“တူ. . . တူ”
ဖုန်းမြည်သံကြားတော့ မျက်လုံးမဖွင့်ချင်တာကြောင့် ဖုန်းကိုစိတ်နဲ့မှန်းပြီး နားကကြားနေရတဲ့ဘက်ကို လိုက်ရှာရတော့တယ်။ တွေ့ပါပြီ ကိုယ်တော်ချောဖုန်းစုတ်။ ဖုန်းကိုကိုင်ပြီး နားပေါ်တင်ထား လိုက်တယ်။ လူကတော့ အိပ်ချင်မူးတူး ဖြစ်နေတုန်းပါပဲ။ အိပ်ရေးမဝသေးပါဘူးဆို ဘယ်သူဆက်တာလဲ။
“ဟဲလို”
“ဟဲလို နှောင်း ခုထိ အိပ်ရာမထသေးဘူးလား”
“အိပ်ရာထရအောင် ဘယ်ချိန်ရှိသေးလို့လဲသိုက်ရဲ့”
သိုက်ဆိုတဲ့အသံကြားတာနဲ့ ပန်းနုတစ်ယောက် ချက်ချင်းခေါင်းထောင်လာပြီး နှောင်းနားပေါ်မှာတင်ထားတဲ့ဖုန်းလေးကိုကပ်ပြီး နားထောင်ပါတော့တယ်။
“ဟင် နှောင်း နောက်နေတာမဟုတ်ပါဘူးနော်။ ကိုးနာရီထိုးနေပြီလေ။ အိပ်မပုတ်ဘူးတဲ့သူက ဘယ်လိုဖြစ်ရတာလဲ”
“ဟုတ်လား . . . ပန်းနုနဲ့ညက လေပေါလိုက်တာ အိပ်ရာထနောက်ကျသွားတယ်။ ဒါနဲ့ အခု သိုက်က ဆေးရုံရောက်နေပြီပေါ့”
“အလုပ်စဝင်တဲ့နေ့ဆိုတော့ ဝိရိယရှိစွာ စောစောထလာရတယ်။ နောက်မို့ဆို ဒီနေ့ နှောင်းနဲ့အတူ အလုပ်ဝင်ရမှာနော်။ နှောင်းကိုလွမ်းလိုက်တာ”
“ပိုပြန်ပြီ အသိုက်ကတော့”
“မပိုပါဘူးကွာ ကိုယ့်မှာ နားခိုမယ့်သူမရှိတဲ့ အသိုက်ပျက်လေးကြနေတာပဲ။ တစ်ယောက်တည်း အားငယ်နေရတာ”
“ဟားဟား ဟုတ်ပါပြီ အသိုက်ပျက်ရေ။ ရုံးပိတ်ရက် ရန်ကုန်ကိုအိမ်လည်လာခဲ့ပါ”
“လာမှာ တစ်ခါတည်း Transferတင်ခဲ့မယ်”
“အလုပ်က ဒီနေ့မှစဝင်တယ်။ ဒီနေ့ Transferတင်မယ့်အကြောင်း ပြောနေပြီ။ မင်းရဲ့ပါးပါး ဆေးရုံအုပ်ကြီး ကြားလို့ကတော့ အတီးခံရမယ့်အပေါက်ပဲ”
“ဘာလို့ ပါးပါးဆေးရုံကိုမှ တည့်တည့်လာကျမှန်း မသိဘူး။ အရမ်းစိတ်ညစ်မိတယ်ကွာ။ ဒါနဲ့နှောင်း ဘယ်နေ့ အလုပ်စဝင်မှာလဲ”
“မနက်ဖြန်မှ စဝင်ရမှာ”
“အင်းပါ . . . နှောင်းဒီနေ့ဘယ်သွားဦးမှာလဲ”
“ဘယ်မှ မသွားဖြစ်လောက်ဘူးထင်တယ်။ ပန်းနုနဲ့ပဲ အာလူးဖုတ်ဖြစ်မှာ”
“ဟုတ်ပါပြီဗျာ ပန်းနုကိုလည်းဂရုစိုက်ပါ။ နှောင်းကိုယ်နှောင်းလည်း ဂရုစိုက်ပါ။ ကိုယ့်ကိုလည်း စဉ်းစားပေးပါ။ အဆင်မပြေတာရှိရင်လည်း ဖုန်းလှမ်းဆက်ပါ။ နှောင်းကို တနေကုန်လွမ်းနေပါ့မယ်။ ချစ်တယ်နှောင်း”
“နှောင်းလည်းသတိရနေပါ့မယ်”
နှောင်းဖုန်းချပြီး ပန်းနုကိုကြည့်လိုက်တော့ ဒေါ်ပန်းနုတို့ ဘာတွေသဘောကျနေတယ်မသိ ပြုံးဖြီးနေတာပဲ။
“ပန်းနု ဘာတွေသဘောကျ”
“နှောင်းနဲ့သိုက်ကို သဘောကျလို့ပါ။ သိုက်က ရုပ်ကိုမမြင်ရပေမယ့် အသံကြားရရုံနဲ့ လူချောလူဖြောင့်မှန်း ခန့်မှန်းလို့ရတယ်”
“အမယ် တကယ်လား ပြောကြည့်ပါဦး။ ပန်းနုပြောတာနဲ့ တစ်ထပ်တည်းနီးပါးတူရင် ဓာတ်ပုံပြမယ်”
“ဓာတ်ပုံပြရုံနဲ့တော့မရဘူး။ နှောင်း Facebook သုံးရင် Video Call ခေါ်ပေးရမယ်။ ဘယ်လိုလဲ Okလား”
“Ok”
“ဒါဆို စပြောပြီနော်။ သိုက်က နှောင်းထက် ခေါင်းတစ်လုံးရှည်တယ်။ သိုက်က ပျော်ပျော်ပါးပါးနေတတ်ပြီး ဖော်ရွေတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ပထမဦးဆုံး တွေ့ဖူးတဲ့သူတောင် ချက်ချင်းခင်သွားနိုင်လောက်အောင် စကားပြောကောင်းတယ်။ သူ့အနားမှာရှိတဲ့သူတိုင်းအပေါ် ဂရုစိုက်တတ်တယ်။ ချစ်သွားပြီဆိုရင် အရမ်းချစ်ပေးမယ့်ကောင်လေးမျိုး။ စိတ်သဘောထားကောင်းတယ်။ စိတ်ထားဖြူစင်ပြီး သနားတတ်တယ်။ ရုပ်ရည်က ဥပဓိရုပ်ကောင်းကောင်းနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ယောင်္ကျားလေးမျိုး ဟုတ်လား”
