Part 21 (Unicode)

19.5K 1.5K 98
                                    

ရက်‌တွေလတွေ အလီလီပြောင်းခဲ့သလို တစ်ဆောင်းကုန်လို့ တစ်နွေလည်းကူးခဲ့ပြီ။ အရာရာဟာလည်း နေသားတကျ ဖြစ်ခဲ့ပါပြီ။ နှောင်းရဲ့အိမ်ထောင်ရေးဟာလည်း ပြေလည်ပြီး တည်ငြိမ်စပြုနေပါပြီ။ သားသားတို့လည်း အသက်နှစ်နှစ်နဲ့ရှစ်လ‌ ရောက်လာသလို နာညီး လောက်အောင်‌လည်း စကားပြောတတ်နေပါပြီ။ ဘာတွေပြောမှန်းသာ နားမလည်တာပါ။ စကားတွေက မပီကလာ ပီကလာတွေနဲ့ နားလည်တာလည်း ရှိသလို နားမလည်တာတွေလည်း ရှိပါတယ်။

နှောင်းအတွက်တော့ အရာရာဟာ မနေ့တနေ့ကလိုပဲ။ နှောင်းရန်ကုန်ရောက်တာ လေးနှစ်နဲ့လေးလတောင် ရှိခဲ့ပြီ‌ပေါ့။ နောက်နှစ်ရက်နေရင် အိမ်ထောင်သက် လေးနှစ်ပြည့်ပြီ။ တစ်ခါတလေမှာ ဘဝဟာ မျှော်လင့်မထားတာတွေ ဖြစ်တတ်တယ်။

နှောင်းရန်ကုန်ရောက်ပြီး သုံးလအကြာမှာ ပန်းနုက အားလုံးနဲ့ဝေးရာကို ထွက်ခွာသွားတယ်။ ရန်ကုန်ရောက်ပြီး လေးလအကြာမှာ ကိုနစ်နဲ့လက်ထပ်လိုက်ရတယ်။ ရန်ကုန်ရောက်ပြီး ဆယ်လအကြာမှာ သားသားတို့ကို နှောင်းတို့ဘဝထဲကို ဆွဲသွင်းခဲ့တယ်။ ရန်ကုန်ရောက်ပြီး တစ်နှစ်ခွဲ‌နှစ်နှစ်နီးပါးအကြာမှာ သားသားတို့က နှောင်းဘဝထဲကို ရောက်လာခဲ့တယ်။

ရန်ကုန်ရောက်ပြီးမှ နှောင်းဘဝက အရာရာအားလုံး မျှော်လင့်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်ခဲ့ရတယ်။ အစပိုင်းမှာတော့ နာကျင်မှုတွေအပြည့်ပါပဲ။ ခုတော့ အရင်လိုမဆိုးပေမယ့် တဖြည်းဖြည်းတော့ အဆင်ပြေလာခဲ့ပါပြီ။ အချိန်တွေက တဖြည်းဖြည်း ကုစားသွားတယ်လို့ ပြောရမှာပေါ့။ ကိုနစ်လည်း နှောင်းအပေါ် အရင်လိုမဆိုးတော့ပါဘူး။

“ပါးပါး”

ကိုကိုးလေးခေါ်တဲ့ အသံကိုကြားလို့ လှည့်ကြည့်လိုက်မိတယ်။ ဒီသားတွေဟာလေ နှောင်းကို ဖေဖေခေါ်ဖို့ ဘယ်လောက်ပဲသင်သင် ဖေဖေလို့မခေါ်ဘဲ ပါးပါးလို့သာ အမြဲခေါ်ကြတယ်။ ကိုနစ်ကိုတော့ ဖေဖေတဲ့။ နှောင်းကြမှ ပါးပါးရတယ်လို့။ တကယ်ဆို နှောင်းက ဖေဖေ အခေါ်ခံချင်တာပါ။

“ပါးပါး”

“ဗျာ”

“ဖေဖေရော”

“ဖေဖေက အခန်းထဲမှာရှိမှာပေါ့ဗျာ”

“ဖေဖေ့ချီ တွားမို့”

“ဟုတ်ကဲ့ပါဗျ”

ဖေဖေဘယ်မှာလဲမေးပြီး ဖေဖေရှိရာကိုသွားတဲ့ကိုကိုး။ အဖေချစ်လေး။

“ပါးပါးရေ”

“ဗျာ”

ဒါလေးကတော့ ဂိုဂိုးလေးရဲ့ခေါ်သံ။ မီးဖိုခန်းထဲမှာ ယဉ်ယဉ့်ကို နှောက်ယှက်နေတဲ့ ဂိုဂိုးလေးအသံပါ။

“ပါးပါး”

“လာပါပြီဗျာ။ ဘာအလိုရှိပါသလဲခင်ဗျာ”

“တားတား ဒီမုန့်ချားရို့ရရား”

