှာ အပင်အောက်ဝဲကျလာ၏။ ဒါကြောင့်နန်းတော်ခြံစည်းရိုးက တံတိုင်းမွှေးအပင်တန်းတွေအောက်မှာ အဖြူရောင်ကောဇောခင်းထားသလို ပန်းကြွေတွေနှင့်ပြည့်နေတတ်သည်။
မကြာခင်အချိန်အတွင်းမှာတော့ ထိုပန်းကြွေတွေပေါ် ဖြတ်လျှောက်သွားသော နန်းတွင်းအပျိုတော်တွေနှင့် ရဲမက်တို့ရှိ၏။ နန်းဆောင်အဝင်ဝမှာ သူတို့အားလုံးရပ်တန့်သွားရင်း ဝေါယဥ်ကိုဖွင့်ပေးဖို့လက်လှမ်းလိုက်ပေမဲ့ သူတို့မဖွင့်နိုင်ခင်မှာတင်အရှင်ဟာဝေါယဥ်ထဲက ခပ်ကြမ်းကြမ်းတွန်းဖွင့်ထွက်လာသည်။ ထို့နောက်မိဖုရားကိုပင်မစောင့်ပဲ ခြေလှမ်းကိုသွက်သွက်လှမ်းကာထွက်သွားသည်မို့ အစေခံတစ်ချို့ကပြေးလိုက်ရသည်။ တစ်ချို့ကတော့ ဝေါယဥ်နားရပ်ကာ မိဖုရားကိုစောင့်လျက်ကျန်ခဲ့သည်။
မိဖုရားဟာအရှင်ခပ်ဝေးဝေးကိုရောက်မှ ဝေါယဥ်ထဲကလှမ်းထွက်လာသည်။ မိဖုရားရဲ့မျက်နှာဟာ အနည်းငယ်မှိုင်းကျနေ၏။ ထို့နောက် မနှေးမမြန်သော ခြေလှမ်းတွေနဲ့အရှင့်နောက်လိုက်ကာသွား၏။
သူနန်းဆောင်ထဲရောက်တော့ ရေကရားထဲကရေမော့သောက်နေသောအရှင်နဲ့တိုးသည်။ သူဝင်လာတာမြင်တော့အရှင်ကစောင်းငဲ့ကြည့်ကာ ကျောခိုင်းသွား၏။ သူအရှင့်နားလည်းမကပ်ရဲ၊နန်းဆောင်ထဲမဝင်ရဲပဲ တံခါးဝမှာ ထိုအတိုင်းရပ်လျက်ကျန်ခဲ့သည်။ အရှင်သေချာပြောထားရက်နဲ့ သတိလက်လွတ်ဖြစ်သွားရတဲ့သူ့ကိုယ်သူလည်း ခွင့်မလွှတ်နိုင်။ အမြဲပေါ့တိပေါ့ဆနဲ့ အရှင်စိတ်ကုန်သွားရင်ဘယ်လိုလုပ်ရပါ့မလဲ.။
သူရပ်နေတုန်းအရှင်ကနန်းဆောင်ထဲဝင်သွားကာ ခဏကြာတော့ပြန်ထွက်လာသည်။ နန်းဆောင်တံခါးဝမှာ အတောင့်လိုက်ရပ်လျက်သားရှိနေသည့်သူ့ကိုမြင်တော့ မျက်မှောင်တွေကြုတ်ကျသွားကာ. အနည်းငယ်မာသောလေသံဖြင့်