. . . သည်တန်ခူး ရွှင်မြူး နှစ်ကူးရောက်ပြီလေ ရွှဲဆိုအောင်ပက်လိုက်တော့လေ မောင်မောင်ရယ်တဲ့ . . ရွှဲဆိုအောင် ပက်လိုက်တော့ ချမ်းပါတယ်တဲ့ခင်ဗျ . . သင်္ကြန်ရေတွေ အေးပါတယ်ဆို သင်္ကြန်ရေက ချမ်းပါတယ်ကွယ် . . .
ရွှဲဆိုအောင်ပက်လိုက်တော့လေ မောင်မောင်ရယ်တဲ့ . . ရွှဲဆိုအောင်ပက်လိုက်တော့ ချမ်းပါတယ်တဲ့ခင်ဗျ . . သင်္ကြန်ရေတွေ အေးပါတယ်ဆို သင်္ကြန်ရေက ချမ်းပါတယ်ကွယ် . . .
သင်္ကြန်သီချင်းသံလေးတွေကို နေရာအနှံ့က ကြားနေရတာမို့ ဘာလိုလိုနဲ့ တန်ခူးလတောင် ရောက်ပါရောလား။ အိမ်ရှေ့က ပိတောင်ပင်ကြီးမှာလည်း ပန်းတွေ ခုထိ မပွင့်သေးဘူး။ မနက်ဖြန်ဆိုရင်ပဲ အတက်နေ့ရောက်လို့ သင်္ကြန်တောင်ပြီးတော့မယ်။ ပိတောက်က အဖူးတောင် မဖူးသေးဘူး။
လူတွေကပြောကြတယ် ပိတောက်က သစ္စာမရှိဘူးတဲ့။ ပိတောက်က သစ္စာရှိပါတယ်။ နှစ်တွေလတွေက သစ္စာမရှိတာပါ။ ရက်ထပ်နှစ်တွေမှာ လတွေထပ်ခဲ့လို့ လတွေက တဖြည်းဖြည်း ရွေ့သွားတာပါ။
ပိတောက်ကတော့ သူဖူးပွင့်ရမယ့် အချိန်ရောက်တိုင်း ဖူးပွင့်နေတုန်းပါပဲ။ အချိန်အခါမဟုတ်ဘဲ ကျတဲ့သင်္ကြန်ကိုတော့ လူတွေက အပြစ်မတင်ကြဘူး။ သင်္ကြန်ရောက်ပြီး ပိတောက်မပွင့်သေးတာကိုဘဲ အပြစ်တင်ကြ သစ္စာမရှိဘူးပြောကြနဲ့ အချိန်မှန်ပွင့်ပေးရတဲ့ ပိတောက်ပန်းလေးတွေဘဝက ဘယ်လောက်တောင် သနားစရာကောင်း လိုက်ပါဘိသလဲ။
တကယ်ဆို ပိတောက်က သင်္ကြန်အတွက် သစ္စာရှိခဲ့တာ မဟုတ်ပါဘူး။ သူဖူးပွင့်လို့ရမယ့် ရာသီအတွက်ပဲ သစ္စာရှိခဲ့တာပါ။ သူ့ပွင့်ရမယ့်ရာသီမှာ သင်္ကြန်က ကျရမှာ မဟုတ်ဘူးလား။ အချိန်မှန်မကျတဲ့ သင်္ကြန်ရက်က သစ္စာမရှိတာ မဟုတ်ဘူးလား။ နှောင်းတော့ အဲ့လိုပဲ တွေးမိတယ်။
အိမ်ထဲမှာတော့ ဦးအောင်ရင်ရဲ့ သင်္ကြန်သီချင်းလေးကိုဖွင့်ပြီး သားသားတွေက ပျော်မြူးစွာ ကခုန်နေပါတယ်။ သင်္ကြန်က လူကြီးလူငယ်မရွေး ပျော်ရွှင်မှုကိုပေးတယ်။ သင်္ကြန်ဆိုတဲ့ အမည်နာမလေးကို နှုတ်ဖျားက တလိုက်တာနဲ့ ရင်ခုန်ပျော်ရွှင်မှုကိုပေးပါတယ်။
နှောင်းကတော့ ဒီအသက်အရွယ်ထိ သင်္ကြန်မှာ တစ်ခါမှ မလည်ဘူးသလို လည်ရတာကိုလည်း မကြိုက်ဘူး။ သင်္ကြန်မှာ နှောင်းအကြိုက်ဆုံးက သင်္ကြန်သီချင်းတွေနဲ့ မုန့်လုံးရေပေါ်ကိုပါ။ သင်္ကြန်သီချင်းတွေ နားထောင်ရတာကို ကြိုက်တယ်။ မုန့်လုံးရေပေါ် စားရတာကို ကြိုက်ပါတယ်။ မုန့်လုံးရေပေါ် စားရင်း သင်္ကြန်သီချင်း နားထောင်ရတာကို ပိုကြိုက်ပါတယ် အဟဲ။
ငယ်ငယ်က ‘ရှာပုံတော်မင်သားကြီး’သီချင်းကို ကြားတိုင်း ရှာပုံတော်မင်းသားကြီးကိုသနားပြီး မျက်ရည်ကျခဲ့ဖူးတယ်။ ချစ်သူလေးရဲ့လိပ်စာလေးက ရေတွေစိုလို့ ပြဲကုန်တာဆိုတော့ သူ့ချစ်သူလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလားမေမေလို့ ကလေးအတွေးနဲ့ မေမေ့ကိုမေးခဲ့ဖူးတယ်။
အချစ်စစ်မှန်ရင် တစ်နေ့တော့ ပြန်တွေ့ရမှာပါသားရယ်လို့ မေမေကပြန်ဖြေခဲ့တယ်။ မေမေ့ရဲ့အဖြေစကားကို ကြားခဲ့ရတဲ့အချိန်ကစလို့ နှောင်းဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ လူတစ်ယောက်ကို အချစ်စစ် အချစ်မှန်နဲ့ပဲ ချစ်ပေးမယ်လို့လေ။ ချစ်ရတဲ့သူနဲ့ အကြောင်းတစ်ခုခုကြောင့် ဝေးကွာသွားခဲ့ရရင်တောင် နှောင်းတို့အချစ်တွေစစ်မှန်ရင် တစ်နေ့ပြန်ဆုံနိုင်မယ်လို့ ယုံကြည်ခဲ့ဖူးတယ်။