သားသားပြောတဲ့ မုန့်ဆိုတဲ့အရာကို ကြည့်လိုက်တော့ ထန်းသီးတွေပါ။ မယ်ယဉ်ယဉ်ကတော့ သူ့ရွာကိုသတိရလို့ ဝယ်လာပြန်ပြီထင်တယ်။

“သားသားစားချင်ရင် တီတီ့ကို ခွင့်တောင်းလိုက်လေ”

ယဉ်ယဉ်စားချင်လို့ ဝယ်လာတဲ့အရာမို့ ယဉ်ယဉ့်ဆီက ခွင့်တောင်းစေတာပါ။

“ပါးကို ကြောတဲ့”

“ဟုတ်တယ် ကိုနှောင်းရေ။ ထန်းသီးတွေဆိုတော့ သားသားတို့ကို ကိုနှောင်းခွင့်ပြုချက်မရဘဲ မကျွေးရဲလို့”

“ဪ ကျွေးလို့ရပါတယ်။ အခွံလေးတော့ ပြောင်အောင် ခွာကျွေးနော်ယဉ်ယဉ်။ ပြီးတော့ တစ်အိမ်လောက်ပဲကျွေး။ ဘေးကြောတွေ တင်းမှာဆိုးလို့”

“ပါးပါး ဒီရို ရှားချင်”

လက်ကလေးနှစ်ချောင်းထောင်ပြီး ခွင့်တောင်းလာတဲ့ သားငယ်လေးကို ခေါင်းငြိမ့်ပြီး ခွင့်ပြုလိုက်တော့ အတော်ပျော်သွားပုံရတယ်။ ကဆုန်ပေါက်နေရှာတဲ့ ဂိုဂိုးလေး။ တကယ်တော့ သူ့လက်ချောင်းက ဘယ်နှစ်ခုဆိုတာတောင် သူမသိသေးပါဘူး။ ယဉ်ယဉ် ကျွေးသလောက်ပဲ စားရမှာပါ။

“ယဉ်ယဉ် သားသားကို တစ်ခုကြီးကျွေးလိုက်နော်”

ယဉ်ယဉ့်ကို မျက်လုံးမှိတ်ပြလိုက်တော့ ယဉ်ယဉ်က အထာနပ်စွာနဲ့ ခေါင်းငြိမ့်ပြလာတယ်။ အဲ့လိုပဲ သူတို့ လက်ညှိုးထောင်ပြချင်သလောက်ထောင်ပြ နှောင်းက ခေါင်းငြိမ့်ပေးလိုက်တယ်။ ပြီးရင် ယဉ်ယဉ့်ကို ဘယ်လောက်ကြီး ကျွေးလိုက်ဆို ပြီးသွားပြီ။

“ဟားးးး အီးးဟီးးးးးး ဖေဖေးးး ဟီးးး”

ဆူးဆူးဝါးဝါးထငိုတဲ့ကိုကိုးကြောင့် နှောင်းတို့ အိပ်ခန်းရှိရာကို အမြန်ပြေးရပြန်တယ်။ ခုနကမှ ဖေဖေ ဘယ်မှာလဲလို့မေးပြီး ဖေဖေရှိရာကိုသွားတဲ့ကလေးက ခုတော့အော်ငိုလို့နေပါပြီ။ သူ့ဖေဖေနဲ့ ရန်ဖြစ်ပြီထင်ပါရဲ့။

“ကိုကိုး ငါမင်းရဲ့ပါးပါးမဟုတ်ဘူးနော်။ မဆိုးနဲ့”

အခန်းထဲကိုမဝင်ခင် ကိုကိုးကိုဆူနေတဲ့ ကိုနစ်ရဲ့အသံကို ကြားလိုက်ရတာမို့ အခန်းထဲကို ကပျာကယာ ပြေးဝင်လိုက်ရတယ်။ အခန်းထဲကိုဝင်ဝင်ချင်းပဲ ကိုနစ်ခြေထောက်နားမှာ ငုတ်တုတ်ထိုင်ပြီး ကိုနစ်ရဲ့ဘောင်းဘီစကိုဆွဲထားတဲ့ ကိုကိုးလေးကို တွေ့လိုက်ရတယ်။ ဒီသားအဖတွေ ဘာဖြစ်ကြပြန်ပါပြီလဲ။ ဘယ်တော့မှမတည့်တဲ့ သားအဖနှစ်ယောက်။

ကိုကိုးဆိုတာလည်း အမြဲဆူနေတဲ့ သူ့ဖေဖေအနားမှာ မနေရရင်ကို မနေနိုင်ဘူး။ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတာ ဒင်းတို့သားအဖကို ပြောတာနေမယ်။ ကိုနစ်ဆိုတာကလည်း အသက်သာကြီးတာ ကလေးတွေနဲ့အပြိုင် ရန်ဖြစ်ဖို့ ဝန်မလေးဘူး။ နှောင်းအပေါ်ကိုမချိုသာလို့ သားသားတွေအပေါ်မှာတော့ ချိုသာမယ်လို့မထင်နဲ့ ဘယ်တုန်းကမှ မချိုသာဘူး။

