(Zawgyi)
"ရော့"
Perth လက်ထဲက အငွေ့ထောင်းထောင်းထနေသော စွပ်ပြုတ်ပန်းကန်ကို လှမ်းပေးတော့ ရောက်ကတည်းက ငူငူငေါင်ငေါင်ထိုင်နေသော ကောင်လေးက မျက်လုံးလေးရွှေ့ရုံ ကြည့်သည်။ သူ ထပ်ပြီး 'ယူလေ' ဆိုသည့်သဘောနှင့် လက်ကိုရှေ့တိုးပေးလိုက်မှ မလှုပ်မယှက် လှမ်းယူ၏။
လက်ထဲရောက်ပြီးတာတောင် စားကောင်းသည့်အရာမဟုတ်သလို ငေးကြည့်နေဆဲမို့ သူပါ ဆိုဖာမှာဝင်ထိုင်ပြီးမှ ဇွန်းကို ကောင်လေး၏ လွတ်နေသည့်လက်ထဲ ပိုင်စိုးပိုင်နင်း ထည့်ပေးလိုက်ရသည်။
အလုပ်ရှုပ်ခံပြီး ပြန်နွှေးပေးတာ ဒီလိုထိုင်ကြည့်နေဖို့မဟုတ်။
"ခုနပြောတော့ ဗိုက်ဆာတယ်ဆို.. အရသာမရှိလည်း နည်းနည်းစားလိုက် ပြီးရင် ဆေးသောက်"
ကောင်လေးက အတန်ကြာ စွပ်ပြုတ်ပန်းကန်ကို ငိုင်ကြည့်နေပြီးမှ တစ်ဇွန်းခပ်၍ ပါးစပ်ထဲ ဖြည်းဖြည်းထည့်သည်။
"အန်တီ ချက်ပေးတာလား"
Perth မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း
"မင်းက မှတ်မိလို့လား"
"အင်း"
သူမှတ်မိသလောက်ဆို ကောင်လေး သူ့အိမ်မှာထမင်းစားဖူးတာ နှစ်ခါပဲရှိသည်။ ဒါက အရသာတစ်ခုအတွက် မှတ်ဖို့လုံလောက်လို့လား။
အင်းပေါ့လေ မေ့လက်ရာက သာမန်မှမဟုတ်တာ ။
ကောင်လေးက နောက်ထပ် တစ်ဇွန်းထပ်စားသည်။ အသားဖတ်လေး တမြုံ့မြုံ့ဝါးရင်း အပြုံးသေးသေးတစ်ခုက နှုတ်ခမ်းထူထူမှာ ပေါ်လာသည်။
"ဖွားလက်ရာနဲ့ဆင်တယ်.. မနက်က ဆန်ပြုတ်လည်း ဒီအရသာပဲ"
"ဩော်"
စားရင်း အရသာတွေ့လာပုံပေါ်သော ကောင်လေးက တစ်ဇွန်းပြီး တစ်ဇွန်း ဖြည်းဖြည်းမှန်မှန်စားသည်။ သူ ခဏ တိတ်ဆိတ်စွာထိုင်ကြည့်နေရင်း ကောင်လေးအတွက် တစ်ရှူးလိပ်ကို အရှေ့တိုးပေးလိုက်၏။
"ဖွားကို အဲ့လောက်ချစ်လား.. မနေ့က တစ်ညလုံး ဖွားပဲခေါ်နေတာ"
"ဟက်.. ကျွန်တော်က အိမ်မက်ထင်လို့"
"အိမ်မက်ထဲမှာ ဘာတွေပြောဖြစ်သေးလဲ.. အဆင်မပြေတာတွေ ပြောလိုက်လား"