“ကွက်တိပဲ။ ဘယ်လိုသိတာလဲပန်းနုက။ အကုန်လုံးနီးပါးမှန်အောင် ပြောနိုင်တယ်”
“သူစကားပြောတဲ့ အသံလေးကိုကြားတာနဲ့သိတယ်။ ဂရုစိုက်တတ်တယ်ဆိုတာက တစ်ခါမှမမြင်ဘူးတဲ့ ပန်းနုကိုတောင် နှောင်းနဲ့အနီးဆုံးမှာရှိနေတဲ့သူမှန်းသိလို့ ပန်းနုကိုလည်း ဂရုစိုက်ပါဆိုပြီး ထည့်မှာသွားသေးတယ်။ အဲ့လိုစိတ်ဓာတ်မျိုးက စိတ်ထားဖြူစင်တဲ့ ယောင်္ကျားကောင်းတွေမှာပဲ ရှိတတ်တဲ့အရာမျိုး။ ကဲ . . . ပန်းနုကို ပုံပြတော့။ နှောင်းနဲ့သိုက် ညကြ Video Call ပြောတဲ့အခါ ပန်းနုနဲ့ပါ မိတ်ဆက်ပေးပါ”
“ဟုတ်ပါပြီခင်ဗျာ။ ဒီမှာ သိုက်ပုံ ဒါက ဘွဲ့ယူတုန်းက ရိုက်ထားတာ”
“ပန်းနုထင်တဲ့အတိုင်း သိုက်ကလူချောလေးပဲ။ ပန်နုတွေးထားတာထက် ပိုချောတယ်”
“ကဲ . . . ဒေါ်ပန်းနုလေး ချောတာတွေနောက်ထား။ စကားတွေ အများကြီးပြောရတော့ မောနေမှာပေါ့။ နှောင်း မျက်နှာသစ်ပေးမယ်နော်။ ပြီးရင် ရေချိုးဖို့ အန်တီထားကိုလွှတ်ပေးမယ် Ok”
“Ok”
ပန်းနုကိုသွင်းပေးထားတဲ့ ဆေးပိုက်တွေက အရမ်းများသလို၊ အောက်ဆီဂျင်ပိုက်လည်း တပ်ထားရပါသေးတယ်။ ပန်းနုကိုနှောင်း မျက်နှာသေချာသစ်ပေးပြီးတာနဲ့ ရေမိုးချိုးပေးဖို့ အန်တီထားကို လှမ်းခေါ် ပေးလိုက်တယ်။ ခေါ်တာက တကူးတက သွားခေါ်စရာတော့ မလိုဘူး။ ပန်းနုဘေးက ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ခလုတ်နှိပ်လိုက်တာနဲ့ လာပေးရမှာက အိမ်တော်ထိန်းအန်တီထားရဲ့တာဝန်ပါ။ အန်တီထား အခန်းထဲကိုဝင်လာတာနဲ့ ပန်းနုရဲ့ နှာခေါင်းပိုက်တွေ ဆေးပိုက်တွေကို သေချာဖြုတ်ပေးပြီး ထွက်လာခဲ့လိုက်တယ်။
နှောင်းအခန်းထဲကို ပြန်ရောက်တာနဲ့ ရေမိုးအမြန်ချိုးရတယ်။ ပန်းနုအတွက် အဆီထုတ်ထားတဲ့ နွားနို့ကိုယူပြီး ပန်းနုသောက်ရမယ့် ဆေးတွေကိုပါ အဆင့်သင့်ပြင်ထားပေးလိုက်တယ်။
“နှောင်းလေး ပန်းနုအခန်းထဲကို ဝင်လို့ရပါပြီ”
ပန်းနုကို အားလုံးပြင်ဆင်ပေးပြီးတော့မှ အန်တီထားက လာပြောတာကြောင့် နွားနို့နဲ့ဆေးတွေထည့်ထားတဲ့ ဗန်းလေးကိုကိုင်ပြီး အခန်းထဲကို ဝင်လာခဲ့လိုက်တယ်။
“ဒေါ်ပန်းနု နွားနို့သုံးဆောင်ပါခင်ဗျာ”
နှောင်းကရွှတ်နောက်နောက်လေး ပြောလိုက်တော့ ပန်းနုက သဘောတကျ ရယ်ပါတော့တယ်။ ပန်းနုကို နွားနို့နဲ့ဆေးကို သေချာတိုက်ပေးရတယ်။ နှလုံးရောဂါသည်ဆိုတာမျိုးက တစ်နေ့ရွှေ တစ်နေ့ငွေပါ။ စိတ်ခံစားချက် အတက်အကျပေါ် မူတည်ပြီး ပြောင်းလဲတတ်သလို အလိုလိုနေရင်းလည်း အချိန်တိုင်း ပြောင်းလဲတတ်ပါတယ်။ ပန်းနုကို ဆေးတိုက်ပြီးတဲ့အချိန်မှာ ကိုအလင်းနစ်က ပန်းနုအခန်းထဲကိုဝင်လာတယ်။
“Morning ညီမလေး မွစ်”
ညီမလေးနဖူးလေးကို Morning Kissလေးပေးပြီး နှုတ်ဆက်လိုက်တော့ ညီမလေးကလည်း အလင်းပါးကိုပြန်နမ်းပြီး နှုတ်ဆက်လာတယ်။
“Morning ကိုကို မွစ်”
ဒါဟာ ညီမလေးနဲ့ကျွန်တော့်ရဲ့ မနက်ခင်းတိုင်း နှုတ်ဆက်နေကြ နည်းလမ်းလေးတစ်ခုပါ။ မနက်ခင်းတိုင်း ရုံးသွားခါနီးနှုတ်ဆက်သလို ညနေ ရုံးကပြန်လာတာနဲ့ အရင်ဆုံးနှုတ်ဆက်တာကလည်း ဒီညီမလေးကိုပါပဲ။ ဒီညီမလေးတစ်ယောက်ကိုပဲ အချစ်တွေအများကြီး ပုံပေးထားမိတယ်။
