(Zawgyi)အချက်နှစ်ဆယ်မျှသော တံခါးခေါက်သံပြင်းပြင်း၏ နောက်တွင် Saint လေးပင်နေသော မျက်ခွံတွေကို ဖွင့်လိုက်သည်။ မျက်လုံးတစ်ဝက်ပွင့်လျက်နှင့် မက်ခဲ့သော အိမ်မက်ရှည်ကြီးကို ပြန်စဉ်းစားနေရင်း နောက်ဆုံး အစရှာမရမှ လေးလံသော ခြေလှမ်းများနှင့် တံခါးရှိရာလှမ်းလာခဲ့သည်။
လမ်းတွင် ဝင်တိုက်မိသော စားပွဲထောင့်စွန်းကြောင့် ပြန်အိပ်ပျော်ရန် အသင့်ဖြစ်နေသော မျက်လုံးများမှာ ပြူးကျယ်သွားသည်။ နာသွားသော ခြေသလုံးအား ပွတ်သပ်ရင်း အပြင်မှခပ်ပြင်းပြင်းထုနေသော လက်ပိုင်ရှင်၏ လက် ကျွံထွက်မလာခင် တံခါးနားအမြန်ပြေးကပ်လိုက်ရသည်။
တံခါးဖွင့်ပြီးပြီးချင်း Planအထင်နှင့် ဆဲရန်ပြန်ထားသော Saintပါးစပ်မှ၊ ထွက်ကျလုလု စကားလုံးများကို အမြန်ဘရိတ်အုပ်လိုက်ရ၏။
"P'Bom!"
"ဘာလုပ်နေတာလဲ"
"ကျွန်တော် အိပ်နေ.."
"မင်းတော့ ဘာမှကို မသိသေးတာပဲ.. ငါ မနေ့က တစ်နေကုန်ဖုန်းခေါ်နေတာ စက်ပိတ်ထားတယ်ဆိုလို့"
Saintတို့ teamမှ ခေါင်းဆောင်ဖြစ်သော P'Bomက သွေးဆူလွယ်သည်။ တစ်ခုခုအမှား လုပ်မိတိုင်း နားပူနေအောင် ဆဲတတ်၏။ Saint၏ ကိုယ်တိုင်ရေးဇာတ်လမ်းတိုလေးတွေ updateမလုပ်မချင်း ထိုင်ဆဲဖို့မမေ့တတ်သော လေးစားရသည့် စီနီယာအစ်ကိုလည်းဖြစ်သည်။
Saint ထင်၍ပဲလား၊ အခု P'Bom၏ ပုံစံက ခါတိုင်းအချိန်များနှင့် မတူ တမူထူးခြားသည်။ တစ်နေကုန် ဖုန်းမကိုင်လို့ အိမ်ရှေ့ထိလိုက်လာရတာတောင်မှ မျက်နှာပေါ် စိတ်ဆိုးသည့်အရိပ်ယောင်မရှိ။ Saint, P'Bom၏ အိပ်ရေးပျက်ထားမှန်း သိသာသော ခပ်နွမ်းနွမ်းမျက်နှာကို အကဲခတ်ကြည့်ရင်း တစ်ခုခုတော့ မှားနေကြောင်း ခံစားလိုက်ရသည်။
"ဘာဖြစ်လို့လဲ P' "
Saint မေးတော့ P'Bomက ပင့်သက်အရင်ရှိုက်သည်။ ပြီးမှ သူ့ထက် အရပ်အနည်းငယ်ရှည်သော Saintကို ထောင့်စွန်းတွင် အနီရောင်သမ်းနေသည့် မျက်လုံးများဖြင့် မော့ကြည့်သည်။