Part 28 (Zawgyi)

3.7K 221 0
                                    

နှောင်းဆေးရုံကိုရောက်တဲ့အခါ စိန်ပန်းပင်လေးရှိရာကို အပြေးလေးသွားလိုက်တယ်။ စိန်ပန်းပင်လေးရဲ့အောက် ခုံတန်းလေးပေါ်မှာထိုင်ရင်း ဒူးလေးပေါ်လက်ထောင်ပြီး မျက်နှာလေးကို လက်နဲ့အုပ်ထားတဲ့သိုက်ကို တွေ့လိုက်ရတယ်။ တစ်ကိုယ်လုံးက တစ်သိမ့်သိမ့်တုန်နေတာမို့ ရှိုက်ငိုနေတယ်ဆိုတာကို မြင်ရတဲ့လူတိုင်း သိနိုင်ပါတယ်။

“သိုက်”

သိုက်ရှေ့တည့်တည့်မှာရပ်ပြီး နာမည်လေးကိုခေါ်လိုက်တဲ့အခါ နှောင်းကိုမော့ကြည့်လာတဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေက အဆက်မပြတ် စီးကျလို့နေတယ်။ ဘာလို့ ဒီလောက်တောင် ဝမ်းပမ်းတနည်း ငိုနေရတာလဲ။ မင်းကိုဝမ်းနည်းစေတဲ့အရာက မဟုတ်မှလွဲရော ငါထင်နေတဲ့အတိုင်းပဲလားသိုက်။

“နှောင်း ကလေးငယ် ဆုံးသွားပြီ”

နှောင်းထင်တဲ့အတိုင်းပါပဲလား။ ရှစ်လကျော်နီးပါး သိုက်စောင့်ရှောက်ပေးလာခဲ့တဲ့ ကလေးငယ်၊ သိုက်လက်နဲ့ ကိုယ်တိုင်မွေးပေးခဲ့တဲ့ ကလေးငယ်လေးက လူ့လောကကနေ ထွက်ခွာသွားပြီတဲ့လား။ မင်းငိုသင့်တာမို့ ငါမင်းအနားမှာရှိနေတုန်းလေး မင်းအဝငိုလိုက်ပါ။

“နာကျင်မှုကနေ လွတ်မြောက်သွားတယ်လို့ ဖြည့်တွေးလိုက်ပါ။ မင်းအတတ်နိုင်ဆုံး စောင့်ရှောက်ပေးခဲ့တယ်မို့လား။ အကောင်းဘက်ကတွေးပြီး ဖြေသိမ့်လိုက်ပါ”

သိုက်ဘေးမှာဝင်ထိုင်ရင်း သိုက်ရဲ့ကျောပြင်လေးကို လက်လေးနဲ့ ဖွဖွလေးပုတ်ပေးပြီး အားပေးစကား ပြောလိုက်တယ်။

“အင်း အကောင်းဘက်ကပဲ တွေးရတော့မှာပေါ့”

“အနည်ဆုံးတော့ အဲ့လိုလေးတွေးမှ မင်းနာကျင်ရ သက်သာမှာလေ”

“ငါက ရှစ်လကျော်ကိုးလနီးပါး ကလေးငယ်ရဲ့အနားမှာနေပြီး ကလေးငယ်ကို စောင့်ရှောက်ပေးခဲ့တယ်လို့ လူတွေကထင်ကြမှာပေါ့။ တကယ်တော့ ကလေးငယ်က ငါ့ကို ရှစ်လလုံး အဖော်ပြုပေးခဲ့တာပါ။ ငါဝမ်းနည်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ၊ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ ကလေးငယ်နဲ့ စကားပြောလိုက်ရရုံနဲ့ အရာအားလုံး ပြေပျောက်သွားခဲ့ရတယ်။ ကလေးငယ်ကိုပြုစုရင်း ငါနာကျင်ရသမျှကို မေ့အောင်ကြိုးစားခဲ့တယ်။ ငါပျော်နေရင် သူလည်းပျော်တယ်ဆိုတဲ့ ကလေးငယ်ရဲ့စကားကြောင့် စိတ်ညစ်စရာရှိရင်တောင် အမြဲတမ်းပြုံးခဲ့ပြီး၊ ပျော်အောင် နေခဲ့တယ်။ ငါလေ ကလေးငယ်ကို ငါ့ညီမလေးလိုရော၊ ငါ့သမီးလေးလိုပါ သိပ်ချစ်ခဲ့တာ။ လောကကြီးက ငါ့အပေါ် ရက်စက်တယ်လို့ပဲ ပြောရမလား ငါချစ်ရတဲ့သူတိုင်းကို ငါ့အနားကနေ ငါလုံးဝပြန်မရနိုင်တော့မယ့် ငါနဲ့အဝေးဆုံးနေရာကို ခေါ်ထုတ်သွားကြတယ်။ တကယ်ပါ ငါလူတွေကို မေတ္တာပေးရမှာကြောက်တယ်။ ငါမေတ္တာပေးလိုက်မိတိုင်း ငါ့အနားကနေ အဝေးဆုံးကို ငါကိုယ်တိုင်မောင်းထုတ်မိသလို ဖြစ်နေခဲ့တယ်”

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now