အိပ်ရာထတော့ အောက်ပိုင်းက နည်းနည်းနာကျင်နေတာမို့ မျက်နှာလေး တစ်ချက်ရှုံ့လိုက်မိတယ်။
“နှောင်း မထနိုင်လည်း မထပါနဲ့လား”
“ခင်ဗျားနော် လူကို ရှက်အောင်လာလုပ်နေတယ်။ ကျွန်တော့်အတွက် ဒါက ပထမဆုံးအကြိမ်မို့လို့လားပြော”
“မဟုတ်ပါဘူး။ ငါက မင်းအရမ်းနာနေမှာဆိုးလို့ပါ။ ပထမဦးဆုံးမဟုတ်ပေမယ့် အတူမနေတာကြာပြီဆိုတော့ အသစ်လိုဖြစ်ပြီး နာနေမှာဆိုးလို့”
ဟုတ်တယ်လေ။ ကိုယ်နဲ့သူက နှစ်လမှတစ်ခါ လေးလမှတစ်ခါ အတူတူနေတတ်တာပါ။ တစ်ခါတလေမှသာ နှစ်ပတ်တစ်ခါ အတူတူနေဖြစ်တာပါ။ ဒါတောင် နှစ်ပတ်တစ်ခါဆိုတာ အတော်ရှားတယ်။ အများအားဖြင့်တော့ တစ်လတစ်ခါ၊ နှစ်လတစ်ခါက များပါတယ်။ ခုလည်း အတူမနေဖြစ်တာ အတော်ကြာနေပြီမို့ စေတနာနဲ့ပြောရတာပါ။
“နည်းနည်းတော့နာတာပေါ့။ နာတယ်ဆိုပြီး ထိုင်နေလို့မှမရတာကို။ နာနေလည်း သားသားတွေအတွက် ဝေယျာဝစ္စလုပ်ပေးဖို့က ရှိသေးတယ်”
“ယဉ်ယဉ်ရှိနေတာပဲကို။ မင်း ဒီနေ့နားလိုက်ပါ့လား”
“ကဲပါ ကိုနစ်အလုပ်သွားရမှာမို့လား။ ကျွန်တော်ကိုနစ်အတွက် အဆင်သင့်လုပ်ပေးမယ်။ ရေမိုးချိုးပြင်ဆင်ပြီး သွားဖို့ပြင်တော့ သွား”
ကိုနစ်အတွက်ပြင်ဆင်ပေးဖို့ အိပ်ရာပေါ်ကထမယ်ကြံတော့ ကိုနစ်ကလူကို ပခုံးကနေဆွဲဖိပြီး ပြန်ထိုင်စေတယ်။
“ကိုယ့်ဘာကိုယ် အေးအေးဆေးဆေးနေပါ။ ငါ့ဘာငါပဲ ပြင်ဆင်လိုက်ပါ့မယ်”
ဘုရားရေ နှောင်းဒီနေ့ထီထိုးဦးမှပါ။ အရာရာကို နှောင်းခြေ နှောင်းလက်နဲ့လုပ်ပေးမှ စိတ်တိုင်းကျတဲ့သူက အခု သူ့ဘာသူ လုပ်မယ်တဲ့လား။ အံ့ဩမိပါရဲ့။ ကိုနစ်က သူ့ရဲ့ဝေယျာဝစ္စမှန်သမျှ သေးသေးလေးကစလို့ ကိစ္စကြီးငယ်မှန်သမျှ နှောင်းလုပ်ပေးမှ စိတ်တိုင်းကျတဲ့သူပါ။ သူကိုယ်တိုင်ဆို လက်ဆယ်ချောင်း တစ်ချောင်းတောင် မချိုးတဲ့သူ။ မိုးနှောင်းကမ္ဘာကို ပါးစပ်ဖျားကမချ ခိုင်းစားတတ်တဲ့သူကြီးက ခုတော့ သူ့ဘာသူ လုပ်လို့ပါ့လား။ အိမ်းးး အမောင်နှောင်းတို့ ကံကောင်းလာပါရောလား။ ဒါမှမဟုတ် မကြားဘူးတာတွေကြားရ မမြင်ဘူးတာတွေမြင်ရနဲ့ နှောင်းအပများ မှီနေသလားမသိ။
နှောင်းအပြင်ထွက်လာတော့ အိမ်ရှေ့မှာ ဘုရားပန်းလဲနေတဲ့ ယဉ်ယဉ့်ကိုတွေ့လိုက်ရတယ်။ နှောင်း ဒီနေ့ အိပ်ရာထနောက်ကျနေတာနဲ့ အိမ်အလုပ်တွေ အကုန်လုံးကို ယဉ်ယဉ်တစ်ယောက်တည်း လုပ်လိုက်ရပြီ။