“ဘာတွေ ဖြစ်ကြပြန်ပြီလဲဗျာ”

“ဘာဖြစ်ရမှာလဲ မင့်သားပေါ့ ငါအပြင်သွားမှာကို လိုက်မယ်ဆိုပြီး ဂျီကျနေတယ်”

“ကိုနစ်က ဘယ်သွားမှာမို့လို့လဲ”

“သူငယ်ချင်းတွေနဲ့ ခုည သောက်ရ‌စားရအောင် ချိန်းထားလို့လေ။ သောက်ဖို့စားဖို့သွားမှာကို သူ့ကို ခေါ်သွားလို့မှ မဖြစ်တာ။ အဲ့တာကို လာဂျီကျနေတာ မင့်သားက”

“ကိုနစ်ရာ မခေါ်နိုင်လည်း ကလေးကို ချော့မော့ပြောပါ့လား။ နည်းနည်းပါးပါး ချိုချိုသာသာပြောမယ်မရှိဘူး”

“ဟ ငါကချိုချိုသာသာပြောတယ်။ မင့်သားက မရတာ”

သားကိုကြည့်လိုက်တော့ မျက်ရည်နဲ့မျက်ခွက်။ သူကလည်းသူ။ သူ့အဖေ ဘယ်သွားသွားလိုက်ချင်နေတာ။

“သားသား ဖေဖေက သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ သွားရမှာလေ။ သားသားလိုက်လို့မရဘူးလေ နော်။ ပါးပါးနဲ့ကျန်ခဲ့နော်”

“ကိုကိုး ဖေဖေနဲ့ရိုက်ချင် အီးးဟီးးဟီးး”

“ဖေဖေက မူးဦးမှာတဲ့။ မူးပြီး သားသားကို ဆိုင်မှာ ထားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ပါးပါးနဲ့ ကျန်ခဲ့မယ်ဆိုရင် ပါးပါးက ကိုကိုးကို မုန့်နပ်လုပ်ကျွေးမယ်လေ”

မုန့်နပ်ဆိုတဲ့အသံလည်းကြားရော အငိုပါ တိခနဲ တိတ်သွားရှာတဲ့ သားလေး။ အစားပုတ်လေး။

“ပါးပါး ဂယ်နော်”

“တကယ်ပါဗျ”

“အာ့ချို ချီ”

“အားး ပါးပါးအသဲပေါက်လေး လူဆိုးလေးကို ချီရမှာပေါ့ဗျာ။ လာပါခင်ဗျ”

ကိုကိုးကိုကောက်ချီပြီး ကိုနစ်ကို မျက်စောင်းထိုးလိုက်တယ်။ ကလေးကို ချော့မော့ပြောမယ် မရှိဘူး။ ကလေးနဲ့ယှဉ်ပြီး ကလေးကျင့်ကလေးကြံ ရန်ဖြစ်ချင်သေးတယ်။

“မင်းငါ့ကို မျက်စောင်းလာမထိုးနဲ့။ မင့်သားက လာဂျီကျနေတာ။ ငါချော့ပြောတာကို မရတာ”

“ဘာလဲ နဂါးမျက်စောင်း ဘီလူးရုပ်နဲ့ မြန်မာကားထဲက လူကြမ်းတွေ ရန်ဖြစ်ခါနီး အော်တဲ့အသံနဲ့ ချော့တာလား”

“ဘယ်လိုတောင် ငါ့ကိုပြော‌လိုက်တာလဲ မိုးနှောင်းကမ္ဘာ”

“ဟုတ်တယ်လေ အဲ့လိုလေသံနဲ့ ချော့မှတော့ ချော့လို့ရမလား။ ကလေးက အော်ငိုမှာပေါ့”

“မင့်သားတွေကိုက ဖအေတူလို့ တဗြဲဗြဲငိုနေတာ”

“ကိုနစ်”

ခေါ်သံနဲ့အတူ မျက်စောင်းက ဒိုင်းခနဲ ရောက်လာပြန်တယ်။ သူများကိုပြောတုန်းကတော့ ဘီးလူးရော၊ နဂါးရော၊ လူကြမ်းရော စုံနေအောင်ပြောပြီး သူ့ကို ဒါလေးပြောတာကြ စိတ်ဆိုးရတယ်ရှိသေး။

“လာသားသား လူမိုက်တွေနဲ့ အတူမနေရဘူးနော်။ ပါးပါးသားလေးတွေပါ လူမိုက်ဖြစ်မှာဆိုးလို့ ပါးပါးတို့ ဒီနေရာက အမြန်ဆုံး ထွက်ခွာရအောင်”