“Morning ညီလေး”
“Morning အစ်ကို”
သူတို့မောင်နှစ်မကိုကြည့်ရတာ သိပ်ကိုချစ်ဖို့ကောင်းတယ်။ တစ်ဦးသောသားဖြစ်တဲ့ နှောင်းအတွက်ကတော့ ဒီမြင်ကွင်းလေးက သိပ်ကိုအားကျစရာကောင်းတဲ့ မြင်ကွင်းလေးတစ်ခုပါ။
ဒါပေမဲ့ မကြာခင်မှာခွဲခွာရတော့မယ့် ဒီမောင်နှစ်မကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။ ဒီလိုကြတော့လည်း သံယောဇဉ်တွေတွယ်ပြီးမှ ခွဲရတာထက် အစကတည်းက မရှိခဲ့တာက ပိုတောင်ကောင်းသေးတယ်လို့ တွေးမိပြန်တယ်။
“ညီမလေးက မနက်စာတောင် စားပြီးသွားပြီလား”
“ဟုတ်ကိုကို ပန်းနု ဆေးလည်းသောက်ပြီးပြီ။ နှောင်းလုပ်ပေးတာ။ နှောင်းကပန်းနုကို မျက်နှာလည်းသစ်ပေးတယ် “
“ဟုတ်လား ကျေးဇူးတင်ပါတယ်နော် ညီလေး”
“ရပါတယ် အစ်ကို”
“ကိုကိုတို့က သူစိမ်းဆန်လိုက်ကြတာ။ ကိုကိုက နှောင်းကို ပန်းနုခေါ်သလို နှောင်းလို့ပဲခေါ်။ နှောင်းကလည်း ပန်းနုခေါ်သလို ကိုကိုပဲခေါ်လိုက်ပါ”
ညီမလေးကပြောတော့လည်း ညီမလေးစိတ်ကြိုက် ဖြစ်စေရတော့တာပေါ့။ ဒီညီမလေး စိတ်ချမ်းသာဖို့ ပိုအရေးကြီးတယ်မို့လား။ ကျွန်တော်ကိုယ်တိုင်ကလည်း ညီလေးဆိုတာထက် နှောင်းကခေါ်လို့ ပိုအဆင်ပြေတယ်လို့ ထင်တာလည်း ပါတာပေါ့။
“ဟုတ်ပါပြီ ညီမလေးရယ်။ နှောင်းကို ကိုကိုက နှောင်းလို့ပဲ ခေါ်ပါ့မယ်။ အဆင်ပြေလားနှောင်း”
“ဟုတ် အစ်ကိုရပါတယ်။ နှောင်းလည်း ပန်းနုလို ကိုကိုပဲခေါ်ပါ့မယ်”
“Ok နှောင်း။ မနက်စာ မစားရသေးဘူးဆို ကိုကိုနဲ့ တစ်ခါတည်း အောက်ကိုလိုက်လာခဲ့လေ။ ကိုကို အန်တီထားကို ညီမလေးအနားမှာ ခဏထားခဲ့ပေးမယ်။ ဖြစ်လား ညီမလေး”
“ဟုတ်ကိုကို ပန်းနုကရပါတယ်။ နှောင်းတစ်ခါတည်း လိုက်သွားလိုက်နော်”
“အင်း။ အဲ့ဒါဆို နှောင်းမနက်စာစားပြီးတာနဲ့ ချက်ချင်း အပေါ် ပြန်တက်လာခဲ့မယ်”
“ရပါတယ် နှောင်းရယ်။ အေးဆေးသွား”
နှောင်းတို့ အောက်ကိုရောက်တော့ ထမင်းစားဝိုင်းမှာ မေမေနဲ့ဖေဖေ၊ ဖွားဖွားနဲ့အန်တီဟေမာတို့က ရောက်နှင့်နေကြပါပြီ။
“မင်္ဂလာနံနက်ခင်းပါ ဖွားမြေးလေးတွေ”
“မင်္ဂလာနံနက်ခင်းပါ ဖွား”
ဖွားနှုတ်ဆက်တာကို ပြန်နှုတ်ဆက်တော့ နှောင်းနဲ့ကိုကို ပြိုင်တူပြောမိကြတယ်။
“သားငယ်လေး ပန်နုလေးကို မနက်စာကျွေးခဲ့ပြီး၊ ဆေးရောတိုက်ပြီးခဲ့ပြီလား”
“ဟုတ်မေမေ သားအားလုံး လုပ်ပေးခဲ့ပြီးပြီ”
“ကျေးဇူတင်ပါတယ် မြေးငယ်လေးရယ်။ ဖွားမြေးလေးကို ဂရုစိုက်ပေးလို့”
“ရပါတယ် ဖွားကလည်း။ နှောင်းလုပ်ပေးတယ်ဆိုတာ ပန်းနုကိုချစ်လို့ပါ။ နှောင်းအတွက်လည်း ဒီလိုလုပ်ပေးတာက အပန်းကြီးတာမှ မဟုတ်တာ။ အဲ့ဒါကြောင့် နှောင်းကို ဖွားနဲ့အန်တီက ကျေးဇူးလည်းမတင်ပါနဲ့။ အားလည်းမနာပါနဲ့နော်”
“ကျေးဇူးတင်ပါတယ် သားရယ်။ ဒါနဲ့ မေမေ့ကို မေမေပဲခေါ်ပါ။ အန်တီလို့မခေါ်ပါနဲ့ သူစိမ်းဆန်တယ်”
အန်တီဟေမာက သူမကို မေမေလို့ခေါ်ခိုင်းတာမို့ နှောင်းလည်း မေမေလို့ပဲခေါ်လိုက်တယ်။ နှောင်းလည်း ခေါ်ချင်ခဲ့ပါတယ် မခေါ်ရဲခဲ့လိုသာ။
“ဟုတ် မေမေလို့ ခေါ်ဖို့ခွင့်ပြုရင် ခေါ်မှာပေါ့။ နှောင်းက ခေါ်ချင်ပါတယ်ခင်ဗျ”
