" မ နှုတ်ခမ်းလေးတွေကလေ ရာအကြိုက်ဆုံး သစ်ကြားသီးအရသာ နေကြာစေ့လိုဘဲ ချိုနေတာဘဲ သိလား ''အတန်ငယ်ရှည်ကြာသော အနမ်းတစ်ခု၏နောက်ပိုင်း မျက်နှာတွေရဲနေသော ရာက ယွန်း၏ရင်ခွင်ထဲ မျက်နှာကွယ်ရင်း မပွင့်တပွင့် ပြောလိုက်၏ ။
ယွန်းလက်တွေက ရာ့ဆံပင်ရှည်တွေကို ခပ်ဖွဖွပွတ်သပ်နေရာမှ ရပ်သွားသည် ။
" အလိုလိုမှ သွေးအားနည်းပါတယ်ဆို ကလေးရယ်... အကြိုက်ဆုံးတောင် နေကြာစေ့တဲ့လား ''
ရင်ခွင်ထဲက ကလေးလေးကို ဆွဲထုတ်ရင်း ပါးလေးတွေကို လက်နှစ်ဖက်နှင့် အုပ်ထားလိုက်သည် ။
" ဒီနေ့ကစပြီး မက ရာ့ကျန်းမာရေးအတွက် အထူးစပါယ်ရှယ် ဂရုစိုက်ပေးမှာမို့ အားကိုးလိုက်တော့နော် ရာ... ''
သူ့စကားအဆုံး ဘာတွေ သဘောကျသွားမှန်းမသိသော ကလေးလေးက တခစ်ခစ်နှင့် ထရယ်နေ၏။ သွားတန်းဖြူဖြူလေးတွေက ရင်ခုန်စေသည့် လက်နက်တစ်ခုဆိုလျှင် သွားစွယ်ချွန်ချွန်လေးတွေက အသက်ခြွေပစ်ချက်တစ်ခု ။
သိပ်ပြီး ချစ်ဖို့မကောင်းပါနဲ့ ကလေးရ... ။
မက တရားပေါက်နေတဲ့ ပုဂ္ဂိုလ်မဟုတ်သေးဘူး ။
ယွန်းနှုတ်ခမ်းတွေက ချစ်စရာသိပ်ကောင်းနေသော အကောင်ပေါက်ကလေး၏ နှုတ်ခမ်းပေါ်သို့ ဦးတည်လိုက်စဥ်...
" မမရေ... ရာ... ''
အိမ်ရှေ့ခန်းက အသံကြီးက အခန်းထဲသို့ပင် ကျယ်လောင်စွာပြန့်နှံ့လာ၏ ။
" ဟင် ''
" ကိုစစ် အသံကြီး ''
ခုမှ မျက်လုံးတွေပြူးကုန်ကြကာ နှစ်ယောက်လုံး အခန်းထဲကနေ ကမန်းကတန်း ကုန်းရုန်းထလာကြ၏ ။
ရာက အနည်းငယ်ရှုပ်ပွနေသော ဆံပင်ကို လက်ဖြင့်သပ်လိုက်ရင်း အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက အမြင်မတော်လှ ။
" အို ကလေးတွေ ဘာတွေဖြစ်ကြတာလဲ ''
ယွန်းက မပြေးရုံတမယ် စစ်မက်တို့နားသို့ မြန်မြန်သွားလိုက်သည် ။ မျက်နှာကြီးရဲနေသော စစ်မက်ကလည်း ဒေါသထွက်နေပုံပေါ်ကာ ကော်လံအဆွဲခံထားရသော ရှင်ကလည်း မျက်နှာရဲနေပြန်၏ ။