(Zawgyi)"တစ်ခါတစ်လေကျ ခင်ဗျားက.."
"......."
"မနာလိုစရာကောင်းတယ်.. "
အနားသတ်တိုးတိမ်သွားသော အသံဖျော့ဖျော့က Perthအား အမည်မသိသော ခံစားချက်တစ်မျိုးကို ပေးသည်။ အားနာသည်လား ၊ သနားမိသည်လား မဝေခွဲတတ်။ အဆုံးသတ်တွင် သူ အနည်းငယ်လွန်သွားကြောင်း နားလည်လိုက်ရသည်။ တစ်ကိုယ်တည်းသမားအဖြစ် သတ်မှတ်ထားမိသော ကောင်လေးတွင် သူမှီခိုခဲ့ဖူးသည့် မိသားစုရှိကြောင်း မေ့သွားခြင်းဖြစ်၏။
Perth ကောင်လေးနှင့်တွဲစအချိန်က ကောင်လေး၏နောက်ကြောင်းကို စုံစမ်းခဲ့ဖူးသည်။ ထိုအချိန်က ကြီးမားသည့် ပညာတတ်အသိုင်းအဝိုင်းမှ နောက်ခံအင်အားနှင့် များစွာကွာခြားသော ကောင်လေးနေထိုင်မှုကိုကြည့်ကာ အနည်းငယ်အံ့ဩခဲ့သေး၏။ သို့သော် မည်သည့်အကြောင်းအရင်းကြောင့် တစ်ကိုယ်တည်း သီးသန့်ခွဲထွက်ကာ ရပ်တည်နေသည်ကို ဆက်မတွေးမိ။
ထိုစဉ်က စိတ်ဝင်စားစရာမလိုဟုသတ်မှတ်ခဲ့သော အကြောင်းအရာတွေက အခုတော့ သူ့သိချင်စိတ်ကို ပြင်းပြင်းပြပြထိုးဆွနေသည်။
Perth အတွေးတစ်ချို့နှင့် ငြိမ်သက်နေသော ကောင်လေးမျက်နှာအား ဘေးတိုက်အနေအထားမှ မြင်နေရသည်။ ဘာရယ်မသိ ၊ ကောင်လေးကိုကြည့်ပြီး သူပါ စိတ်ထဲ ပေါ့ပါးမှုမရှိတော့။
ထိုမှစ၍ ကောင်လေးလည်း စကားမဆက်သလို သူလည်း စကားစခြင်းမရှိ။
တိုက်ခန်းတွဲရှေ့အရောက်တွင် ရင်းနှီးနေသော ကားတစ်စီးအား အရင်ဆုံးမြင်သည်။ သို့နှင့် Perth၏ လေးလံနေသောစိတ်က ချက်ချင်းနှောက်ကျိသွား၏။
ဒီကောင် တစ်ညလုံး ဒီမှာနေနေတာလား!
ကောင်လေးနှင့်အတူ သူပါ တိုက်ခန်းလှေကားအတိုင်းတက်လာတော့ ကောင်လေးက တစ်ချက်သာကြည့်ပြီး ဘာမှမပြော။
အခန်းရှေ့အရောက် ကောင်လေးက တံခါးကိုခပ်လေးလေးခေါက်သည်။ ကိုယ့်အိမ်ကိုယ် တံခါးပြန်ခေါက်နေရသည့် အခန်းပိုင်ရှင်ကိုကြည့်ပြီး Perth ဘာကို ဘဝင်မကျမှန်းမသိ။ ထိုအချိန်တွင် မျှော်လင့်ထားသည့် မမြင်ချင်သောမျက်နှာက တံခါးဝမှပေါ်လာသည်။
![](https://img.wattpad.com/cover/164500462-288-k768455.jpg)