“ယဉ်ယဉ်”
“ရှင်”
“ငါအိပ်ရာထနောက်ကျနေလို့ နင့်ကိုအားနာလိုက်တာ”
“ရပါတယ်ကိုနှောင်းရယ်။ ယဉ်ယဉ် မနက်စာပြင်ပြီးသွားပြီ ကိုကိုကြီးနဲ့တူတူ မနက်စာ တစ်ခါတည်းဝင်စားလိုက်။ သားသားတို့လည်း စောင့်နေတယ်”
“ဟုတ်လား သားသားတို့က အစောကြီးနိုးနေတာလား”
“ဟုတ်ပ့ါ အဲ့မှာ ထမင်းစားခန်းမှာ စောင့်နေတယ်”
ထမင်းစားခန်းမှာ အသင့်စောင့်စားနေကြတဲ့ နှောင်းရဲ့အသဲပေါက်လေးတွေ။
“ပါး”
“ဗျာ”
“ချာနေပီ”
ဟုတ်သား အူကြူးလေးတွေ ဆာနေရောပေါ့။ နှောင်းအိပ်ရာထနောက်ကျနေလို့ ကလေးတွေ ထမင်းစားချိန် နောက်ကျနေပါပြီ။
“ဟုတ်ကဲ့ပါဗျာ။ ပါး ခွံ့ရမှာလား”
“ဟုတ်”
“ဂိုးဘာဂိုး ချားမယ်”
တစ်ယောက်တစ်ပေါက်နဲ့ တစ်ယောက်တစ်သံစီ ညီညီညာညာ ထွက်လာကြပါတယ်။ ကိုကိုးလေးက ဘာပဲလုပ်လုပ် မိဘကို အားကိုးတတ်ပေမယ့် ဂိုဂိုးလေးကတော့ အရာရာကို သူ့အားသူကိုးချင်တဲ့ ကလေးပါ။ သူလုပ်နိုင်တာ မှန်သမျှကို သူ့ဘာသူပဲ လုပ်ချင်သလို သူများလုပ်ပေးလည်း သိပ်မကြိုက်ဘူး။ ကိုကိုးကတော့ အဖေတူသား အရာအားလုံးကို သူများကိုပဲ အားကိုးတဲ့သူလေး။ အကြီးဆိုပေမယ့် ကိုကိုးကအရမ်းချွဲပါတယ်။ ဂိုဂိုးကတော့ အငယ်ပေမယ့် တည်ငြိမ်တယ်။
“ပါး ဖေဖေ ဘယ်မာ”
“ဖေဖေ ဒီမှာ လာပါပြီဗျာ”
ကိုကိုးရဲ့ အမေးစကားအဆုံးမှာ ကိုနစ်က အနားကိုရောက်လာတယ်။
“ဖေဖေ့ ရိုက်မယ်”
“ဘယ်ကိုလိုက်မှာလဲသားသားရဲ့။ ဖေဖေက ရုံးသွားမှာကို။ သားသားလိုက်လို့မရဘူးလေ”
မလိုက်ရဘူးလို့ နှောင်းပြောလိုက်တော့မှ ကိုကိုးက ငိုပါတော့တယ်။ ဖေဖေရုံးသွားတိုင်း ဘယ်တုန်းကမှ မလိုက်ရပါဘဲ မလိုက်ရမှန်း သိရဲ့သားနဲ့လည်း လိုက်ချင်တယ်အမြဲပြောတယ်။ ပြောတိုင်းလည်း မလိုက်ရဘူးလို့ ပြောလိုက်တဲ့အခါတိုင်း ငိုတတ်ပါသေးတယ်။ ကိုကိုးဟာ တကယ့်ကို အဆိုးအဆာလေးပါ။
“အဟင့် ဖေဖေ့ရောက် ရိုက်ချင်”
“ကိုကိုး မနက်စောစောစီးစီးငိုတာကို ဖေဖေ မကြိုက်ဘူးနော်”
ကိုနစ်က ကလေးငိုရင် အဲ့လို ချိုချိုသာသာ ချော့တတ်တာပါ။ အဲ့တော့ ကလေးက မငိုတော့ဘူးလေ။
“အဟင့် ဟင့်”
ပိုတိုး၍ ငိုလာပါသော ကိုကိုးငယ်။