“ချစ်ဖို့ကောင်းလိုက်တဲ့ မေမေ့သားလေး။ သက်နှင်း ဟေမာတို့အိမ်က နှောင်းကို အမွေစား အမွေခံ မွေးစားလိုက်တော့မယ်။ ဘယ်လို သဘောရလဲ”
“အမလေး အကြာကြီးနေကြည့်ပါဦး ဒေါ်ဟေမာ။ အပြောမစောပါနဲ့။ နှောင်းက ကလေးဆိုးကြီးပါ”
“မေမေနော်”
သားက သက်နှင်းကို ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ လှမ်းတားလာတယ်။ သဘောက လူကြားထဲ ဖောက်သည်မချပါနဲ့ပေါ့။
“မဟုတ်လို့လား”
“ဟုတ်တယ် ဟီးဟီး”
ဟုတ်နေတော့လည်း နှောင်းလေး ဝန်ခံလိုက်ရပြန်ပါပြီ။
“ဒါနဲ့နှောင်းလေး မနက်ဖြန် အလုပ်စဝင်ရမှာနော်”
“ဟုတ်ဖွား”
“ဖွားဆေးရုံအုပ်ကြီးကို အကျိုးအကြောင်း ပြောပြပြီး နှောင်းလေး မနက်ဘက်ပဲ အလုပ်ဆင်းနိုင်ဖို့ ခွင့်တောင်းထားတယ်။ ဆေးရုံအုပ်ကြီးကလည်း ရပါတယ်ဆိုပြီး ခွင့်ပြုထားတာမို့ နှောင်းလေးမနက်ဘက်ပဲ ဂျူတီဆင်းရမယ်”
“ဟုတ်ဖွား”
သုခရိပ်မြုံရဲ့ ချမ်းသာကြွယ်ဝမှုက မနည်းမနောမှ မဟုတ်တာ။ နှောင်းကို ဒီလိုအခွင့်အရေးရဖို့ အလှူငွေများများထည့်လိုက်နိုင်ရင် ဖြစ်နေတာပဲလေ။ ဖွားဖွားရဲ့ဩဇာတိက္ကမက တော်ရုံလည်း မဟုတ်ဘူးဆိုတော့ မနက်ဘက်ပဲ ဂျူတီဝင်ဖို့ကိစ္စက အလွယ်လေးပဲပေါ့။
သုခရိပ်မြုံရဲ့ ဩဇာသက်ရောက်မှုက နေရာတိုင်းလိုလိုမှာရှိတာကြောင့် ဒီစံအိမ်က ဖြစ်ချင်ပြီဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စက မရှိသလောက်ကိုရှားပါတယ်။
“မြေးငယ်လေး မနက်ဖြန် အလုပ်သွားဖို့ မနက်ပိုင်းကို ကိုကိုကရုံးသွားရင်းနဲ့ မြေးငယ်လေးကို ဝင်ပို့ပေးခဲ့လိမ့်မယ်။ နေ့လယ်ကြတော့ ဖွားကအိမ်က မောင်သာ့ကို အခေါ်လွှတ်လိုက်မယ် ဟုတ်ပြီလား”
“ဟုတ်ဖွား”
စားလို့ပြီးသွားတဲ့အချိန်ကြတော့ အားလုံးကို နှုတ်ဆက်ပြီး ပန်းနုအခန်းကို နှောင်းပြန်လာခဲ့လိုက်တယ်။
“ဖွား သားရုံးသွားပြီနော်”
“အေး အေး သားကြီး”
“မေမေ၊ မေသက်၊ ဦး သားသွားပြီနော်”
“အေးအေးသား ကားကို ဂရုစိုက်မောင်ဦးနော်”
“ဟုတ်မေမေ။ သားရုံးကိုရောက်ဖို့ နည်းနည်း နောက်ကျမယ်နော်။ မေမေ စိုးရိမ်နေမှာဆိုးလို့။ သားချို့ကို ဝင်ခေါ် ရဦးမှာမို့ပါ”
“အေးပါသားရယ်”
အလင်း မနက်တိုင်း အလုပ်သွားတဲ့အခါ မေမေ မှာနေကြ စကားတစ်ခွန်းက ကားကိုဂရုစိုက်မောင်းဖို့ပါ။ ဖေဖေ ကားAccidentဖြစ်ပြီး ဆုံးသွားကတည်းက မေမေက အိမ်ကလူတစ်ယောက် ကားမောင်းပြီး အပြင်ထွက်ပြီဆိုတာနဲ့ စိုးရိမ်မှုများစွာနဲ့ ကျန်ခဲ့တတ်တဲ့သူပါ။ ထို့ကြောင့် အလင်းရုံးကိုရောက်တာနဲ့ “မေမေ သားရုံးကို ချောချောမွေ့မွေ့ ရောက်ပါပြီခင်ဗျာ”ဆိုတဲ့ စကားကို အမြဲဖုန်းဆက်ပြီး ပြောရတယ်။
ဒီနေ့ အလင်းနဲ့ချိုနဲ့ ချစ်သူသက်တမ်း သုံးနှစ်ပြည့်မို့ ဘုရားလိုက်ပို့ပေးမယ် ပြောထားတာကြောင့် ကျွန်တော့်ချစ်သူ တေးသံသာချိုကို ဝင်ခေါ်ရဦးမယ်လေ။
ချိုတို့အိမ်ရှေ့ကိုရောက်တော့ ချိုကအိမ်ထဲက ထွက်လာတယ်။ သိပ်လှတဲ့ ကျွန်တော့်ရဲ့ချိုပါ။ ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ မဟာဆန်တဲ့ မျက်နှာထားလေးနဲ့ချို။ မြန်မာအင်္ကျီကိုသာ ဝတ်ဆင်တတ်တဲ့ချိုက အသားဖြူတာမဟုတ်ဘဲ ဝါဝါဝင်းဝင်းလေးမို့ ဘာလေးပဲဝတ်ဝတ် သိပ်လှပါတယ်။ အရယ်အပြုံးနည်းတဲ့ချိုက ရယ်လိုက်ရင်လည်း ပါးချိုင့်လေးနှစ်ဖက်နဲ့မို့ သူတစ်ခါပြုံးတိုင်း ကျွန်တော်အသက်ရှူမှားရတယ်။
