(Zawgyi)
အဘယ်ဘဝရေစက်မှန်းတော့မသိ။
Mean Phiravich နှင့် Saint Suppapong ဆိုသည်က ကြာကြာမျက်နှာချင်းဆိုင်၍မရသည့် လူတန်းစားတစ်ရပ်ဖြစ်သည်။
တစ်ယောက်က ချေသည်။ တစ်ယောက်က ဂျစ်ကျသည်။ ဤမျှနှင့်ပင် ထိုလူနှစ်ယောက်၏ ဆက်ဆံရေးက ဒီ့ထက်ပို၍ တိုးတက်စရာ အကြောင်းမရှိတော့။ ရယ်မောပြောဆိုနေလျှင်ပင် ကမ္ဘာ့အံ့ဖွယ်စာရင်း ဝင်နိုင်သည်မို့။
ယခုလည်း မျက်နှာချင်းဆိုင်ယှဉ်ရပ်ကာ တစ်ယောက်မျက်စိထဲ တစ်ယောက်မရှိသလို ကိုယ့်အထာနှင့်ကိုယ်။ နားလည်မှုနှင့် အလွတ်ပေးထားသော လူငယ်စကားဝိုင်းက Perthနှင့် Lady Ruanတို့၏ ဦးဆောင်မှုကြောင့် စီဝေနေသည်။
Perth၏ ပညာရပ်ဆိုင်ရာ ခေါင်းစဉ်အမျိုးမျိုးနောက် ထပ်ချပ်မခွာ ဆွေးနွေးပြောဆိုနိုင်သည့် Ruanဆိုသည့် မိန်းကလေးကိုတော့ စိတ်ထဲမှလက်ဖျားခါမိသည်။ ငယ်ရွယ်သလောက် ထက်မြက်မည့်ဟန်အပြည့်ရှိသော သူမက နှုးညံ့သောအပြုံးနှင့် မဟာဆန်သောမျက်နှာရှိသည်။
အခုချိန် ဘီယာဘူးတစ်သိုက်နှင့် ဂျွမ်းပြန်နေနိုင်သော တစ်ယောက်ကိုတွေးမိပြီး ခေါင်းအသာခါလိုက်၏။
ကွာတယ်! အများကြီးကွာတယ်!
လူနှစ်ယောက်၏အသံသာ စိုးမိုးသော စကားဝိုင်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်သည်။ ပြောသမျှ နကန်းတစ်လုံးနားမလည်သော Saintအတွက် ရောတောရှိလုပ်ခြင်း မလုပ်ခြင်းက အရေးမပါသော်လည်း party၏ ဇာတ်လိုက်ဖြစ်သော Meanကတော့ နှုတ်ဆိတ်မနေသင့်။
[ရောတောရှိ = အကြောင် ဝင်ရောခြင်း]
ထို့အပြင် သတို့သမီးလောင်းကို ဘေးချပြီး မဆိုင်သလိုအပြင်ထွက်နေခြင်းကလည်း အနည်းငယ်ကြည့်ရဆိုးသည်။
မဆိုင်သည့် ဘေးလူSaintပင် Lady Ruanကို အားနာချင်သွား၏။ဒီလောက်လှတဲ့ မိန်းကလေးကိုတော့ ပစ်မထားသင့်ပါဘူးကွာ!
ထိုအချိန် အချေကောင်မျက်နှာနှင့် ဆင်ဆင်တူသည့် အမျိုးသမီးတစ်ယောက် Saintတို့ရှိရာ လှမ်းလာနေ၍ ပျင်းစရာကောင်းသည့် စကားဝိုင်းမှ အာရုံလွှဲစရာရှိသွားသည်။
ထိုအမျိုးသမီးက အနားရောက်တော့ Lady Ruan၏ ပုခုံးတစ်ဖက်ကို အသာဖက်ရင်း ဓနရှင်ဆန်ဆန်ပြုံး၏။