Part 10 (Zawgyi)

2.5K 233 2
                                    

ဒီနေ့က နှောင်းဆေးရုံကို အလုပ်ပြန်ဆင်းမယ့်နေ့ပါ။ ဆေးရုံကနေ ခွင့်ယူထားခဲ့တာ ကြာပြီမို့လား။ ပန်းနုဆုံးပြီးထဲက နှောင်းလက်ထပ်ပြီးတဲ့အထိဆိုရင် တစ်လနဲ့ဆယ့်ရှစ်ရက်ရှိပြီ။ ဒီလိုရက်အကြာကြီး ဆေးရုံကို အလုပ်မသွားပုံမျိုးနဲ့ဆို နှောင်းအလုပ်ထုတ်ခံရတာကြာပေါ့။ တော်သေးတယ် ဖွားဖွားကိုကျေးဇူးတင်ရမယ်။ ဖွားဖွားရဲ့ကျေးဇူးတွေကြောင့်သာ ဒီလိုရက်ရှည်လများ ဆေးရုံးမသွားလည်း ဘာမှမဖြစ်ခဲ့တာ။

ဖေဖေနဲ့မေမေလည်း ဒီမနက်ပဲပြန်မှာဆိုတော့ ဖေဖေတို့ကိုနှုတ်ဆက်ဖို့ အစောကြီးအိပ်ရာထပြီး အလုပ်သွားဖို့ပါ တစ်ခါတည်းပြင်ဆင်လိုက်တယ်။ ပြင်ဆင်ပြီးတာနဲ့ ကိုနစ်ရုံးသွားရင်ဝတ်ဖို့ အဝတ်အစားတွေပါ ထုတ်ပေးခဲ့လိုက်ပြီး အောက်ကိုဆင်းလာတော့ ဖေဖေနဲ့မေမေက ပြန်ဖို့တောင် အဆင်သင့်ဖြစ်နေပါပြီ။

“ဖေဖေ မေမေ”

နှောင်း ဖေဖေ့လက်ကို အားကိုးတကြီးဖက်တွယ်တော့ မေမေက သူ့ရင်ခွင်လေးထဲထည့်ပြီး ဖက်ထားပေးတယ်။

“သားလေး မေမေတို့ ပြန်တော့မယ်။ ကျန်းမာရေးဂရုစိုက်ပြီး နေကောင်းအောင်နေ‌ပါ။ လိမ်လိမ်မာမာလည်းနေပါနော် နှောင်းလေး”

“ဟုတ်ကဲ့ပါမေမေ။ နှောင်းကိုစိတ်ချနော်။ ဖေဖေနဲ့မေမေလည်း ကျန်းမာရေးကိုဂရုစိုက်ပါ။ စိတ်ချမ်းသာအောင်နေပါနော်။ နှောင်းအတွက်လည်း စိတ်မပူပါနဲ့။ သားအဆင်ပြေအောင်နေမှာမို့ စိတ်ချပါဖေဖေနဲ့မေမေ”

“မေမေ့သားလေးကို စိတ်ချပါတယ်ကွယ်။ အိမ်ထောင်သည်ဖြစ်နေပြီဆိုတော့ အရင်လို ကလေးမဆန်နဲ့နော်။ ကိုယ့်အိမ်ထောင်ဘက်အပေါ် ရိုရိုသေသေ လေးလေးစားစားဆက်ဆံ။ အိမ်ထောင့်တာဝန်ကို အတတ်နိုင်ဆုံး ကျေပြွန်အောင် ကြိုးစားနော်ကလေး။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်အောင်နေနော်”

“ဟုတ်ကဲ့ပါမေမေ”

နှောင်းဖေဖေနဲ့မေမေ့ကို ရှိခိုးဦးချကန်တော့လိုက်တယ်။ နှောင်းက ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်သွားပြီဆိုတော့ ဒီတစ်ခါမှ ဖေဖေတို့နဲ့ တကယ်ခွဲရတော့မှာပါ။ သား ဖေဖေတို့နဲ့ ဝေးရာအရပ်မှာ အဆင်ပြေအောင်လို့ မနည်းကြိုးစားယူရဦးမယ်။ သားလည်း ဖေဖေတို့နဲ့ ပြန်လိုက်ချင်လိုက်တာ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ လုံးဝမဖြစ်‌နိုင်‌တော့ဘူးလေ။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now