နှောင်းရဲ့အချစ်တွေ မစစ်မှန်ခဲ့လို့ထင်တယ် ဘယ်တော့မှ ပြန်မဆုံနိုင်မယ့်အဖြစ်ကို ရောက်ရှိခဲ့ရတယ်။ ပေးခဲ့ဖူးတဲ့အချစ်တွေက စစ်မှန်တယ်လို့ ယုံကြည်ခဲ့ပေမယ့် သင်္ကြန်ရောက်တိုင်း မေမေပြောခဲ့ဖူးတဲ့ စကားလေးကို ပြန်ကြားယောင်မိရင် နှောင်းရဲ့အချစ်က မစစ်ခဲ့ဘူးလားလို့ ဇဝေဇဝါ တွေးမိပြန်ပါရော။
ပိတောက်ပင်ကြီးရဲ့အောက်မှာ အတွေးတွေနဲ့ထိုင်နေတုန်း အိမ်ရှေ့က ကားဟွန်းသံကြားလို့ ထွက်ကြည့်လိုက်တော့ ကိုနစ်သူငယ်ချင်းတွေကိုတွေ့လိုက်ရတာမို့ တံခါးဖွင့်ပေးလိုက်တယ်။ လာတဲ့သူတွေထဲက ကားမောင်းတဲ့ ကိုမင်းသူတစ်ယောက်ကိုပဲ နှောင်းရင်းရင်းနှီးနှီးသိပါတယ်။
“အစ်ကိုတို့ ခဏထိုင်ပါဦးနော်။ ကျွန်တော် ကိုနစ်ကို သွားခေါ်ပေးပါ့မယ်”
“အေး ညီလေး ကျေးဇူးပါ”
ဧည့်ခန်းထဲမှာ ဧည့်သည်တွေကို ထိုင်ခိုင်းပြီး ကိုနစ်ကို သွားခေါ်ပေးလိုက်တယ်။
“ကိုနစ် ကိုမင်းသူတို့ရောက်နေပြီ”
“အင်း နှောင်း အအေးလေးချပေးထားလိုက်ပါကွာ။ ကိုယ့်ကိုခဏစောင့်ပါလို့ ပြောပေးပါ”
“ဟုတ်”
အရှေ့ကိုထွက်လာခဲ့ပြီး ကိုမင်းသူတို့အတွက် အအေးချပေးလိုက်တယ်။
“ကိုမင်းသူတို့ အအေးလေးသုံးဆောင်ပါဦးခင်ဗျ။ ကိုနစ်က ခဏစောင့်ပေးပါဦးလို့ မှာလိုက်ပါတယ်”
“အေး ညီလေး ကျေးဇူးပါကွာ”
အအေးချပေးပြီး လှည့်ထွက်သွားတဲ့ အလင်းရဲ့ အမျိုးသားလေးကို ချစ်ထူးက အသင့်ပါလာတဲ့ ရေသန့်ဘူးထဲက ရေတွေနဲ့ လောင်းလိုက်ပါတော့တယ်။
မူးမူးရူးရူးနဲ့ နှောင်းကိုရေလာလောင်းတာမို့ တော်တော်လေး ဒေါသထွက်သွားတယ်။
“တောက်”
နှောင်းရဲ့တောက်ခေါက်သံကို အခန်းထဲက ထွက်ထွက်ချင်းမှာ ကြားလိုက်ရတာမို့ သေချာကြည့်မိတော့ နှောင်းတစ်ကိုယ်လုံး ရေတွေ ရွှဲရွှဲစိုလို့။ အိမ်ကိုလာတဲ့သူငယ်ချင်းတွေကို နှောင်းတောက်ခိုက်လိုက်လို့ အလင်းစိတ်ဆိုးမိပေမယ့် ရေလောင်းတဲ့ကောင်ကို ပိုဒေါသထွက်ပြီး သတ်ပါပစ်ချင်တယ်။
“ဟေ့ကောင် မင်းက ဘယ်သူ့ကို တောက်ခေါက်တာလဲ”
ကျော်နိုင်က ဒေါသထွက်ထွက်နဲ့ ပြောလိုက်တော့ အလင်းအမျိုးသားလေးကို မင်းသူအားနာပြီး ကြားထဲက တောင်းပန်ဖို့ ပြင်လိုက်ပေမယ့် အလင်းကလေးက စကားကို အရင်ဦးအောင် ပြောလိုက်ပါတယ်။
“လူလိုနားမလည်တဲ့ ခင်ဗျားသူငယ်ချင်းက အိမ်ရဲ့ဧည့်ခန်းမှာ ရေလာလောင်းလို့ တောက်ခေါက်တာ ခင်ဗျားမမြင်ဘူးလား”
“သင်္ကြန်တွင်းမို့ ရေပက်တာကို မင်းက ဘာတွေကြီးကျယ်နေတာလဲ”
“သင်္ကြန်တွင်းမို့ ရေပက်ရအောင် ကျုပ်က ရေပက်ခံချင်လို့ လမ်းမပေါ်ထွက်ပြီး လန်းသလားနေတဲ့ကောင်လည်း မဟုတ်ဘူး။ ကျုပ်အိမ်ထဲမှာ ကျုပ်နေနေတာ။ သိပ်ရေပက်ချင်နေတယ်ဆိုလည်း အပြင်မှာ လန်းသလားနေမှပက်”
“မင်းကရော ရေပက်ချင်လာအောင် မြူစွယ်ဖို့ အင်္ကျီပါးပါးလေး ဝတ်ထားတာ မဟုတ်ဘူးလား”
“ကျုပ်အိမ်ထဲမှာ ကျုပ်နေတာ။ အင်္ကျီပါးပါးထူထူ ကျုပ်ဝတ်ချင်တာဝတ်မယ်။ မြှူစွယ်တယ်ပြောရအောင် ခင်ဗျားတို့လာမှာမို့ တမင်ဝတ်ထားတာလည်း မဟုတ်။ ခင်ဗျားတို့လိုလူမျိုးတွေ အိမ်လာမယ်လို့တောင် မထင်ဘူး။ အိမ်ထဲကိုဝင်လာတာက ခင်ဗျားတို့လေ။ ဒါကိုတောင် မြှူစွယ်ဖို့ဝတ်တယ်ပြောတာ တစ်စိတ် မလွန်လွန်ဘူးလားဗျာ။ အင်္ကျီပါးပါးလေးဝတ်တိုင်း မြူစွယ်တယ်ပြောရအောင်လည်း ကျုပ်က အမို့အမောက်တွေရှိတဲ့ မိန်းမလည်း မဟုတ်ပြန်ဘူး။ ဒါကိုတောင် မြူစွယ်တယ်ဆိုတော့ ခင်ဗျားတို့ သမာဓိအား တော်တော်ကောင်းပုံပဲ”