ပြောပြောပြေးပြေး ပြေးသွာတဲ့ မိုးနှောင်းကမ္ဘာ။ ငါ့ကိုယ်များ လူမိုက်လို့ပြောသွားတယ်။ ငါဘယ်လောက် မိုက်လည်းဆိုတာ ညကြမှသက်သေပြမယ် ဟင်းဟင်း။ အလင်း လူယုတ်မာအတွေးကိုတွေးပြီး လူယုတ်မာပြုံးနဲ့ ပြုံးလိုက်တယ်။

“ဂိုဂိုးလေး ကိုကိုးကို ထန်းသီးနည်းနည်းလောက် ကျွေးလိုက်ဦး”

နှောင်းရဲ့စကားကို လက်ကလေးနှစ်ဘက်ခါပြီး ညင်းလာတဲ့ ဂိုဂိုးရယ်ပါ။

“ပါးပါးသားက လိမ္မာတယ် ကိုကိုးလေးကိုကျွေးဖို့ ယူလာခဲ့ဦးနော်။ ကိုကိုးလေးက ငိုထားတာ သနားပါတယ် ယူလာခဲ့ပေးနော်”

ထိုသို့ချော့ပြောပါမှ ယူလာပေးပါသော သားငယ်။ တစ်ယောက်နဲ့တစ်ယောက်က အဲ့လိုပဲ သိပ်ကိုကြင်နာကြတာပါ။

နှောင်းပေါင်ပေါ်မှာတင်ထားတဲ့ကိုကိုးကို ထန်းသီးလာပေးရင်း ဂိုးငယ်ပြောသွားတဲ့စကားက . . .

“ချားချင်တာ ထယူဘူး။ တူညားခိုင်း”

မပီကလာပီကလာနဲ့ ရန်တွေ့သွားပါသော သားငယ်လေး။ ချစ်မဝလေးတွေ။

“ပါး”

“ဗျာ”

“မုန့်နပ်”

“ဟုတ်ပါပြီဗျာ။ ပါးသားလေးတွေကို မုန့်နပ်လုပ်ကျွေးရမှာပေါ့။ ပါးအပေါ်က ခဏလေးဆင်းပေး”

သားတွေအတွက် မုန့်နပ်‌လုပ်ဖို့ ပြင်ရတယ်။ ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ အရင်ဆုံး ဆန်ကိုလှော်ရတယ်။ ဆန်နံ့လေးမွှေးလာပြီးဆို အသင့်အနေအထားမှာချလိုက်။ လှော်ထားတဲ့ဆန်လေးတွေကို ငရုတ်ဆုံထဲထည့် ကြေညက်အောင်ထောင်း။ ထန်းလျက်ခဲလေးတွေကို အရည်ပျော်အောင်ကြို အရည်ပျော်သွားပြီဆိုမှ ထောင်းထားတဲ့ဆန်မှုန့်ကိုထည့် ဆားပွင့်လေး နည်းနည်းလေးထည့်။ သောက်ဖို့ အသင့်အနေအထား ရောက်တဲ့အချိန်မှာတော့ ချလိုက်လို့ရပါပြီ။ မုန့်နပ်က ဆေးဘက်လည်းဝင်သလို သောက်လို့လည်းကောင်းတာမို့ သားသားလေးတွေ အရမ်းကြိုက်ပါတယ်။

“မုန့်နပ်ရပါပြီဗျာ”

“ဟေးးး”

နှောင်းစကား‌ကိုကြားတာနဲ့ လက်ခုပ်လေးတွေ ထတီးရှာတဲ့ သားသားလေးတွေက သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ်။ သူတို့ကြိုက်တဲ့ အစားအစာ စားရမယ်ဆိုတော့ ပျော်နေရှာပါတယ်။

သုံးနှစ်ပြည့်ခါနီးတော့မယ့် သားသားတွေကိုကြည့်ရင်း တွေးမိတာတစ်ခုက အချိန်ကုန်မြန်လိုက်တာလို့လေ။ ကလေးလေးတွေက မျက်စိအောက်တင် ကြီးလာလိုက်ကြတာ။ နှောင်းရင်ခွင်ထဲမှာ ပွေ့ပိုက်ခဲ့ရတဲ့ ကလေးလေးတွေက ခုတော့လည်း ပိစိလေးတွေ မဟုတ်တော့ဘဲ လူလည်လေးတွေတောင်ဖြစ်နေခဲ့ပြီ။ လူဖြစ်မြန်လိုက်တာ။

သားသားလေးတွေက အဖေမတူပေမယ့် အမေတူခဲ့ကြလို့ထင်တယ် သားနှစ်ယောက်က ရုပ်ချင်းဆင်သလို ဘယ်သူကကိုနစ်သား၊ ဘယ်သူက နှောင်းရဲ့သားပါလို့ ခွဲခြားလို့မရနိုင်ဘူး။ ဖွားဖွားရဲ့ အရင်းနှီးဆုံးမိတ်ဆွေဆီက မမျိုးဥကိုအလှူခံခဲ့တာကြောင့် ဖွားဖွားနဲ့ဆရာဝန်တွေပဲသိပြီး ကျွန်တော်တို့မမြင်ဘူးခဲ့တဲ့ သူတို့မေမေနဲ့ ရုပ်ချင်းသွားတူတာ ဖြစ်ပါလိမ့်မယ် ။