ချိုက လှလည်းလှသလို ထက်မြက်ပြီး တော်လည်းတော်တယ်။ ဂုဏ်သိက္ခာကိုလည်း အရမ်းတန်ဖိုးထားတယ်။ ချိုက ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ ပါရဂူဘွဲ့ရဒေါက်တာတစ်ယောက်ပါ။ အပြင်ဆေးခန်းလည်းထိုင်သလို ချို့ဖေဖေဖွင့်ထားတဲ့ ကောင်းဆေးရုံမှာလည်း ထိုင်ပါတယ်။ ချိုနဲ့ကျွန်တော်က စေ့စပ်ထားပြီးပါပြီ။ ဒီနှစ်ထဲမှာလက်ထပ်ဖို့ ပြင်ဆင်ထားပေမယ့် ညီမလေးရဲ့ကျန်းမာရေးကြောင့် မင်္ဂလာပွဲကို နောက်နှစ်ထဲကို ရွှေ့ထားရတာပါ။ သဘောထားကြီးတဲ့ချိုက နားလည်ပေးခဲ့တာမို့ ကျေးဇူးလည်းတင်ရပါတယ်။
“မောင် ဘုရားကိုတန်းသွားမှာလား”
“ချိုမနက်စာ စားပြီးခဲ့ပြီလား”
“စားတော့ မစားရသေးဘူး။ ဒါပေမဲ့ စားချင်စိတ်မရှိလို့ မစားတော့ဘူး”
“အင်း ဒါဆို ဘုရားပဲသွားကြတာပေါ့။ ဘုရားကပြန်ရင် ချို့ကိုဆေးရုံဝင်ပို့ပြီး မောင်သွားစရာရှိနေသေးလို့”
“အဲ့ဒါဆို ဘုရားမှာ အကြာကြီး မနေတော့ဘူးလေ။ ချိုလည်း ဒီနေ့ ကြည့်ရမယ့်လူနာ များမှာမို့လို့”
“ကျေးဇူးချို”
ဘုရားကိုရောက်တော့ ဘုရားပန်းနဲ့ ဆီမီးရေချမ်း ကပ်ကြတယ်။ ချစ်သူသက်တမ်း သုံးနှစ်ပြည့်အတွက် ဘုရားအတွက် လိုအပ်နေတဲ့ ရေသန့်စင်စက်တစ်လုံးရယ်၊ ဘက်စုံသုံးဖို့ အလှူတော်ငွေ သုံးသိန်းရယ် လှူဒါန်းခဲ့တယ်။ နှစ်တိုင်းတော့ လှူနေကြဆိုပေမယ့် အရင်နှစ်တွေက မိဘမဲ့ဂေဟာတို့၊ ဘိုးဘွားရိပ်သာတို့မှာ လှူတာပါ။ ဒီနှစ်ကတော့ နှစ်ယောက်လုံး အလုပ်ကိုယ်စီနဲ့ မအားလပ်တာကြောင့် ရွှေတိဂုံဘုရားမှာပဲ လာလှူဖြစ်လိုက်တယ်။ ဘုရားကပြန်တော့ ချို့ကို ဆေးရုံကို ဝင်ပို့ ပေးခဲ့လိုက်တယ်။
“မောင့်ကိုပြောမလို့ မေ့နေတာ။ ချို ဒီည ညဂျူတီရှိတယ်။ မောင် လာမကြိုနဲ့နော်”
“Ok ချို”
“ဒါနဲ့ မောင်ပြောတဲ့ ပန်းနုလေးကို စောင့်ရှောက်ပေးဖို့လာတဲ့ ကလေးလေးကရော ဘယ်နေ့ အလုပ်စဝင်မှာလဲ”
“မနက်ဖြန်မှချို။ မနက်ဖြန် သူ့ကိုပါခေါ်ခဲ့ရမှာ။ အဲ့ကြမှ သူနဲ့ချို့ကို မိတ်ဆက်ပေးမယ်နော်”
“အင်း။ ဒါဆို မောင်သွားတော့လေ။ ကားကို ဂရုစိုက်မောင်းနော်မောင်”
“ဟုတ်ကဲ့ပါဗျာ”
ချို့ကိုနှုတ်ဆက်ပြီးတာနဲ့ မှော်ဘီဘက်က ရုပ်ရှင် ရိုက်ကွင်းကို ထွက်လာခဲ့လိုက်တယ်။ အလင်းက မာန်ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ထားတာမို့ ရုပ်ရှင်ရိုက်ကူရေးအဖွဲ့ကို ရံဖန်ရံခါ သွားရောက်ကြည့်ရှုရတယ်။ ဒီနေ့က မင်းသမီးတစ်ယောက်နဲ့ စာချုပ်ချုပ်ဖို့ရယ်၊ နွေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာနဲ့ ဆွေးနွေးဖို့ကိစ္စတွေရယ်နဲ့ အလုပ်များမယ့်နေ့ပါ။
***********
“နှောင်း”
“ဟင်”
“နှောင်းသာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့တဲ့ သူတစ်ယောက်ဆို ကျန်ရှိနေသေးတဲ့အချိန်ကို ဘယ်လို ကျော်ဖြတ်မှာလဲဟင်”
ပန်းနုရယ် ဘာကြောင့် ဒီမေးခွန်းကို မေးတယ်ဆိုတာ နှောင်းသိတာပေါ့။ ပန်းနုရော ကျန်ရှိတဲ့ အချိန်တွေအတွက် ဘယ်လို အားတင်ထားလဲဟင်လို့ မေးချင်ပေမယ့် နှောင်းမမေးရက်ဘူး။