“မင်း မိုက်ရိုင်းလှချည်လား။ မင်းလိုစောက်ခြောက်က အင်္ကျီအပါးဝတ်ပြီး ယောက်ျားတစ်ယောက်ကို မြူစွယ်လို့ရမယ်ထင်ပြီး မြူစွယ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
“ဟုတ်တယ် ကျွန်တော်က စောက်ခြောက်။ ဒါပေမဲ့ အဲ့ဒီစောက်ခြောက်ကို ရယ်စရာသတ္တဝါအဖြစ် လှောင်ပြောင်ပြီး ဟာသလုပ်နေတဲ့ ခင်ဗျားတို့လို ယောင်္ကျားရင့်မာကြီးတွေလောက်တော့ အောက်တန်းမကျဘူး”
“အစ်ကိုပဲ ကြားထဲက တောင်းပန်ပါတယ်နော် ညီလေး။ အစ်ကို့သူငယ်ချင်းတွေက မူးနေလို့ပါကွာနော်။ ကျော်နိုင် မင်းလည်း တော်တော့ကွာ”
ဇာတ်လမ်းကိုစတဲ့အောင်ထူးနဲ့ ရန်မဖြစ်ဘဲ ကျော်နိုင်နဲ့ဆက်ပြီး ရန်ဖြစ်တာမို့ မင်းသူကြားထဲက တောင်းပန်လိုက်တယ်။ တကယ်လည်း ဧည့်ခန်းထဲမှာရေလောင်းမိတဲ့ ကိုယ်တွေဘက်ကပဲ မှားတာ မဟုတ်လား။ ရှေ့ဆက် စကားများရန်ဖြစ်နေရင် အားလုံးအတွက် မကောင်းတာမို့ မင်းသူပဲ ကြားက ဝင်တောင်းပန်လိုက်တယ်။
ကိုမင်းသူ ကြားထဲကဝင်တောင်းပန်လာတာမို့ နှောင်းရှေ့ဆက်စကားပြောမနေတော့ဘဲ နှောင်းတို့အိပ်ခန်းထဲကိုပဲ ပြန်ဝင်လာလိုက်တယ်။
အခန်းထဲကအထွက်မှာ ပြဿနာအားလုံးကို အစအဆုံးကြားလိုက်ရတာမို့ အလင်းဘေးကနေ ဖြတ်လျှောက်သွားတဲ့ နှောင်းကိုကြည့်ပြီး သနားသွားတယ်။ သူငယ်ချင်းတွေက နှောင်းကို ဒီလိုရင့်ရင့်သီးသီးစကားတွေ ပြောရဲတယ်ဆိုတာ လွန်ခဲ့တဲ့လေးနှစ်ကျော် နှောင်းကိုလက်ထပ်ရမယ့် အချိန်တုန်းက အလင်းကအရင် စောက်ခြောက်နဲ့ မယူနိုင်ဘူးကွာလို့ ပြောခဲ့ဖူးတဲ့စကားကြောင့် သူငယ်ချင်းတွေက ခုလိုပြောရဲတာပါ။ နှောင်းအတွက် စိတ်မကောင်းဖြစ်မိသလို သူငယ်ချင်းတွေကိုလည်း တော်တော်ဒေါသထွက်ပါတယ်။
“အလင်း”
“အေး မင်းသူ။ မင်တို့သူငယ်ချင်း အလင်းဆိုတဲ့ကောင်ကလည်း မင်းတို့ပြောတဲ့ စောက်ခြောက်ဖြစ်နေတာဆိုတော့ ငါမင်းတို့နဲ့ မလိုက်တော့ဘူးကွာ နော်။ မင်းတို့ပဲ သွားလိုက်ကြတော့။ ဒီကောင်တွေကို ငါဆွဲမထိုးမိခင် ငါ့အိမ်ထဲက မြန်မြန်ခေါ်သွားပေးပါမင်းသူ”
“အေးပါကွာ။ ကြားထဲက ငါပဲတောင်းပန်ပါတယ် အလင်းရာ နော်”
“အေးရတယ် မင်းကိုစိတ်မဆိုးဘူး”
“တောက်”
ကျော်နိုင်က အလင်းကို ဘာစကားမှ ပြန်မပြောဘဲ တောက်ခေါက်ပြီး မင်းသူဆွဲခေါ်ရာနောက်ကို ပါသွားတယ်။
တောက်ခေါက်လည်း အလင်းဆိုတဲ့ကောင်က မင်းလိုကောင်မျိုးကို စောက်ဂရုမစိုက်ဘူး။
နှောင်းအခန်းထဲမှာ အင်္ကျီလဲနေတုန်း ကိုနစ်က ဝင်လာတယ်။
“ကိုနစ် လိုက်မသွားဘူးလား”
အလင်းကိုမေးလာတဲ့အသံက ခုနက အလင်းသူငယ်ချင်းတွေကို ပြောတဲ့မျက်နှာထား၊ ပြောတဲ့လေသံနဲ့ ဆန့်ကျင်စွာ နူးညံ့လို့နေပါတယ်။ ခုနကလေသံနဲ့ လားလားမှမဆိုင် ပြန်လည်ပျော့ပျောင်းလို့သွားတာက အရင်က အလင်းကိုပြောနေကြ ပုံမှန်အသံအတိုင်း ပြန်ဖြစ်သွားတယ်။ နှောင်းက ဒေါသထိန်းတာ တော်လိုက်တာ။
“အင်း မလိုက်ချင်တော့လို့”
“တောင်းပန်ပါတယ်ကိုနစ်။ ကိုနစ်မျက်နှာကိုမထောက်ဘဲ ကိုနစ်သူငယ်ချင်းတွေကို ပြောလိုက်မိလို့။ ကျွန်တော့်ကြောင့် ကိုနစ်သူငယ်ချင်းတွေကို မျက်နှာပျက်စေမိပြီ”
“မဟုတ်တာ”