အဆင်အတန်းမြင့်မြင့် မျိုးရိုးကောင်းကောင်းနဲ့ ဉာဏ်ပညာထက်မြက်ပြီး အထက်တန်းကျကျလှပတဲ့ အမျိုးသမီးဆီက မမျိုးဥကိုအလှူခံခဲ့လို့ သားနှစ်ယောက်လုံးကချောပြီး ဉာဏ်ရည်ထက်မြက်တာနေမယ်လို့ ဖွားဖွားက သူ့မြစ်လေးတွေကိုကြည့်ပြီး တသသပြောနေကြ။

သားတို့ရဲ့အမေကို ဒီကမ္ဘာမှာသိတဲ့လူဆိုလို့ ဖွားဖွားနဲ့ ဆရာဝန်ကြီးပဲရှိတယ်။ ဘယ်သူက ဘယ်သူ့သားလဲ ဆိုတာကိုလည်း ဘယ်သူမှမသိခဲ့ပါဘူး။ DNAစစ်ကြည့်ရင် သိနိုင်ပေမယ့် ဒါဟာလည်း တစ်သက်လုံး ဘယ်တော့မှ မဖြစ်နိုင်‌တော့မယ့် အကြောင်းအရာပါ။

ဖွားဖွားကပြောတယ် တစ်လတစ်ခါ သားသားတို့ရဲ့ဓာတ်ပုံကို သားသားတို့ကိုမမျိုးဥလှူခဲ့တဲ့ သားသားတို့မေမေဆီ ပို့ပေးဖြစ်တယ်တဲ့။ သားသားတို့မေမေက သားသားတို့ကိုလူကြုံပါးလိုက်တဲ့ စကား လက်ဆောင်လေးက . . . “ဖေဖေနှစ်ယောက်နဲ့အတူ ပျော်ရွှင်စွာ ကြီးပြင်းလာပေးပါ” တဲ့လေ။

သားသားနှစ်ယောက်က နှောင်းရဲ့ဘဝ၊ နှောင်းရဲ့ကမ္ဘာပါ။ ဒီသားလေးတွေသာ နှောင်းရဲ့အရာရာမို့ သားသားတို့မရှိဘဲ ရှေ့ဆက်နိုင်ဖို့က နှောင်းအတွက်ခက်ခဲပါတယ်။

“ပါး ဖွားဖွားကြီးချီ တွားချင်”

“သားသား ဖေဖေကိုပြောလေ။ ဖွားဖွားကြီးတို့အိမ်ကို လိုက်ပို့ပေးပါလို့”

“ပါး‌ကြောပေး”

“ခင်ဗျားလေးဖေဖေလေ ခင်ဗျားလေးပြောပေါ့”

“ပါးပါးကိုနစ်ရေ ပါးပါးကြော”

ပါးပါးကိုနစ်လေဆိုတဲ့ ဂိုဂိုးလေးရဲ့စကားကြောင့် နှောင်းသ‌ဘောတကျ ပြုံးလိုက်မိတယ်။ နှောင်းက ကိုနစ် ကိုနစ်လို့ခေါ်တတ်တာမို့ ပါးပါးကိုနစ်လို့ ပြောတာ ဖြစ်ပုံရမယ်။ အတတ်ကလေး ဘာကို ဘယ်လို ပြန်ပြောရမလဲဆိုတာကို ချက်ချင်းသိတဲ့ဂိုဂိုးလေး။ သိပ်တတ်တာ အတတ်ကလေးက။ စကားအရှည်ကြီးသာ မပြောတတ်တာ။ တိုတိုလေးနဲ့ ထိထိမိမိပြောတတ်တဲ့ ကလေးငယ်လေး။

“ပါး ကိုနစ်ဆိုပေမယ့် ပါးစကားမှ နားမထောင်တာ။ ပါးကို ဒီလောက်အနိုင်ကျင်နေ့တာကို”

“တားတားတိုရဲအော်။ ပါးကြော။ ပါးရို တားတား ရှစ်ရယ်ရေ”

ပါးကိုချစ်တယ်ပြောပြီး နှောင်းရဲ့ပါးကိုလာနမ်းတဲ့ ကလေးလေး။ လူလည်လေးပါကွာ။

“ဟားဟား အမလေး မင်းပဲချွဲတော့ ဂိုးဂိုး”

