(Zawgyi)
ကြယ်ငါးပွင့် ဟိုတယ်အတွင်းရှိ Winter Fashion Showတစ်ခုမှာ ဖြစ်သည်။
"ငါ ဒီလိုလူမျိုးတွေကို စိတ်အပျက်ဆုံးပဲ"
ဟိန်းထွက်လာခြင်း မမည်သော်ငြား ကြားရသူတိုင်း ခန့်မှန်းမိနိုင်သည့် ဒေါသအပိုင်းအစက ခပ်ဩဩအသံထဲ ရောစွတ်နေသည်မို့ Stageအနောက်ဘက်မှ လှုပ်ရှားမှုတွေအကုန် တိုးတိတ်နှေးကွေးကုန်သည်။ Showပွဲမှ အဓိကအကြီးအမှူး၏ မာနတံခွန်စိုက်မျက်နှာထက် မျက်ခုံးတန်းတို့က စုကျုံ့လျက်။ အသက်အားဖြင့် ငယ်ရွယ်သော်လည်း မိမိတို့၏ ဦးစီးဦးဆောင်ဖြစ်နေသည့်အခါ အကြီးအကဲ၏ အရိပ်အခြေကို စောင့်ကြည့်လှုပ်ရှားရသည်မှာလည်း ငယ်သားတို့၏ တာဝန်တစ်ရပ်။ အစဉ်ရေသေလို ဘာမထီတည်ငြိမ်ခဲ့သော မျက်နှာထက် ဒေါသရောင် ခပ်ရဲရဲသမ်းနေခြင်းကပင် အခြေအနေက ကောင်းချင်စရာမရှိ။ ထိုတော့လည်း လမ်းလျှောက်တာကအစ အသံမမြည်အောင် ခြေလှမ်းကိုကြွရင်း မိမိတို့လုပ်လက်စ အလုပ်တွေကို အာရုံပိုစိုက်ဖြစ်ကြသည်။ ခုနက ဆူညံနေခဲ့သော အခန်းကြီးက အခုတော့ ပစ္စည်းပစ္စယ ရွေ့သံပြုသံမှလွဲ၍ လူသံတစ်စ မကြားတော့အောင် တိတ်ဆိတ်နေခဲ့သည်။
ယနေ့ Winter Fashion Show၏ အဓိကပဲ့ကိုင်သူ Designer Mr.Perth Tanapon၏ ဩဇာတိက္ကမကား ဤသို့ဤနှယ် ကြီးမားလှပါ၏။"Khun' သူက main leadဖြစ်နေတော့ ဘယ်လိုလုပ်ကြမလဲ.. အခုချိန် လူစားထိုးဖို့ကျတော့လည်း"
Assistanceလည်းဟုတ် Secretaryလည်းဟုတ်သည့် Meiက မိမိအလုပ်ရှင်၏ဒေါသကို ကျင့်သားမရသေးသည့်ပမာ စိတ်လှုပ်ရှားစွာပြောသည်။
"ကျစ်.."
မျက်မှောင်တို့ ပိုတွန့်ကွေးလာသည့်အခါ Meiတစ်ယောက် အသက်တောင် ရဲရဲမရှူရဲတော့။ မျက်ဆံနက်နက်တို့က တစ်နေရာတည်းမှာပဲ ကျောက်ချနေပြီး တစ်စုံတစ်ရာ အတွေးနက်နေဟန်။ ဒီလိုကျတော့လည်း တည်ငြိမ်ရင့်ကျက်ခြင်းတွေက နေရာယူလာပြန်သည်။ အခုလို သွေးအေးတဲ့ အသွင်အပြင်ကြောင့်ပဲ အရွယ်နဲ့မလိုက်တဲ့ အောင်မြင်မှုတွေ ရရှိထားခြင်းလား မဆိုတတ်တော့။