“ကျွန်တော့်ကို စကားလုံးတွေနဲ့စော်ကားပိုင်ခွင့်ကို ကိုနစ်တစ်ယောက်တည်းကိုပဲ ပေးထားတာမို့ ကိုနစ်တစ်ယောက်ကိုပဲ သည်းခံပေးလို့ရနိုင်မယ်။ ကိုနစ်ကလွဲလို့ ကျန်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ကိုစော်ကားလာရင် ကျွန်တော့်မာနက ခွင့်ပြုမပေးနိုင်ဘူး။ ကျွန်တော် လုံးဝ သည်းခံမပေးနိုင်လို့ပါ။ တောင်းပန်ပါတယ်”
ကျွန်တော့်ရဲ့သည်းခံနိုင်စွမ်းက ကိုနစ်နဲ့ မိသားစုအပေါ်မှာပဲ ရှိပါတယ်။ ချစ်ရတဲ့မိသားစုနဲ့ ကိုနစ်ကလွဲရင် ကျန်တဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သည်းခံဖို့ အစီအစဉ်မရှိပါဘူး။
“ကိုယ့်သူငယ်ချင်းတွေလွန်တာမို့ ကိုယ်ကပဲ မင်းကို တောင်းပန်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေ မင်းကို စော်ကားခဲ့တဲ့စကားလုံးတွေအတွက် ကိုယ်မင်းကို အနူးအညွတ်တောင်းပန်ပါတယ် မိုးနှောင်းကမ္ဘာ”
“ရပါတယ်”
ထို့နေ့က ကိုနစ်လည်း သင်္ကြန်မလည်ဖြစ်ခဲ့သလို နှောင်းလည်း ဒေါသတွေကို မျိုသိပ်လိုက်ရတာမို့ ခေါင်းတွေကိုက်ပြီး အဖျားပါတက်ခဲ့ရတယ်။
နောက်တစ်နေ့ မနက်မိုးလင်းတဲ့အခါ သားတော်မောင်နှစ်ယောက်ရဲ့ ဂျီကျမှုကို ခေါင်းကိုက်နေတဲ့ကြားက ချော့မော့ဖျောင်းဖျနေရပါတယ်။ သူတို့ဖေဖေ သင်္ကြန်လည်ဖို့သွားမှာကို လိုက်ချင်လို့ ဂျီကျနေကြတာပါ။
“ဖေဖေနဲ့ရိုက်ချင်ရို့ပါ”
“ရေပက်ခံရိုက်ချင်ရယ်”
“တင်္ကြန်ရယ်ချင်ရို့ပါ”
“ပါးပါးနေမကောင်းလို့ ခေါင်းတွေအရမ်းကိုက်နေလို့ လိမ္မာပေးပါကွာနော်”
ဘယ်လိုပဲတောင်းပန်တောင်းပန် ဘယ်လိုပဲချော့ချော့မရတာမို့ နှောင်းလက်လျှော့ပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေမိလိုက်တယ်။
“ဖေဖေ့သားတွေက ဖေဖေနဲ့လိုက်ချင်လို့လား”
“ဟုတ်”
“ကဲ ဒါဆို တီ့ကိုအင်္ကျီလဲခိုင်း။ ဖေဖေခေါ်မယ် သွား”
“မလိုက်ရပါဘူး။ ကိုနစ်လည်း မခေါ်ရဘူး”
“ပါးးးး ဟားးး ဟီးးးး”
မလိုက်ရဘူးဆိုတဲ့ နှောင်းရဲ့စကားအဆုံးမှာ ခြေချင်ထိုးငိုတဲ့သူကငို ကော့ကလန်ထိုး ငိုတဲ့သူကငိုနဲ့ နားကိုအူသွားပါတော့တယ်။ ငိုသံတွေဆူညံနေတာမို့ ခေါင်းတွေလည်း ပိုကိုက်လာရတယ်။
“နှောင်းရာ ဘာမှမဖြစ်ပါဘူး။ ကိုယ်က သူတို့အဖေပါ။ စိတ်ချပါကွာနော်။ စိတ်မချရင် မင်းပါလိုက်ခဲ့လေ”
“ကျွန်တော်မလိုက်နိုင်လို့ပေါ့ ကိုနစ်ရာ။ ခေါင်းတွေကိုက်ပြီး ကိုယ်တွေခြစ်ခြစ်တောက် ပူနေလို့ပေါ့။ နောက်မို့ဆို ကျွန်တော့်သားတွေကို ဒီလောက် အငိုခံခိုင်းပါ့မလား။ ကျွန်တော်ကိုယ်တိုင် လိုက်ပို့မှာပေါ့”
လူလေးတွေကြည့်တော့ လက်တောက်လောက်လေးတွေနဲ့ ရေပက်ခံက ထွက်ချင်သေးတယ်။ သင်္ကြန်လျှောက်လည်ချင်လို့ပါဆိုပဲ။ တကယ်ပါ နှောင်းသားတွေက လူဇိုးတွေ။
နှောင်းနဖူးပေါ်ကို အလင်းလက်တင်ကြည့်လိုက်တော့ ကိုယ်တွေက ခြစ်ခြစ်တောက်ကို ပူနေတာပါ။ မျက်နှာလေးက နီရဲတွတ်နေတာ စတော်ဘယ်ရီသီးလေးလိုပဲ။
“မင်း တော်တော်လေးကိုယ်တွေပူပြီး နေမကောင်းဖြစ်နေတာပဲ။ တော်ပြီ ငါမသွားတော့ဘူး”
“သင်္ကြန်က ဒီတစ်ရက်လေးပဲရှိတော့တာ သွားလိုက်ပါ။ ကျွန်တော်က အဆင်ပြေတယ်။ သားတွေကို စိတ်မချလို့ပါ”
နှောင်းကိုယ်တွေတအားပူနေတာမို့ အလင်းမသွားချင်ပေမယ့် သင်္ကြန်ကလည်း တစ်ရက်ပဲကျန်တော့သလို သားတွေကလည်း သွားချင်နေတာမို့ လိုက်လည်းပို့ချင်ပါတယ်။ ဒါပေမဲ့ သွားရမှာ နှောင်းကိုလည်း စိတ်မချပြန်ဘူး။ ဘယ်လိုလုပ်ရပါ့။
“ကိုယ်. . .”
