ခြောက်ကပ်ကပ်လေထုကလွဲ၍၊ မည်သည်မှရံဝန်းနေသည်မရှိလေလောဟု သတ်မှတ်နိုင်ဖွယ်ရာသော အခန်းငယ်အတွင်းပိုင်း၏ တိတ်ဆိတ်မှု။
လူနှစ်ဦးထံမှ ပူနွေးသော ကိုယ်သင်းငွေ့ခပ်ရေးရေးရှိပါသော်ငြား၊အေးတိအေးစက် ကြားခံနယ်က ကြီးစိုးထားသည့်အခါ မှိန်ပျပျတိုးဝင်နေတဲ့ အာရုဏ်ဦးရဲ့ ရောင်ခြည်ပင်လျှင် လျော့ရွဲစွာပင်ဖြာနိုင်ခဲ့သည်။
"ဘာလို့ ထပ်ပြီးတော့လဲ...."
"ဘာကြောင့်များ နိုးနိုးချင်းမှာ မြင်ရတဲ့ မျက်နှာက ခင်ဗျားဖြစ်နေခဲ့တာလဲ"
ဇောချွေးတွေကြား လုံးပန်းနေရသဖြင့် ခြောက်ကပ်အက်ကွဲနေတဲ့ အသံလှိုင်းရဲ့ပဲ့တင်ရိပ်။
ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်က ဆာလောင်မှုကိုပင် မေ့မိစေသည်အထိ အရာရာကိုရှုပ်ထွေးစေခဲ့သည့် သူ့နံဘေးက ဖြစ်တည်မှုပေါ် ဂျယ်ယွန်းဟာ တိုးလွလွပင်အမေးထုတ်၏။
တန်ဆာအပြင်အဆင် ဗလာမဲ့လှသည့် မျက်နှာကြက်ထံ မျက်ဝန်းသေတို့ကို ပစ်တင်ချိတ်ဆွဲရင်း၊မနေ့ညတုန်းက ယောင်ဝါးဝါးနှင့် ထိတွေ့မွတ်သိပ်ခဲ့သော နှုတ်ခမ်းပါးများအား အိပ်မက်တစ်ခုသာဖြစ်ဖို့ သက်ပြင်းဖြဖြရှိုက်ကာ ဆုတောင်းသည်။သို့သော် အခြေအနေတွေဟာ လက်လွန်ခဲ့ပြီဖြစ်သည်။
ခန္ဓာအသားစိုင်ရဲ့ နေရာအတော်များများမှာ ဘောင်ခတ်ထားတဲ့ ပိုင်ဆိုင်မှုပြခရမ်းရောင်အမှတ်သညာများက သည်လူအပေါ် ရူးနှမ်းခဲ့မိသော အတိတ်ဖြစ်အင်ကို တစစီရှင်းလင်းပြလာသည်။
တဆစ်ဆစ်ကိုက်ခဲထားတဲ့ ခေါင်းတစ်ခုလုံးဟာ ဝိုးတဝါးအခြေအနေမှာ ပျော်မူးခဲ့မိသော သူ့ရဲ့စီးမြောမှုတိုင်းဟာ အိပ်မက်မဟုတ်ကြောင်း လေးနက်စွာ သတိပေးတော့၏။
မှေးမှိတ်အိပ်စက်နေပါသော မျက်ခွံမို့မို့တွေပေါ် လက်ဖျားလေးတို့နှင့် မထိတထိရင်ဆိုင်ရသည့်အခါ၊နှလုံးသားဟာ သည်လူကိုမှအလွန်အမင်းတမ်းတနေရကြောင်း အလင်းထောက်လို့ သက်ညှာစေချင်ခဲ့ဟန်ပါပဲ။
ကြိုဆိုဖို့ အတန်တန်ရွံ့သီးခဲ့ပါသော်လည်း ရောက်လာစဥ်မှာတော့ သူဟာ သည်လူကိုစောင့်စားခဲ့ကြောင်း သူကိုယ်တိုင်မသိလိုက်သော အထိအတွေ့ကတဆင့် နှလုံးသားက မီးမောင်းထိုးနေခဲ့ပါတယ်။

YOU ARE READING
Sour Grapes
Fanfictionချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။