တက်သစ်စမင်းသမီးတစ်ယောက်၏ press conferenceတစ်ခုအတွက်အပ်ထားသော ပွဲတက်ဝတ်စုံဒီဇိုင်းအကြမ်းနဲ့တင် တစ်ညနေကုန်နေပြီဖြစ်သည်။ နောက်ဆုံး လိုချင်သည့်အနေအထားကိုစိတ်တိုင်းကျမှ အချိန်ကိုသတိထားမိတော့ ညကိုးနာရီ။ အလုပ်ထဲခေါင်းနှစ်ထားမိပါက အကုန်မေ့သွားတတ်သောသူ့ကိုယ်သူ တစ်ခါတစ်လေတော့လည်း နည်းနည်းလန့်သည်။စိတ်လျှော့ချလိုက်မှ ပူလောင်တက်လာသောအစာအိမ်ကြောင့် အခုထိထမင်းမစားရသေးတာ သတိရ၏။ သူ ဘယ်အချိန်တုန်းကများထမင်းစားဖို့ကိုငြင်းလိုက်မိပါလိမ့်။ ညနေခြောက်နာရီထိုးတာနှင့် အိမ်ရှိလူကုန်လိုက်ခေါ်ခိုင်းပြီး ထမင်းစားပွဲမှာထိုင်ခိုင်းသောဖွားကတော့ အစဉ်အလာပျက်မှာမဟုတ်တာသေချာသည်။
ဝမ်းကပိုပူလာတာကြောင့် ရေမြန်မြန်ချိုးပြီးထမင်းစားရန်အကြံနှင့် အိမ်နေရင်းဝတ်တီရှပ်ပွပွကိုဆွဲချွတ်နေသောလက်က ကုတင်ပေါ်မှ အဝင်ကောတစ်ခုကြောင့် flashဖြစ်လာသောဖုန်းဆီရောက်သွားသည်။
နံပါတ်က သူတစ်ခါမှမမြင်ဖူးသောနံပါတ်စိမ်းဖြစ်၍ ကိုင်ဖို့မကိုင်ဖို့စဉ်းစားနေသေးသည်။
သို့ပေသည့် အစိုးရဋ္ဌာနတွေမှာသုံးလေ့ရှိသည့် နံပါတ်မျိုးဖြစ်တာကြောင့် answerကိုဆွဲချကာ ။
"Hello"
"Mr.Perth Tanaponလားခင်ဗျာ"
"ဟုတ်ပါတယ်"
"ကျွန်တော် ×××ရဲစခန်းကပါ...လူကြီးမင်းရဲ့ညီနှစ်ယောက်ခိုက်ရန်ဖြစ်ပွားမှုနဲ့ စခန်းရောက်လာလို့ အာမခံလာလုပ်ပေးလို့ရမလားဗျ"
ပထမ ရဲစခန်းဆိုသောအသံကြောင့် ဘာပြစ်မှုမှမကျူးလွန်ထားသော သူ ခေါင်းကြီးသွားတာတော့အမှန်။ နောက် ညီနှစ်ယောက်ဆိုသောစကားကိုကြားမှ ရင်ထဲကအလုံးကြီးကျသွား၏။ သူ့မှာဘာညီမှမရှိတာ ဘာကိုအာမခံပေးရမှာလဲ။