“နှောင်းမှာ အသက်ရှင့်ရမယ့်အချိန် နည်းနည်းလေးသာကျန်တော့ရင် နှောင်းချစ်တဲ့သူကို နှောင်းချစ်နေတဲ့အကြောင်း သူသိအောင် ဖွင့်ပြောခဲ့မယ်။ အနည်ဆုံးတော့ နှောင်းအချစ်ကို တစ်ဖက်လူ သိစေချင်သေးတယ်။ ပြီးတော့ နှောင်း စိတ်ချမ်းသာအောင်နေမယ်။ နှောင်းကို ပျော်ရွှင်စေနိုင်မယ့် အရာတွေကိုပဲ ဖန်တီးမယ်။ နှောင်းကို ချစ်တဲ့သူတွေအတွက် အချိန်ပေးမယ်”
“အင်း နှောင်းနဲ့ပန်းနု အတွေးချင်းတူတယ်။ အဲ့ဒါကြောင့်ပဲ ပန်းနု စိတ်ချမ်းသာအောင်နေတယ်။ ပန်းနုကိုမြင်လိုက်တာနဲ့ ပန်းနုပျော်နေတယ်ဆိုတာကို သိစေဖို့ ပန်းနုအမြဲပြုံးထားတယ်။ ပန်းနုပျော်ဖို့ဆိုတာ ဖွားဖွားရယ်၊ မေမေရယ်၊ ကိုကိုရယ် စိတ်ချမ်းသာမှဖြစ်မှာ။ ဘာကြောင့်ဆို သူတို့အားလုံး စိတ်ချမ်းသာမှ ပန်းနုပျော်နိုင်မှာမို့လေ”
“ . . . “
“ပန်းနုက မွေးရာပါနှလုံးရောဂါသည်မို့ ပန်းနုကြောင့် မိသားစုအားလုံး ပင်ပန်းခဲ့ရတယ်။ ပန်းနုကို အားလုံးက ပျော်ရွှင်အောင်ထားပေးတယ်။ ပန်းနုစိတ်ချမ်းသာဖို့ကသာ သူတို့အတွက် အဓိကဖြစ်ခဲ့တာ။ သူတို့ဘဝတွေကို ပန်းနုအတွက် အချိန်ကုန်နေရတယ်။ သူတို့အချိန်တွေကို ပန်းနုအတွက် ပေးဆပ်နေရတယ်။ ပန်းနု သူတို့အားလုံးကို အားလည်းအားနာသလို၊ သနားလည်းသနားတယ်။ လွန်ခဲ့တဲ့ငါးနှစ် ဖေဖေ ပန်းနုတို့ဘဝထဲက ထွက်ခွာသွားဝောာ့ ပန်းနုရောဂါက ပိုဆိုးလာတယ်။ ပန်းနုက ဖေဖေနဲ့ကိုကို့ကို အချစ်ဆုံးလေ။ ဖေဖေဆုံးတော့ ပန်းနုအိပ်ရာထဲလဲတာ တစ်လကျော်တယ်”
စကားအများကြီးပြောပြီး မောနေတဲ့ ပန်းနုကို ခဏနားတဲ့အချိန်လေးမှာ နှောင်း ရေခွက်လေး ကမ်းပေးလိုက်တယ်။ သူ့အတွက် သူ့စကားတွေကို နားထောင်ပေးမယ့် ရင်ဖွင့်ဖော်လိုတယ်။ သူ့ခံစားချက်တွေကို ရင်ဖွင့်ဖို့လိုအပ်တာမို့ နှောင်း ဘာတစ်ခွန်းမှ ဝင်မပြောဘဲ လေးနက်စွာ နားထောင်ပေးနေမိတယ်။
“ကိုကိုကပြောတယ်။ ဖေဖေမရှိတော့ပေမယ့် ကိုကိုရှိသေးတယ်လေတဲ့။ ညီမလေးက ဖေဖေ့ကိုပဲ ချစ်တာလားတဲ့။ မရှိတော့တဲ့ဖေဖေ့ကို တမ်းတပြီး နေမကောင်းဖြစ်နေတဲ့ ညီမလေးကိုမြင်ရတော့ ကိုကို့ရင်တွေ နာကျင်ရတယ်တဲ့။ ကိုကိုက ညီမလေး ကျန်းမာပြီး ပျော်ရွှင်နေတာကိုပဲ မြင်ချင်တာတဲ့။ အနည်းဆုံးတော့ ကိုကို့ကိုချစ်ရင် ကိုကို့အတွက် အသက်ရှင်ပေးပါဦးလားတဲ့လေ။ ကိုကိုပြောတဲ့ စကားလေးတစ်ခွန်းကြောင့် ပန်းနုဒီနေ့ထိ အသက်ရှင်နိုင်ခဲ့တာ။ နှောင်းသိလား ပန်းနု ဘာလို့ အမြဲတမ်းပြုံးနေလဲဆိုတာ”
“ဟင့်အင်”
နှောင်းတကယ်မသိပါဘူး။ ဘာကြောင့်လဲလို့ နှောင်းသိချင်နေမိတယ်။ ဒါကြောင့် ပန်းနု ပြောလာမယ့်စကားကို စောင့်စားနေလိုက်တယ်။
“လွန်ခဲ့တဲ့နှစ်လက ပန်းနုအတွက် အချိန်တစ်နှစ်တောင် မကျန်တော့ဘူးဆိုတာ သိလိုက်ရတော့ ပန်းနုဆောက်တည်ရာမရ ဖြစ်ခဲ့ရတယ်။ ပန်းနု မသေချင်သေးဘူးလေ။ ဖွားဖွား၊ မေမေ၊ ကိုကိုတို့ အားလုံးနဲ့ မခွဲနိုင်သေးဘူး။ ပန်းနုမသေရဲဘူး ကြောက်တယ်။ ဒါပေမဲ့ ပန်းနုအခြေအနေကို ပန်းနုကိုယ်တိုင် လက်ခံနိုင်ဖို့ တစ်လလောက် ကြိုးစားပြင်ဆင်ခဲ့ရတယ်။ တစ်လလောက်ကြာတော့ ပန်းနုကိုယ်တိုင် ဖွားဖွားတို့ကို နားချပေးနိုင်ခဲ့တယ်။ သူတို့အားလုံး ပန်းနုကိုကြည့်ပြီး ဝမ်းနည်းနေမှာကိုသိတယ်။ ဒါပေမယ့် သူတို့ကို ပန်းနုအဆင်ပြေနေပါတယ်ဆိုတာကို သိစေဖို့ အမြဲတမ်းပြုံးထားတယ်။ ပျော်အောင်နေတယ်။ အနည်းဆုံးတော့ ပန်းနုပျော်တာမြင်ရင် သူတို့စိတ်ချမ်းသာရမယ်။ သူတို့စိတ်ချမ်းသာမှ ပန်းနုပျော်ရွှင်ရမှာ။ ဒါ့ကြောင့် ပန်းနုပျော်ရွှင်ဖို့ ပန်းနုပြုံးတာ။ ပန်းနုအများကြီးပျော်ရွှင်နိုင်ဖို့ အများကြီးပြုံးတယ်။ ပန်းနု အရမ်းအတ္တကြီးသွားလားဟင် နှောင်း”