သူပြောချင်တာက သူ့ကိုလည်းအော်တယ်ပေါ့။ အဲ့ဒါကြောင့် နှောင်းကို ပြောပေးစေချင်တာ။ နှောင်းကိုအနိုင်ကျင့်တယ်ပြောလို့ သူ့ကိုလည်းအော်ပါတယ်ပေါ့လေ။ စကားအများကြီးပြောတတ်လို့ လိမ့်ပတ်လည်အောင်သာ ပြောတတ်မယ်ဆိုရင် နှောင်းကိုရောင်းစားလောက်တယ်။

ကျွန်တော်သိပ်ချစ်တဲ့ ကျွန်တော့်အမောပြေလေးတွေ။ စကားလုံးအများကြီး မပြောတတ်ပေမယ့် ပြောတတ်သလောက်လေးပြောတာကိုက သူဘာကို ဆိုလိုချင်တာလဲကို သဘောပေါက်စေပါတယ်။

ကိုကိုးတစ်ယောက်ကတော့ တစ်ညနေလုံး ဖေဖေပြန်မလာသေးလို့ဆိုပြီး တအီအီနဲ့ပါ။ ဖေဖေကနောက်ကျမှာမို့လို့ စောစောအိပ်ခိုင်းတာကိုမအိပ်ဘဲ အဖေလုပ်သူကို စောင့်နေသေးတယ်။ မစောင့်နိုင်တဲ့အဆုံးမှ အိပ်ပျော်သွားရှာတဲ့ ကလေးငယ်လေး။

နှောင်းကတော့ ညဆယ်နာရီအထိ အိမ်ကိုပြန်ရောက်မလာသေးတဲ့ ကိုနစ်ကို စောင့်နေရပါသေးတယ်။ ပြန်လာလို့ တံခါးဖွင့်ပေးတဲ့သူက နှောင်းမဟုတ်ဘဲ ယဉ်ယဉ်ဖြစ်နေခဲ့ရင် ပြောလို့ဆိုလို့ မပြီးပါတော့ဘူး။ ရစ်လို့လည်း မဆုံးတော့ဘူး။ “မင်းလင်ကို မင်းတံခါးစောင့်ဖွင့် ပေးရမယ်ဆိုတာကို နားမလည်ဘူးလား။ ဝတ္တရားငါးပါးကို မသိဘူးလား” ဘာလားညာလားနဲ့ ရစ်နည်းပေါင်းစုံနဲ့ ရစ်ပြပါလိမ့်မယ်။ ထို့ကြောင့် ကိုနစ်ဘယ်လောက်ပဲ နောက်ကျနောက်ကျ စောင့်နေရမှာက နှောင်းရဲ့တာဝန်ပါ။

“မိုးနှောင်းကမ္ဘာ”

စောင့်နေရင်းက အိပ်ပျော်မလိုဖြစ်ပြီး မှေးခနဲဖြစ်သွားတဲ့အချိန် နှောင်းကိုခေါ်တဲ့အသံကြောင့် လန့်သွားရတယ်။

“မိုးနှောင်းကမ္ဘာ”

“လာပြီ ကိုနစ်”

တံခါးဖွင့်ပေးလိုက်တော့ ခြေလှမ်းတွေယိုင်နဲ့စွာနဲ့ အိမ်ထဲကို လှမ်းဝင်လာတယ်။ အများကြီးသောက်လာပုံရတယ်။ အရက်နံ့က နှာခေါင်းထဲကို ထောင်းခနဲ စောင့်ဝင်လာတယ်။ တစ်ကိုယ်လုံးလည်း မွှန်ထူနေတာပဲ။ ဘယ်လောက်တောင် သောက်လာတယ်မသိဘူး။

“မိုးနှောင်းကမ္ဘာ”

“ဗျာ”

“ငါမမူးဘူးနော်”

“အင်းပါ မမူးဘူး”

မမူးဘူး ခြေလှမ်းတွေပဲယိုင်နေတာ။ အိမ်ရှေ့ထိလိုက်ပို‌ပေးတဲ့ သူ့သူငယ်ချင်းတွေကိုပဲ ကျေးဇူးတင်ရမယ်။

“ငါလုံးဝ မမူးဘူး”

“အင်း”

“ငါမင်းကို ပြောစရာရှိတယ် မိုးနှောင်းကမ္ဘာ”

“အင်းပြော အခန်းထဲရောက်မှပြောနော်။ ခုတော့ အခန်းထဲကို အရင်ရောက်အောင် သွားရအောင်”

“ဟင့်အင် ခုပြောမှာ”

“ရောက်ပြီ ခဏလေး အခန်းထဲကိုရောက်ပြီ”

ကိုနစ်ရဲ့ ခန္ဓာကိုယ်အကြီးကြီးကို မနိုင်မနင်း သယ်လာအပြီးမှာတော့ အခန်းထဲကို ရောက်လာပါတော့တယ်။ ဟူးးးး မောလိုက်တာ။ မူးကလည်းမူးသေး စကားတွေကလည်းပြောသေး။ သူ့ကိုတွဲနေရင်းနဲ့ သူပြောသမျှစကားကို ပြန်ဖြေပေးနေရတာ မောလိုက်တာ။

