Blind DATE - Seventeen [C]

809 114 21
                                    


(Zawgyi)

စကားကို ဖြတ်ချလိုက်သော အငယ်ကြောင့် John ပြောချင်သော စကားအား အဆုံးသတ်ခွင့်မရတော့။ မနက်ကတည်းက စကားကောင်းကောင်းမပြောသည့် အငယ့်စိတ်ထဲတွင် သူ့အတွက်ပြောစရာစကားများ ရှိနေမည်ဟု Johnထင်သည်။ သို့သော် အငယ်က ထိုစကားများကို ပြောဖို့စိတ်ကူးရှိပုံမရ။ သူ့ဘက်က အစပျိုးခြင်းကိုပင် လက်မခံ။

John ဒုတိယမ္ပိ သက်မမောကို ချမိရပြန်သည်။ မင်္ဂလာယူသောနေ့ဖြစ်သော်လည်း စိတ်ချမ်းသာမှုက မြူတစ်မှုန်စာ။ ကျန်သည့်အပိုင်းက အမှား အပြစ်မကင်းခြင်းတို့ဖြင့် ရှုပ်ထွေးနှောက်ကျိနေသည်။

တကယ်တော့ ဒီလိုမျိုး ကိုယ့်ညီရဲ့မျက်လုံးကိုတောင် ရဲရဲမကြည့်နိုင်လောက်သည့် ဆက်ဆံရေးမျိုး သူလည်း ဖန်တီးချင်ခဲ့သည်မဟုတ်။

သူနှင့် ခြောက်နှစ်မျှကွာသော အငယ်သည် ငယ်စဉ်ကတည်းက သူ့ကိုအစ်ကိုတစ်ဦးလို ခင်တွယ်မှုနည်းသည်။ အငယ်မွေးပြီး လေးနှစ်အထိ သူတို့ညီအကိုတွေ တပူးပူးတတွဲတွဲနေခဲ့သေး၏။ သာမန် ညီအစ်ကိုသံယောဇဉ်နှင့် အငယ်က ကပ်တွယ်တတ်ခဲ့သေးသည်။

ဒါပေမယ့် အငယ့်ကို မူကြိုစထားချိန်မှာ အငယ်နဲ့သူ၏ ဆက်ဆံရေးက တစ်မျိုးတစ်ဖုံပြောင်းလဲလာသည်။ မည်သူ၏ဗီဇမှန်းတော့မသိ၊ အငယ် ခဲတံစကိုင်တတ်ကတည်းက ပုံဆွဲအရုပ်ရေးရတာ သဘောကျလာသည်။ လက်ထပ်သင်ပေးသော အက္ခရာတွေအစား ကွေးကွေးကောက်ကောက်မျဉ်းတွေဆွဲဖို့ အားသန်နေတတ်၏။ ကျောင်းကပြန်လာတိုင်း သင်ပေးလိုက်သော အက္ခရာအစား ပုံမကျသောရုပ်ပုံတွေက စာအုပ်ထဲပြည့်နေတတ်သည်။

ပါးဆူတိုင်း မျက်ရည်ဝဲနေတတ်ပေမယ့် အချိုးတော့မပြင်။ ကျောင်းကပြန်သည့်နေ့တိုင်း ရုပ်ပုံအသစ်အသစ်တွေက စာအုပ်ထဲနေရာယူထားသည်။ ထိုအချိန်တွင် လေးတန်းတက်ဖို့ပြင်နေသော သူ့အတွက်လည်း စာတွေကများလာသည်။ စာသင်ချိန်ဗရပွနှင့် အငယ်နဲ့ကစားဖို့ အချိန်သိပ်မရှိတော့။ ပါးက စာလုပ်နေသော သူ အနှောင့်အယှက်မဖြစ်အောင် အငယ့်ကို ထိန်းချုပ်ထားတတ်သည်။

ထိုမှစ၍ ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးက အနည်းငယ်ကျဲလာသည်။ အငယ် ကျောင်းစတက်ချိန်တွင် အငယ့်လက်ကိုဆွဲပြီး ကျောင်းသွားရတာပျော်ခဲ့သည်။ အရင်လို သူက ကျောင်း အငယ်က မူကြိုမှာမဟုတ်ပဲ ညီအစ်ကိုနှစ်ယောက်တစ်ကျောင်းတည်း အတူတက်ရတာကို ရင်ခုန်ခဲ့သည်။ အစ်ကိုကြီးပီပီ ညီကိုကာကွယ်စောင့်ရှောက်ချင်သည်။

Blind DATE Where stories live. Discover now