“ကိုယ်မနေနဲ့ သွားဖို့ပြင်ထားတဲ့ဟာကို သွားစရာရှိတာ သွားလိုက်ပါ။ သားတွေကိုသာ စိတ်မချလို့ မခေါ်ခိုင်းတာပါ။ ကျွန်တော်က အဆင်ပြေပါတယ်။ ကိုနစ်သွားစရာရှိတာကိုပဲ သွားပါ”
“အင်းပါ သွားခွင့်ပေးရင်လည်း သွားပါ့မယ်။ သားတွေကိုလည်း စိတ်မပူပါနဲ့ ကိုယ်ရှိပါတယ် စိတ်ချပါ။ ဟိုမှာ ကိုယ့်သူငယ်ချင်း ကလေးအမေတွေလည်းရှိပါတယ်။ သူတို့ထိန်းပေးပါလိမ့်မယ် နော်။ ကလေးတွေက အရမ်းလိုက်ချင်နေရှာတာကို စိတ်ချလက်ချ ထည့်လိုက်ပါကွာ နော်”
မထည့်လိုက်ချင်ပေမယ့် သားသားတွေက အရမ်းလိုက်ချင်နေတာမို့ ထည့်လိုက်ရတော့မှာပေါ့။
“ဒါဆိုလည်း ယဉ်ယဉ့်ကိုခေါ်သွား”
“မခေါ်သွားပါဘူး။ မင်း ဒီလောက်ဖျားနေတာကို အိမ်မှာတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“ကျွန်တော့်ကို စိတ်မပူပါနဲ့။ ကျွန်တော် ဘာမှမဖြစ်ဘူး ဖျားရုံပဲ။ ယဉ်ယဉ့်ကိုခေါ်သွားပါ”
“မင်းသဘောပါ။ ဖုန်းကိုတော့ ဘေးမှာချထားနော်။ တခုခုဖြစ်ရင် ကိုယ့်ကိုခေါ်လိုက် ကြားလား”
“အင်း။ ယဉ်ယဉ်ရေ”
“ရှင်”
“သားသားတို့နဲ့ လိုက်သွားလိုက်ပါ။ ရေစိုခံအိတ်ထဲကို သားသားတို့အတွက် အဝတ်အစားလေးစုံလောက်နဲ့ နင့်ဖို့ပါ အပိုအဝတ်ထည့်သွား။ သားသားတို့ဖို့ အနွေးထည်နှစ်ထည်လောက် ထည့်သွား။ နင်ဖို့ပါ အနွေးထည်ယူသွားနော်”
“ဟုတ် ကိုနှောင်း”
“ကိုနစ် သားသားတို့ကို ကျွန်တော်စိတ်ချမယ်နော်”
မသွားခင် စိတ်မချတာမို့ ကိုနစ်ကို သေချာမှာရသေးတယ်။
“အင်းပါ စိတ်ချပါ။ ဘာမှမပူနဲ့ သွားပြီနော်”
“အင်း”
“ပါး တာ့တာ”
သားတွေကတော့ လိုက်ရမယ်ဆိုတာနဲ့ အပျော်လွန်ပြီး နှောင်းကို တစ်ချက်လေးမှ လှည့်မကြည့်ဘဲ တာတာ့ ပြောသွားပါတယ်။ လူဆိုးလေးတွေ။ ယဉ်ယဉ်ကရောဘာထူးလဲ သင်္ကြန်လည်ရမယ်ဆိုတာနဲ့ အပျော်ကြီးပျော်နေတာများ မျက်နှာကြီးကို သကာရည် လောင်းထားတဲ့အတိုင်းပဲ ပြုံးလို့ပျော်လို့။ တူတွေနဲ့အတီနဲ့ လိုက်လည်းလိုက်တယ်။
ထိုသို့ဖြင့် ကိုနစ်နဲ့ယဉ်ယဉ်ရယ် ကလေးနှစ်ယောက်ရယ် သင်္ကြန်လည်ဖို့ထွက်သွားတာမို့ အိမ်မှာနှောင်းတစ်ယောက်တည်း ကျန်ခဲ့ရပါတော့တယ်။ တစ်နေကုန် တစ်ယောက်တည်းနေရတာမို့ ပျင်းပျင်းနဲ့ပဲ အိပ်နေလိုက်တော့တယ်။
မိုးနှောင်းကမ္ဘာမပါဘဲ သားတွေနဲ့အတူတူသွားဖူးတာ ဒါပထမဆုံးပါ။ နှောင်းပါလာရင်တော့ သားတွေရဲ့ ဝေယျာဝစ္စမှန်သမျှ နှောင်းကပဲလုပ်ပေးတာမို့ အလင်းဘာမှတောင် လှည့်ကြည့်စရာ မလိုခဲ့ပါဘူး။ ခုတော့ နှောင်းကလည်းမပါ ယဉ်ယဉ်ကလည်း ကလေးဆိုတော့ ရေကစားချင်ရှာမှာလို့တွေးပြီး ရေကစားခိုင်းလိုက်တာ သားတွေရဲ့ဝေယျာဝစ္စမှန်သမျှ အလင်းပဲလုပ်ရပါတော့တယ်။ သင်္ကြန်မှာ ရေပက်ရတာကိုသဘောကျတဲ့ သားသားနှစ်ယောက်က မမတွေကြားထဲ ပျော်လို့ မြူးလို့။ သူတို့ပါးပါး ထည့်ပေးလိုက်တဲ့ အင်္ကျီတွေရော အနွေးထည်ပါ ကုန်နေပြီမို့ လဲပေးစရာ အဝတ်လည်းမရှိတော့ဘူး။ လူလေးတွေကိုကြည့်လိုက်တော့ ကြွက်စုပ်ရေနစ်လေးတွေဖြစ်နေပြီမို့ အိမ်ပြန်ဖို့ပြောတော့ ကိုယ်တော်ချောတွေက မပြန်ချင်ဘူးဆိုပြီး ဂျီကျနေလို့ မနည်းချော့မော့ကာခေါ်ရတယ်။
နှောင်းအိပ်ပျော်နေတဲ့အချိန် ဖုန်းဝင်လာလို့ကြည့်လိုက်တော့ သိုက်တဲ့။
“နှောင်း မနက်ဖြန် ငါရန်ကုန်ကိုလာမှာ။ သန်ဘက်ခါကြရင် ငါနဲ့လာတွေ့ပေးလို့ရမလား။ မင်းကို အရေးတကြီးတွေ့ပေးရမယ့်သူ ရှိလို့ပါ”