ပန်းနုအဖြေကို ပြန်ဖြေပေးဖို့ အင်အားမရှိတာမို့ ပြုံးပြီး ခေါင်းခါပြလိုက်တယ်။ ပန်းနုက သိပ်ကိုဖြူစင်ပြီး အတ္တကင်းလွန်းတဲ့ ကောင်းမလေးပါ။ ဒါကို အတ္တကြီးလားလို့ မေးသတဲ့လားပန်းနုရယ်။ မေးရက်လိုက်တာ။
သူတို့ စိတ်ချမ်းသာတာမြင်ရမှ ကိုယ်ပျော်တယ်ဆိုတာ ပန်းနု သူတို့ကို အရမ်းချစ်လို့ပေါ့။ ကိုယ်ပျော်ဖို့အတွက် သူတို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်ဖို့ အမြဲတမ်းပြုံးနေတာက အတ္တကြီးတယ်လို့ခေါ်မလား ပန်းနုလေးရယ်။ ပြုံးနေရတဲ့သူလည်း တစ်ခါတလေ ပင်ပန်းမှာပေါ့။ ကိုယ့်အတွက် နာကျင်ဖို့ကိုမေ့ပြီး သူတို့စိတ်ချမ်းသာဖို့ကိုပဲ အမြဲတွေးပေးဖို့က တော်ရုံချစ်ခြင်းမေတ္တာမျိုးနဲ့ မဖြစ်နိုင်ဘူးလေ။
“ကဲပန်းနု စကားတွေ အများကြီးပြောရတာ မောသွားမှာပေါ့။ နေ့ခင်းဘက် တရေးတမော အိပ်လိုက်အုံး”
“အင်း ပန်းနုခဏအိပ်မယ်နော်”
“အိပ် အိပ်။ ပန်းနုအနားမှာ နှောင်းထိုင်စောင့်ပေးမယ်။ စိတ်အေးလက်အေး အနားယူလိုက်ပါ”
“အင်း”
ခဏကြာတော့ ပန်းနုအသက်ရှုသံလေးတွေ မှန်လာတယ်။ ဒါဆို အိပ်ပျော်သွားပြီပေါ့။ တစ်နာရီလောက် သိပ်ပြီးရင်နှိုးပေးရမယ်။ နေ့လည်ဘက် ကြာကြာအိပ်လိုက်ရင် ညဘက်မအိပ်ချင် ဖြစ်နေမှာဆိုးလို့ ခဏလောက်ပဲ အိပ်ခိုင်းရမယ်။ ပန်းနု အိပ်ပျော်သွားဝောာ့ အခန်းထဲကို မေမေနဲ့အန်တီထား ဝင်လာတယ်။
“သား သားဖေဖေ ပြန်တော့မယ်။ အောက်ကိုဆင်းပြီး နှုတ်ဆက်လိုက်ဦး။ ပန်းနုကို အန်တီထား စောင့်ပေးလိမ့်မယ်”
“ဟုတ်မေမေ”
မေမေနဲ့နှောင်း အိမ်အောက်ကိုရောက်တော့ ဖေဖေက ပြန်ဖို့ပြင်ဆင်ပြီးနေပါပြီ။
“ဖေဖေ ကားကို သေချာဂရုစိုက်မောင်းနော်”
“ဟုတ်ကဲ့ပါဗျာ နှောင်းလေးလည်း လိမ်လိမ်မာမာနေနော်”
“ဟုတ်ဖေဖေ”
“ဒါဆို ဖေဖေသွားတော့မယ် တာ့တာ။ အသက် ကိုယ်သွားပြီနော်”
“ဟုတ်အစ်ကို။ ကားကို သေချာဂရုစိုက်မောင်းနော်။ အိမ်ပြန်ရောက်တာနဲ့ သက်ကိုဖုန်းဆက်နော်”
“အင်း။ ဒါဆို ကိုယ်သွားပြီ”
“တာ့တာ ဖေဖေ”
ဖေဖေ့ကားလေး ခြံထဲကထွက်သွားတော့ နှောင်း မျက်ရည်လေးတွေ ဝဲလာတယ်။
“ကဲ မေမေ့သားလေး ဖေဖေက ခရီးအဝေးကြီးကို ပြန်ရတာ မငိုရဘူးနော်”
မေမေ့စကားကိုနားထောင်ကာ ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ထုတ်ပြီး မငိုမိအောင် ထိန်းလိုက်တယ်။ ဒါဟာ နှောင်း ဖေဖေနဲ့ ပထမဆုံးအကြိမ် ခွဲဖူးခြင်းပါ။ ပြန်တွေးကြည့်တော့လည်း နှောင်းက တကယ်ကို ကလေးဆိုးကြီးလိုပါပဲလား။
*********
ညဘက်ရောက်တော့ ပန်းနုကို ကတိပေးထားတဲ့အတိုင်း သိုက်ကို Video Call ခေါ်ပြီး ပန်းနုနဲ့ မိတ်ဆက်ပေးရတယ်။
“ဟိုင်း သိုက် စားပြီးပြီလား”
“အင်း ပြီးပြီနှောင်း။ နှောင်းရော”
“နှောင်းလည်းပြီးပြီ။ သိုက်ကို မိတ်ဆက်ပေးစရာလူရှိလို့”
“ဟမ် ဘယ်သူလဲ။ ရောက်တာမှ နှစ်ရက်ရှိသေးတယ်။ နှောင်းက ဘယ်သူတွေနဲ့ ခင်နေတာလဲ။ ကိုယ်စိတ်မချရအောင် မလုပ်ပါနဲ့နှောင်း”
