Saint ကားကို ညင်သာစွာရပ်လိုက်သည်နှင့် ပါးက ကားတံခါးဖွင့်ပြီး ဆင်းရန်ပြင်သည်။"စာကြည့်ခန်းကို လာခဲ့"
တစ်ချိန်လုံး တင်းတင်းစေ့ထားခဲ့သော ပါး၏နှုတ်မှ ပထမဆုံးထွက်လာသော စကား။ မဟုတ်သေး။ Saint အိမ်ကထွက်လာသည့် သုံးနှစ်အတွင်း ပထမဆုံးပြောသည့်စကားဆို ပိုမှန်လိမ့်မည်။
နူးညံ့မှုမရှိ၊ ဓားတစ်ချောင်းလို တိကျပြတ်သားသော အသံက နားရည်ဝနေခဲ့သည့်အတိုင်း။ Saint မတုန်လှုပ်စွာ အဖြေပေးရင်း ကားဂိုဒေါင်ဘက်သို့ ဘီးလှိမ့်ရုံမောင်းလာခဲ့သည်။
ကားကို စနစ်တကျ ဂိုဒေါင်ထဲ သိမ်းဆည်းထားခဲ့ပြီး အိမ်ရှေ့သို့လျှောက်လာချိန်မှာ ပါး မရှိတော့။ စာကြည့်ခန်းထဲ ရောက်နေလောက်ပြီ ထင်သည်။
အနည်းငယ် ပြင်ဆင်မွမ်းမံထားသော အိမ်ကြီးကို မော့ကြည့်ရုံသာမော့ကြည့်ပြီး အထဲဝင်လာခဲ့သည်။ ဆယ်စုနှစ်တစ်ခုစာ နေထိုင်ခဲ့သည့်တိုင် ရင်းနှီးမှုဟူ၍ မခံစားရ။ အိမ်ထဲဝင်လာချိန်တိုင်း Saintခံစားရသည်က သူစိမ်းတရံဆန်မှုသာ။
ပြောင်လက်နေသော ကြမ်းအခင်းက ခြေချရက်စရာမရှိ။ ကော်ဇောလည်း မခင်းထားသောကြောင့် နင်းမိလျှင်ပင် ခြေရာအကွက်ထင်သွားနိုင်သည်။ အိမ်ထဲ ဖိနပ်စီးတာမကြိုက်သော ပါးကြောင့် ဖိနပ်ကို ဗီရိုထဲသေချာချွတ်သိမ်းကာ ခြေသုတ်ဖုံအနုပေါ် ခြေထောက်ဖိသုတ်ပြီးမှ အိမ်ထဲဝင်လာခဲ့သည်။
ထိတွေ့မိသည့် ကြမ်းခင်း၏ အေးစက်မှုက Saintသွေးကြောတွေထဲကိုပါ ကူးစက်လာသလား ထင်ရသည်။ ကားသော့ကို ထားနေကျနေရာမှာထားပြီး လှေကားထစ်တွေအတိုင်း အပေါ်သို့ ဆက်တက်ခဲ့သည်။
အိမ်၏ ဒုတိယထပ် ညာဘက်ခြမ်းအစွန်တွင် Saint အခန်းရှိသည်။ ဘေးချင်းကပ်ရပ်က အစ်ကို့အခန်း။ နံရံတစ်ခုသာခြားသော်လည်း အစ်ကို့အခန်းထဲ Saintမဝင်ခဲ့ဖူးသလို၊ Saintအခန်းထဲလည်း အစ်ကို မရောက်ဖူးခဲ့။
သော့ပိတ်ထားသော အခန်းကို တစ်ချက်ကြည့်ပြီးမှ ဆန့်ကျင်ဘက်သို့ ဦးတည်လိုက်သည်။ ဒုတိယထပ်၏ ဘယ်ဘက်တစ်ခြမ်းလုံးက ပါး၏ စာကြည့်ခန်းဖြစ်သည်။ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘဝတိုးတက်ရေးဆိုင်ရာ စာအုပ်များနှင့် ပုံစံငယ်များ ပြည့်နှက်နေတတ်သော ထိုအခန်းထဲကို Saint သုံးလေးခါထက်မနည်း ရောက်ဖူးသည်။
![](https://img.wattpad.com/cover/164500462-288-k768455.jpg)