Blind DATE - Fifteen [A]

1K 116 1
                                    

(Zawgyi)

ဒီနေ့အတွက် Perthရဲ့ မနက်ခင်းက နည်းနည်းတော့ ထူးခြားမှုရှိသည်။

မိုးမလင်းခင်ကတည်းက ပုံမှန်မဟုတ်စွာ နှိုးနေသည့် Perth, တစောင်းလှဲရင်းမှ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်,မကာ ထိုဂွမ်းစောင်ထုပ်ကို စိတ်ဝင်တစားအကဲခတ်နေတာဖြစ်သည်။

ဂွမ်းစောင်ထဲမှ ပိုးတုံးလုံးဆန်ဆန်လူသားက သူမအိပ်ခင်ကအတိုင်း ပုံစံမပျက် ကျောပေးထားရက်။
Perth စိတ်ဝင်စားသည်က ထိုကောင်လေး ဘယ်အချိန် နေရာရွေ့မလဲဟူ၍။ သို့သော်ငြား အခန်းထဲ နေရောင်ဖောက်ဝင်လာသည့်တိုင် ထိုပိုးတုံးလုံးက တုပ်တုပ်မလှုပ် ၊ ငြိမ်ချက်သား ကောင်းလှ၏။

အိပ်နေတာရော ဟုတ်ရဲ့လားကွာ! မသိရင် မျောနေတဲ့ လူအတိုင်းပဲ!

ထိုကောင်လေး ဒီလိုတစ်ချက်မရွေ့အိပ်နိုင်တာကို Perth အံ့ဩနေသည်။ အကျင့်ပဲလား၊ ဒါမှမဟုတ် သူ့နားမှာ အိပ်ရလို့ သတိနှင့် နိုးတစ်ဝက်အိပ်နေသည်လား။

မနေနိုင်တော့သည့်အဆုံး Perth အိပ်ရာမှ အသာထကာ ကုတင်တစ်ဖက်သို့ ဖြည်းဖြည်းလျှောက်သွားပြီး ဂွမ်းစောင်ထဲမှ အရာအား ငုံ့ကြည့်သည်။ မျက်လုံးနှင့် နှာခေါင်းသာဖော်ကာ တစ်ကိုယ်လုံး ဂွမ်းစောင်ဖြူဖြူရစ်ထားပုံက အနှီးထုပ်ထဲမှ ကလေးထက်ပင် ပိုသေး၏။

သူကသာ စိတ်ဝင်စားနေပေမယ့် ကောင်လေးကြည့်ရတာ အဆင်ပြေပုံရသည်။ အိပ်နေပုံက အေးအေးချမ်းချမ်း။ မျက်ခုံးပြေပြေ ၊ မှိတ်ထား၍ ပို၍ထင်သာမြင်သာရှိသော မျက်တောင်နက်များ ၊ သွေးရောင်သမ်းသည့် ပါးမို့မို့။ အစိတ်အပိုင်း အနည်းငယ်သာဖြစ်သော်လည်း Perthအတွက် အနည်းငယ် ဆန်းသစ်သည်။ သူမြင်နေကျ ပုံစံများမှ သိသိသာသာကွဲထွက်ကာ အေးချမ်းသော ခံစားချက်တစ်မျိုးရှိသည်ဟု ထင်သည်။

ထိုအချိန်တွင် ကောင်လေး၏မျက်လုံးများ ပွင့်လာခဲ့၏။

"နိုးပြီလား"

ကောင်လေး၏ အိပ်ချင်မပြေသေးသော မျက်လုံးများက သူ့ကို ဝေဝေဝါးဝါးကြည့်သည်။

"ခင်ဗျားက ဘာလုပ်နေတာလဲ"

အိပ်ရာနိုးစဖြစ်၍ ကောင်လေးအသံက မကြည်လင်သေး။ အနည်းငယ် အက်ရှရှဖြစ်နေသည်။

Blind DATE Where stories live. Discover now