“ဟုတ်လား ဘယ်သူလဲဟင် သိုက်”
“သန်ဘက်ခါသာ ငါရှိတဲ့ဆေးရုံကြီးကို လာခဲ့ပေးနော်။ အဲ့ကြမှ ပြောပြမယ်”
“သန်ဘက်ခါနော် သိုက်။ ငါသေချာလာခဲ့ပါ့မယ်”
သိုက် အရေးတကြီး တွေ့ပေးမယ်ဆိုတဲ့သူက ဘယ်သူပါလိမ့်။ သိုက်ကလွဲရင် နှောင်းမှာ သိတဲ့သူလည်း မရှိပါဘူး။
“သေချာလာခဲ့နော် နှောင်း။ ဒါပဲနော် ဖုန်းချလိုက်ပြီ”
“အင်းသိုက် ဒါပဲနော်”
အိမ်ထဲ ဝင်ဝင်ချင်း ‘အင်းသိုက် ဒါပဲနော်’ ဆိုတဲ့ စကားကို ကြားလိုက်ရတာမို့ အလင်းစိတ်ထဲ ဘဝင်မကျဖြစ်သွားတယ်။ ဘာလဲ သူက သိုက်ဆိုတဲ့ ကောင်နဲ့ ဘာလို့ဖုန်းပြောနေတာလဲ။ ဘာစကားတွေ ပြောနေရတာလဲ။ အဲ့သိုက်ဆိုတဲ့ တစ်ယောက်နဲ့ အဆက်အသွယ်ရှိနေတာကို ကိုယ်နည်းနည်းလေးမှမကြိုက်ဘူး မိုးနှောင်းကမ္ဘာ။
အိမ်ထဲကိုဝင်လာတဲ့ သားတွေကိုကြည့်လိုက်တော့ ကြွက်စုတ်လေးတွေ ရေနှစ်ထားတဲ့အတိုင်းပဲ။ ဖျားတော့မှာပဲကွာ။
“ကလေးတွေကို စေတနာရှိလို့ သင်္ကြန်အလည်ခေါ်သွားတယ်ဆိုရင်လည်း ဒီလောက်ရေတွေရွှဲရွှဲဆိုနေတာ စောစောပြန်လာခဲ့ပေးပါ့လား ကိုနစ်ရယ်။ ကျွန်တော့်သားတွေ ဖျားတော့မယ်”
“ငါ့သားကို ငါခေါ်သွားတာလေ။ ဘယ်ဟာ ငါ့သားမှန်းမှ မသိတာ။ အဲ့တော့ နှစ်ယောက်လုံးကို ခေါ်သွားရတာပေါ့။ အစကတည်းက မခေါ်စေချင်ရင် DNA စစ်လိုက်လေ။ အဲ့ဒါဆို ဘယ်ဟာ ငါ့သားမှန်း တိတိကျကျသိရင် ငါ့သားငါခေါ်ပြီး မင့်သားကိုထားခဲ့မှာပေါ့”
သိုက်ဆိုတဲ့တစ်ယောက်နဲ့ ဖုန်းပြောတာကို ကြားလိုက်ရတာမို့ ဘဝင်မကျရတဲ့အထဲ လူကိုတွေ့တွေ့ချင်း အပြစ်တင်စကားလာပြောတာမို့ ဘုတော တောလိုက်မိတယ်။
“ခင်ဗျား ဒီမှာ ခဏရပ်စောင့်နေပေးကိုနစ်”
ဒေါသတကြီးပြောပြီး သားတွေလက်ကိုဆွဲရင်း လှည့်ထွက်သွားတဲ့နှောင်းကိုကြည့်ပြီး သူရပ်ခိုင်းထားတဲ့ နေရာမှာပဲ ရပ်နေမိလိုက်တယ်။
“ယဉ်ယဉ် လာ။ နင်ပါ သားသားတို့အခန်းထဲကိုဝင်။ ကလေးတွေကို ရေစိုအဝတ်တွေလဲပြီး အနွေးထည်ပါဝတ်ပေးထားလိုက်။ ပြီးရင် နွေးနွေးထွေးထွေးဖြစ်အောင်လို့ စောင်ခြုံပေးထားလိုက်”
“ဟုတ်”
ကိုနှောင်းက ဒေါသတကြီးပြောလာတာမို့ ယဉ်ယဉ်ပါလန့်သွားတယ်။ ကိုနှောင်းဒေါသထွက်တာကို ပထမဆုံးမြင်ဖူးခြင်းပါ။ ကိုနှောင်းက ဘာလို့ ဒီလောက် ဒေါသထွက်နေတာပါလိမ့်။ ဘယ်လောက်ပဲ စိတ်ဆိုးစရာရှိရှိ တစ်ခါလေးတောင် စိတ်မဆိုးဘဲ ဒေါသမထွက်ဘူးခဲ့တဲ့ကိုနှောင်းက ပထမဆုံးအကြိမ်ဒေါသထွက်တာမို့ ယဉ်ယဉ်လန့်နေမိပါတယ်။ ကိုနှောင်းပြောတဲ့အတိုင်း သားသားတို့အခန်းထဲကို ယဉ်ယဉ်အရင်ဝင်လိုက်တယ်။
သားနှစ်ယောက်ရဲ့လက်ကိုဆွဲပြီးတော့ သူတို့အခန်းထဲကို ထည့်ပေးပြီးတာနဲ့ Lockချထားလိုက်တယ်။ တစ်အိမ်လုံးမှာ သားတွေနေတဲ့ ဒီအခန်းက အသံလုံမှန် တပ်ထားတာမို့ ဒီအခန်းထဲကနေ အပြင်ကအသံကို မကြားရသလို၊ အထဲကအသံကိုလည်း အပြင်က မကြားနိုင်ပါဘူး။
အသံလုံမှန် တပ်ခဲ့မိဝာာကိုပဲ ကျေးဇူးတင်ရမယ်။ ဒီလို မှန်တပ်ဖြစ်အောင် လုပ်ပေးခဲ့တဲ့သူကိုလည်း ကျေးဇူးတင်တယ်။ ခလေးတွေကို အခန်းထဲထည့်ပြီးတာနဲ့ ကိုနစ်ရှေ့တည်တည့်မှာ မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။
“ခွပ်”
ကိုနစ်ရဲ့ပါးပြင်ပေါ်ကို နှောင်းလက်သီးတစ်လုံး ပစ်ကြွေးလိုက်တယ်။
“မိုးနှောင်ကမ္ဘာ”