“မိုးနှောင်းကမ္ဘာ”

“ဗျာ”

“ငါမင်းကိုအရမ်းချစ်တယ်”

ဟင် ဘာပြောလိုက်တာပါလိမ့်။ ကိုနစ်က အခု ကျွန်တော့်ကို ချစ်တယ်လို့ ပြောလိုက်တာလား။

“ငါမင်းကိုအရမ်းချစ်တယ်။ မူးလို့ပြောတာ မဟုတ်ဘူးနော်။ ငါမင်းကို တကယ်ချစ်တာ။ သားသားတို့ကိုမွေးပြီးကတည်းက ငါမင်းကိုချစ်မိနေမှန်း သိ‌ခဲ့တာ။ ဖွင့်မပြောရဲခဲ့လို့သာ”

အာလေးလျှာလေးနဲ့ ပြောနေတာမို့ ကိုနစ်စကားက မပွင့်တစ်ချက် ပွင့်တစ်ချက်နဲ့ ကြားလိုက်မကြားလိုက်ပါ။ ဘာကိုပြောချင်နေမှန်း မသိပေမယ့် ငါမင်းကိုချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုတော့ ပီပီသသ ကြားလိုက်ရပါတယ်။ သားသားတွေလည်း ပါတယ်။ ဘာတွေမှန်းတော့ မသိဘူး။

ရင်ထဲကပါလို့ပြောတာလား မပါဘဲပြောတာလား မသိပေမယ့် ကိုနစ်ကကျွန်တော့်ကို ချစ်တယ်တဲ့လား။ ကျွန်တော့်အပေါ် အရင်လို မရက်စက်တော့ရင်ဘဲ ကိုနစ်ကို အရမ်းကျေးဇူးတင်မိမှာပါ။ ချစ်တယ်ဆိုတဲ့စကားထက် ကိုနစ်ကျွန်တော့်အပေါ် နူးညံ့စွာဆက်ဆံမှုကိုပဲ ကျွန်တော်ပိုလိုလားပါတယ်။

ကိုနစ်ကျွန်တော့်ကိုချစ်တယ်ဆိုတာကို မူးလို့ပြောတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။ နာကျင်ပင်ပန်းရလွန်းလို့ ကျွန်တော့်နှလုံးသားတစ်ခုလုံး ထုံကျင်နေပြီမို့ ထုံဆေးမပျယ်ချင်တော့ဘူး။ ထုံဆေးပျယ်မှ ဓားသွားထက်ထက်နဲ့ တစ်ခါထပ်ထိုးရင် ထပ်ပြီး နာကျင်ရမှာကိုကြောက်တယ်။ ထုံနေသေးရင် နာကျင်ရ သက်သာတယ်လေ။ သွေးစိမ်းရှင်ရှင် ထွက်နေရင်တောင် နာလို့နာမှန်း မသိတော့ဘူးပေါ့။ ထုံနေရတာကို‌ပဲ ကြိုက်ပါတယ်။ အနည်းဆုံးတော့ နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိသွားတာပေါ့။

ရှေ့ဆက်ရမယ့်အိပ်မက်တွေကို အလှပဆုံး မက်ချင်ပါတယ်။ ခက်တာက ကျွန်တော်ဟာ အိပ်မက် မက်တတ်တဲ့သူ မဟုတ်ခဲ့ဘူး။

သြော် . . . မေ့လို့ တစ်ခုပြောလို့ရသေးတာပဲ ရှေ့ဆက်ရမယ့် နေ့ရက်တွေကို အလှပဆုံး ဖြတ်သန်းရပါစေလို့လေ။

နောက်‌တနေ့ မနက်မိုးလင်းတဲ့အခါ ကိုနစ်ရဲ့ ချစ်တယ်ဆိုတဲ့စကားက ဘယ်တုန်းကမှ မပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းအဖြစ် ပုံမှန်အတိုင်း ပျောက်ကွယ်သွားပါတယ်။ ညက သူဘာမှမပြောခဲ့သလိုဘဲ ပြီးဆုံးသွားခဲ့တယ်။ သူလည်း သူနေနေကြ ပုံမှန်အတိုင်းပဲ နေသလို နှောင်းလည်းပုံမှန်အတိုင်းပါပဲ။ အရာအားလုံးက အရင်က ပုံမှန်နေ့ရက်တွေလို ပုံမှန်လည်ပတ်နေတုန်းပါပဲ။