ရယ်ကြဲကြဲနဲ့ စနေတဲ့သိုက်ကို နှောင်းဆူပုတ်ပုတ်လေး ကြည့်လိုက်တော့ အသိုက်ပျက်က အော်ရယ်နေပါရော။
“ကဲပါ ဆူပုတ်မနေနဲ့ ဘယ်သူနဲ့ မိတ်ဆက်ပေးမှာလဲ။ ကိုယ်သိချင်နေပြီ”
“ဒီမှာ နှောင်းရဲ့သူငယ်ချင်း ညီမလေးပန်းနု။ နှောင်းရဲ့သူငယ်ချင်းဆိုလည်း ဟုတ်တယ်။ ညီမလေးဆိုလည်း ဟုတ်တယ်။ ကောင်းကောင်းဆက်ဆံ ကြားလား”
“လူကို သူ့လိုများ မှတ်နေသလားမသိ”
ပြန်ရန်တွေ့နေတဲ့ သိုက်ကို မသိချင်ယောင်ဆောင်ပြီး ပန်နုဘက်ကို ဖုန်းကင်မရာ ရွှေ့လိုက်တယ်။ ပန်းနုတစ်ယောက်တည်းကိုပဲ သေချာမြင်ရအောင် ရွှေ့ပေးလိုက်တာပါ။
“မင်္ဂလာပါသိုက်”
“မင်္ဂလာပါပန်းနု။ ပန်းနုက ချောလိုက်တာဗျာ။ အဲ့ဒါကို ရုပ်ဆိုးတဲ့သူတွေရဲ့ ညီမ မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်လိုလူချောလေးရဲ့ ညီမလုပ်တာဆို တော်သေး”
“ဟားဟား . . . ဟုတ်ပါပြီသိုက်ရယ်။ ဒါဆို သိုက်ကိုပဲ အစ်ကိုတော်တော့မယ်။ နှောင်းရေ နှောင်းနဲ့ပန်းနု ဘာမှ မတော်တော့ဘူးနော်”
ပန်းနုက သိုက်နဲ့ပြောရင်း နှောင်းဘက်ကို လှည့်ကြည့်ပြီး ပြောလာတာမို့ ဆူပုတ်ပုတ်လေးလုပ်ပြီး သိုက်ကိုရန်တွေ့လိုက်တယ်။
“သိုက်စုတ် ငါ့ညီမလေးကို လာမလုနဲ့”
“နှောင်း မင်းအကြောင်း ငါသိတယ်။ မင်းက တစ်ဦးတည်းသောသားဖြစ်ရတာကို မကြိုက်လို့ ညီမလေးတွေ၊ ညီလေးတွေ အရမ်းလိုချင်တာလေ။ မင်း အစ်ကို အရမ်းဖြစ်ချင်နေတာမို့လား။ ပန်းနု ပန်းနု နှောင်းကို ကိုကိုလို့ခေါ်ကြည့်လိုက် နှောင်း နားရွက်တွေ၊ ပါးတွေရဲလာလိမ့်မယ်”
“သိုက်”
နှောင်းက သိုက်ကိုအော်လိုက်တော့ သိုက်တစ်ယောက် အကျယ်ကြီးကို အော်ရယ်ပါလေရော။ နှောင်းရဲ့အထုတ်ကို ဖြည်ချနေတဲ့သိုက်စုတ်။ မေမေနဲ့သိုက်က တကယ်သားအမိတော်ရမှာ။ လူစုံပြီဆို အထုတ်ဖြည်ပြီ။ နှောင်းအရှက်ကို လိုက်ခွဲနေကြတယ်။
“တကယ်ကြီးလား သိုက်”
“တကယ်ကြီး ပန်းနုရဲ့။ ခေါ်ကြည့် ခေါ်ကြည့်”
“ကိုကို”
ပန်းနုတကယ်ခေါ်လိုက်တော့ နှောင်းနားရွက်လေးတွေရဲပြီး ပါးလေးတွေပါရဲလာတယ်။
“ကိုကို ပန်းနုကို ရေခဲမုန့်ဝယ်ကျွေး”
ပန်းနုက ထပ်ခေါ်ပြီးစလိုက်တော့ ပန်းနုရာဆိုပြီး မျက်နှာကြီးကို လက်နှစ်ဖက်နဲ့ အုပ်ထားလေရဲ့။
“တွေ့လားပန်းနု သူက အစ်ကိုသိပ်ဖြစ်ချင်တာ။ သူ့ကို ကိုကိုခေါ်ရင်လည်း အရမ်းကိုရှက်တတ်သေးတာ ဟားဟား”
“သိုက်စုတ်”
ထိုနေ့ညက သိုက်နဲ့ပန်းနုကို မိတ်ဆက်ပေးဖြစ်ခဲ့တယ်။ ဖော်ရွေပြီး သဘောကောင်းတဲ့သိုက်ရယ် သိုက်အကြောင်းကို နှောင်းပြောပြကတည်းက ခင်ချင်နေတဲ့ပန်းနုရယ် ခဏလေးနဲ့ ရင်းနှီးသွားပါတယ်။ သိုက်ကိုက မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြား သနားပါစေဆိုတဲ့ဆုနဲ့ ပြည့်နေတယ် ပြောရမယ်။ဖေဖေနဲ့မေမေဆိုလည်း သိုက်ကို သားလေး သားလေးနဲ့ အရမ်းချစ်တာပါ။ အမောင်သိုက်ကလည်း နှောင်းရဲ့မိဘတွေကို သူ့မိဘတွေလိုပါပဲ ဖေဖေ၊ မေမေနဲ့ ပါးစပ်ကကိုမချဘူး။ သိုက်က ဖေဖေနဲ့မေမေ့ကို စတွေ့ကတည်းက နှောင်းခေါ်သလို ဖေဖေ၊ မေမေပဲ လိုက်ခေါ်တာမို့ ဖေဖေနဲ့မေမေရဲ့ အချစ်ဆုံးလေးဖြစ်ခဲ့တာပင်။
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...