ကိုနစ်ဆီကထွက်ပေါ်လာတဲ့ ဒေါသတကြီးအော်လိုက်တဲ့ အသံရဲ့အဆုံးမှာ နှောင်း အပြုံးမမည်တဲ့ မဲ့ပြုံးလေး ပြုံးလိုက်တယ်။ သိပ်နာသွားသလား ကိုနစ်။ ကျွန်တော့်သားတွေနဲ့ပတ်သက်ရင် ကျွန်တော့်နှလုံးသားက အဲ့ထက်ပိုနာတယ်။ ခင်ဗျားက အသားလေးပဲနာတာ ကျုပ်က နှလုံးသားတစ်ခုလုံးနာတာ။ အရာရာကို သည်းခံပေးနိုင်တယ်။ သားတွေနဲ့ပတ်သက်လာရင်တော့ တခြားသူမပြောနဲ့ ခင်ဗျားကိုတောင် သည်းခံမပေးနိုင်ဘူး။
“ဒီအရွယ်က အရာအားလုံးကို လိုက်ပြီး မှတ်တတ်နေတဲ့အရွယ်။ ဒီလိုစကားမျိုးတွေနဲ့ ကျုပ်သားတွေကို စိတ်ဒဏ်ရာ နည်းနည်းလေးတောင် မပေးပါနဲ့ကိုနစ်။ ခင်ဗျားကျုပ်ကို ကြိုက်သလောက်မုန်းနိုင်တယ်။ ဒါပေမဲ့ ကျုပ်ကိုမုန်းတဲ့အမုန်းကို ကျုပ်သားတွေအပေါ် မသက်ရောက်ပါစေနဲ့။ ခင်ဗျားနဲ့ပန်းနု ကလေးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သလို ကျုပ်သားတွေကိုလည်း ခင်ဗျားရဲ့ငယ်ဘဝလို လှပစေချင်တယ်။ အနည်းဆုံးတော့ ခင်ဗျား ကိုယ်ချင်းစာပေးပါ။ ခင်ဗျားသားလို့ မသတ်မှတ်နိုင်ရင်တောင် ခင်ဗျားညီမ ပန်းနုရောင်ကိုတွေးပြီး ကိုယ်ချင်းစာပေးပါ။ ကျုပ်သားတွေမှာ ဘာအပြစ်မှ မရှိပါဘူး”
“ငါက . . .”
“ကျုပ်သားတွေရဲ့ကလေးဘဝကို စိတ်ဒဏ်ရာဒဏ်ချက် ဘာတစ်ခုမှမရှိစေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းစေချင်တယ်။ လှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ပြီး ပြန်ပြောလိုက်တိုင်း ပြုံးပျော်နေရမယ့် ငယ်ဘဝမျိုးလေးကိုပဲ ပိုင်ဆိုင်စေချင်တယ်။ ခင်ဗျားနဲ့ခင်ဗျားညီမ ပိုင်ဆိုင်ခဲ့ဖူးတဲ့ဘဝမျိုးပေါ့။ ခင်ဗျားမေတ္တာမပေးနိုင်ရင်နေပါ ဒဏ်ရာတွေတော့မပေးပါနဲ့။ တခြားကလေးတွေလို အမေမရှိဘဲ ယောင်္ကျားနှစ်ယောက်ကို အဖေတော်ထားရတဲ့ဘဝမှာတင် သူများထက်အောက်ကျပြီး အရာရာသိမ်ငယ်နေရပြီမို့ ဒီထက်ပိုတဲ့ဒဏ်ရာတွေ မပေးပါနဲ့လားဗျာ။ ကျုပ်တောင်းပန်တာပါ ဦးအလင်းနစ်”
ဦးအလင်းနစ်တဲ့လား မိုးနှောင်းကမ္ဘာ။
“အဖေတစ်ယောက်ချင်းဆီက မျိုးဥယူခဲ့တာတောင် တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်လို့ အမေတစ်ယောက်တည်းရဲ့ ဝမ်းထဲမှာ အမွှာအဖြစ်ရောက်လာခဲ့တဲ့ သားနှစ်ယောက်ကို ခွဲဖို့စကားတွေ မပြောပါနဲ့။ ခင်ဗျားတောင် ခင်ဗျားညီမနဲ့ မခွဲနိုင်ရင် သူတို့ကအမွှာ ပိုတောင် မခွဲနိုင်သေးတယ်။ ခင်းဗျားနဲ့ကျွန်တော်နဲ့ပဲ ဘာမှမတော်တာမို့ အဖေပဲမတူတာပါ။ သူတို့က အမေတူပြီး အမေတစ်ယောက်တည်းကပဲမွေးတဲ့ အမွှာညီအစ်ကိုပါ။ ခွဲခြားတဲ့စကားလုံးတွေ မပြောဘဲ ဆင်ခြင်ပေးပါ Please”
စကားရဲ့အဆုံးသတ်မှာ လက်အုပ်လေးချီပြီး Pleaseဆိုတဲ့စကားလေး ပြောလာတာမို့ အလင်းရင်ထဲ နင့်နေအောင်ခံစားသွားရတယ်။ ကိုယ်ကသူ့ကိုသဝန်တိုပြီး ဘာရယ်မဟုတ်ဘဲ ပြောလိုက်တဲ့စကားက သားသားတို့ကို အဲ့လောက်နာကျင်စေလိမ့်မယ်လို့ မတွေးလိုက်မိဘူး။ သူ့ကိုသဝန်တိုလွန်းလို့ ဘုတော တောလိုက်ရုံပါ။ ဒါပေမဲ့ နှောင်းက အဲ့လိုတွေအထိတောင် တွေးခဲ့မိတယ်တဲ့လား။ နှောင်းကလေးလေးနက်နက်တွေးပြီး သားသားတို့စိတ်ဒဏ်ရာရမှာကို စိတ်ပူတယ်တဲ့လား။