တော်သေးတယ် ကိုနစ်မူးမူးနဲ့ ပြောခဲ့တဲ့စကားကို နှောင်းအတည်မယူခဲ့မိတာ။ ကိုနစ်ကိုကြည့်ရတာ ညကသူပြောခဲ့တဲ့စကားတွေကို သူကိုယ်တိုင်တောင် မှတ်မိတဲ့ပုံမပေါ်ဘူး။ ချစ်တယ်လို့ ပြောခဲ့တဲ့သူဟာ သူလုံးဝမဟုတ်တဲ့အတိုင်းပါပဲ။ ဒါဆို ကိုနစ် ဘာတစ်ခုမှ မမှတ်မိဘူးပေါ့။ ဟူးးး အတည်မမှတ်ယူခဲ့မိတာ တော်သေးတာပေါ့။

“မိုးနှောင်းကမ္ဘာ”

“ဗျာ”

“ဘာတွေတွေးနေလဲ”

“ဟို ဂိုဂိုးလေးက ဖွားဖွားတို့အိမ်သွားချင်တယ်ပြောလို့ ကိုနစ်လိုက်ပို့ပေးလို့ရမလား”

တွေးနေတဲ့အတိုင်းပြောလို့မဖြစ်တာမို့ မုသားမဆိုသာတဲ့ မုသားစကားလေး ပြောလိုက်တယ်။ ဒါလည်း ခဏနေရင်ပြောရမယ့် စကားပါပဲ။ လုံးဝမုသား‌ရယ်လို့တော့ မဆိုသာပါဘူး။

“အင်းလေ လိုက်ပို့ပေးမယ်။ ငါလည်း ရုံးပိတ်တာပဲဟာ။ ယဉ်ယဉ့်ကိုပါခေါ်ခဲ့။ သူလည်း အန်တီထားကို သတိရနေမှာပေါ့”

“ဟုတ် ကိုနစ်”

ဟူးးးးး တော်သေးတာပေါ့။ ညက မိုးနှောင်းကမ္ဘာကို ချစ်တယ်လို့ပြောမိတာကို ခုမနက် ဘာတစ်ခွန်းမှမမေးဘဲ မသိသလိုနေပေးလို့။ မင်းမေးလာရင် ငါ့မှာ ဝန်ခံဖို့ သတ္တိမရှိသေးဘူး မိုးနှောင်းကမ္ဘာ။

ဒါနဲ့နေပါဦး ငါချစ်တယ်လို့ပြောတာကို သူက လုံးဝ ဘယ်လိုမှ မခံစားရတာလား။ မသိချင်ယောင် ဆောင်နေတာလား။ ဒါမှမဟုတ် ခေါင်းထဲလုံးဝမထည့်ဘဲ ဂရုတောင်မစိုက်တာလား။ ကြည့်ရတာတော့ ဘာခံစားချက်မှကို ရှိတဲ့ပုံမပေါ်ဘူး။ မူးလို့ပြောတယ်ထင်လို့ ခေါင်းထဲ သိပ်မထည့်တဲ့ပုံပဲ။ ငါမင်းကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပြောမှာပါ။ ငါသတ္တိရှိလာတဲ့ တစ်နေ့ပေါ့။

တစ်ပတ်မှာတစ်ခါ သွားနေကြဖြစ်တဲ့ ဖွားဖွားတို့အိမ်ကို မသွားရတာ နှစ်ပတ်ရှိခဲ့ပြီမို့ သတိတရပြောလာတဲ့ ဂိုဂိုးလေးကြောင့် လိုက်ပို့ပေးဖြစ်ခဲ့တယ်။ ဖွားဖွားတွေနဲ့တွေ့ရင် တီတီတာတာပြောတတ်တဲ့ သားသားလေးတွေဟာ ဖွားဖွားတွေရဲ့ အသည်းကျော်လေးတွေ ဖြစ်ခဲ့ရတယ်။

နှောင်းမေမေတို့နဲ့တော့ ပုံမှန် Video Call ပြောဖြစ်သလို ဖုန်းလည်းဆက်ဖြစ်ပါတယ်။ တစ်ခါတလေ ရန်ကုန်ကိုလည်း မေမေတို့က အိမ်လည်လာတတ်ပါသေးတယ်။ ဒါ့ကြောင့် သားသားတို့က နှစ်ဖက်အဖိုးအဖွားတွေနဲ့ တရင်းတနှီးရှိသလို အနေလည်း မစိမ်းကြပါဘူး။ ဒီနေ့တော့ တနေကုန် ဖွားဖွားတို့အိမ်မှာနေပြီး ညနေဘက်မှ အိမ်ပြန်မှာပါ။ ဒီနေ့ဟာ ဖွားဖွားတွေအတွက် သားသားတို့ကို အချိန်ပေးဖြစ်တဲ့နေ့ပါ။ တစ်ပတ်တစ်ခါလာရတဲ့ သုခရိပ်မြုံစံအိမ်မှာ သားသားတို့က သိပ်ကိုပျော်နေကြပါတယ်။

နှောင်းလည်း တစ်ခေါက်လောက်တော့ မန္တလေးကိုပြန်ဖို့ စိတ်ကူးမိပါရဲ့။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now