ဟုတ်တာပေါ့ အလင်းရဲ့ ဘာမှမရည်ရွယ်ဘဲ ဘာကိုမှမတွေးဘဲ ပြီးပြီးရောပြောလိုက်မိတဲ့ စကားတစ်ခွန်းကြောင့် သားသားတို့စိတ်ထဲ ဒဏ်ရာဒဏ်ချက် ဖြစ်သွားစေနိုင်တယ်ဆိုတာကို မတွေးမိခဲ့ဘူး။ မင်းကိုမုန်းလို့ မင်းကိုမကျေနပ်လို့ မဟုတ်သလို သားသားတို့ကို သားလို့မသတ်မှတ်နိုင်လို့ နာကျင်စေချင်လို့လည်း မဟုတ်ပါဘူး။ သားတို့ကိုစိတ်ဒဏ်ရာပေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ မင်းကိုချစ်လွန်းလို့ သဝန်တိုရုံသက်သက် ပြောခဲ့မိတာပါ။
အရှေ့တည့်တည့်မှာ အလင်းကိုစိုက်ကြည့်ပြီး စကားဆက်ပြောဖို့ပြင်နေတဲ့ မိုးနှောင်းကမ္ဘာကို စကားဆက်မပြောနိုင်အောင်လို့ ဆူထော်ပြီး ရန်တွေ့နေတဲ့နှုတ်ခမ်းလေးကို အနမ်းပေးလိုက်တယ်။ နုနုအိအိလေးနဲ့ ချိုပါတယ်။ အချိန်တော်တော်ကြာနမ်းလိုက်တော့ အသက်ရှူလို့မရတော့လို့ထင်တယ် အလင်းရင်ဘတ်ကို လက်သေးသေးလေးတွေနဲ့ တဘုန်းဘုန်းထုလာတာမို့ လွှတ်ပေးလိုက်တယ်။
“အဲ့ဒါက ကိုယ့်ကို ကက်ကက်လန်ရန်တွေ့နေလို့ အပြစ်ပေးတာ”
“ဒါက သိုက်ဆိုတဲ့တစ်ယောက်နဲ့ ဖုန်းပြောပြီး ကိုယ့်ကိုသဝန်တိုအောင်လုပ်လို့ အပြစ်ပေးတာ”
စကားအဆုံးမှာ နောက်တစ်ကြိမ် ထပ်နမ်းလိုက်တယ်။ ဒီတစ်ခါတော့ လွှတ်ပေးဖို့ အစီအစဉ်မရှိတော့ဘူး။ အသက်ရှူချင်တယ်ဆိုရင်လည်း ကိုယ့်အနမ်းတွေလစ်ဟနေတုန်းခဏမှာ လိုအပ်တဲ့အောက်ဆီဂျင်ကို အပြည့်အဝရှိုက်သွင်းပြီး ရှူထားလိုက်။ မင်းဘယ်လောက်ပဲထုထု မင်းဘယ်လောက်ပဲ ရပ်တန့်အောင်လုပ်လုပ် မင်းဘယ်လိုပဲ ရပ်ပေးဖို့ခွင့်တောင်းတောင်း ကိုယ်မင်းကိုနမ်းတဲ့ အနမ်းတွေကို ရပ်တန့်ပေးဖို့ အစီအစဉ်မရှိတော့ဘူးမိုးနှောင်းကမ္ဘာ။
တချို့က သဝန်တိုခြင်းကို နားလည်မှုနဲ့ ထိန်းတယ်တဲ့။ ကျွန်တော့်အတွက်ကတော့ သဝန်တိုလာရင် ဘာနဲ့မှထိန်းလို့မရဘဲ ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကပဲ ကြီးစိုးလာတယ်။ နားလည်မှုနဲ့ ထိန်းပေးချင်ပါတယ်။ ဒါပေမဲ့ နှောင်းကကိုယ့်ကို လုံးဝမချစ်ဘူးဆိုတဲ့ အတွေးဝင်လာတိုင်း ဆုံးရှုံးရမှာကြောက်တဲ့စိတ်က ပိုတိုးလာတယ်။
အချစ်ဆိုတာ စချစ်မိပြီဆိုတာနဲ့ စပူလောင်ရတော့တာပဲ။ ငါ့ကို မချစ်ဘူးလားလို့တွေးပြီး ပူလောင်ရသလို ငါ့ကိုဘယ်တော့များ ထားသွားမလဲဆိုပြီး ပူလောင်ရတယ်။ ပိုင်ဆိုင်ထားရတယ်ဆိုရင်တောင် ငါသူ့ကို ဆုံရှုံးရတော့မှာလားလို့တွေးပြီး စိုးရိမ်မှုတွေနဲ့ နာကျင်နေရတာမျိုး။
တချို့က အချစ်ကို ပေးဆပ်ခြင်းဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ တကယ်ချစ်တဲ့သူဆိုရင် သူပျော်ရွှင်နေတာလေးကို မြင်နေရရုံနဲ့ ကိုယ်ပါပျော်ရွှင်ရတယ်တဲ့။ ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကြောင့် သူပျော်ရွှင်နေရတယ်ဆိုရင်တောင် ကိုယ်က သူပျော်ရွှင်နေတာလေးကို ငေးကြည့်နေရရုံနဲ့ သူ့အပြုံလေးကိုမြင်ရရုံနဲ့ ဘဝကပြီးပြည့်စုံတယ်တဲ့။
ကျွန်တော့်အတွက်ကတော့ အချစ်က ရယူပိုင်ဆိုင်ခြင်းပါ။ ကျွန်တော်သူ့ကိုအရမ်းချစ်တာမို့ တခြားသူလက်ထဲကို မထည့်လိုက်နိုင်ဘူး။ ဘယ်သူ့နောက်မှ အပါမခံနိုင်ဘူး။ ကျွန်တော်သိပ်ချစ်တာမို့ ကျွန်တော့်အနားမှာပဲ အမြဲနေနိုင်အောင် ဆွဲခေါ်ထားမှာ။ ကျွန်တော့်အချစ်မှာ အတ္တအနည်းငယ်တော့ ပါကောင်းပါပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို အမြတ်နိုးဆုံးချစ်တယ်။
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...