“တော်ပြီ မငိုနဲ့တော့။ ထပ်ငိုနေရင် ဖေဖေမနက်စာမစားတော့ဘဲ ရုံးသွားတော့မှာ”
အဖေလုပ်သူက မနက်စာမစားဘဲ ရုံးသွားမယ်လို့ ပြောလိုက်တာနဲ့ ကိုကိုးတို့များ အငိုတိတ်သွားတာ တိခနဲ။ အမလေး အဖေချစ်သား ခြိမ်းခြောက်ရတာ ခက်ခဲလိုက်တာ။
မနက်စာစားအပြီး ရုံးသွားခါနီးတော့ ကိုကိုးတစ်ယောက် အဖေကို အိမ်ရှေ့ထိ လိုက်ပို့ချင်သေးတာ။ သို့ပေမယ့် အပျင်းလေးက လိုက်သာပို့ချင်တာ လမ်းတော့မလျှောက်ချင်ဘူး။
“ပါး ချီ”
“ပါးပါးက သားကိုမချီနိုင်ဘူး။ ဖေဖေချီမယ်လာ”
“ဘာရို့”
“ပါးပါးက နာနေလို့”
“ကိုနစ်”
နှောင်းရှက်လွန်းလို့ အော်လိုက်မိပါတော့တယ်။
“ဘာလို့အော်တာလဲ”
“ခင်ဗျား လူတွေနဲ့ကို အရှက်မရှိပြောရလား။ ပြီးတော့ သားတွေကို အဲ့လိုပြောရလား”
“နာနေတယ်လေးပဲပြောတာပါ။ မင်းက ဘာကို အိုးမလုံအုံပွင့်နေတာလဲ။ ပြီးတော့ ပြောတော့ဘာဖြစ်လို့လဲ။ ဘယ်သူမှလည်း မရှိဘဲနဲ့။ သူစိမ်းလည်းရှိတာမဟုတ်ဘူး”
“ယဉ်ယဉ်ရှိတယ်လေ။ ခင်ဗျားမမြင်ဘူးလား”
“ဪ ယဉ်ယဉ်လား။ ယဉ်ယဉ်က တခြားသူမှ မဟုတ်တာ”
“ကိုနစ် ခင်ဗျား တော်တော်ပြောရဆိုရ လက်ပေါက် ကပ်ပါ့လား။ ယဉ်ယဉ်က တခြားသူမဟုတ်ပေမယ့် အပျိုလေးလေ။ ပြီးတော့ ကလေးပဲရှိသေးတာ။ ယဉ်ယဉ့်ရှေ့မှာ အဲ့လိုပြောစရာလား။ ခင်ဗျား တော်တော် ဂွတီးဂွတိုက်နိုင်တဲ့သူ”
“ယဉ်ယဉ်က ကလေးမဟုတ်တော့ပါဘူးကွာ။ ယောင်္ကျားယူရင်တောင် ယူလို့ရနေပါပြီ။ မင်းဆို သူ့အရွယ်လောက်တုန်းက ယောင်္ကျားတောင်ရနေပြီကို”
“ကိုနစ်”
ပြောလေဆိုးလေ မန်းလေပြဲလေဆိုတာ ကိုနစ်ကိုပြောတာနေမှာ။ တော်ပြီ ဘာမှ မပြောတော့တာပဲကောင်းတယ်။ ရှေ့ဆက်ပြောရင် ဒီထက်ပိုဆိုးတာတွေပဲ ထွက်လာမှာကျိန်းသေတယ်။ ယဉ်ယဉ့်ကိုကြည့်လိုက်တော့လည်း ပြုံးစိစိနဲ့။ ရှက်လိုက်တာ ဒီလူကြီး ခုရက်ထဲ ဘာဖြစ်နေတာလဲမသိဘူး။ နှောင်းကို အပမှီတာမဟုတ်ဘဲ သူ့ကိုအပမှီနေတာဖြစ်ရမယ်။
“သားသား ဒီနေ့တစ်နေကုန် ပါးပါးကို မချီခိုင်းရဘူးနော်။ ပါးပါးက နာနေတာ သနားပါတယ်။ လုံးဝ မချီခိုင်းရဘူးနော်”
“ဟုတ်”
“အလုပ်တွေကိုလည်း မင်းဝင်လုပ်မနေနဲ့။ ယဉ်ယဉ့်ကိုပဲခိုင်း ကြားလား”
“ဖေ့”
“ဗျာ ဂိုးလေး”
“ရုပ်ဝယ်ခဲ့”
“ဘာရုပ်”
“အရီဂေါင်”
“ဟမ် ဘာကြီး”
အလင်းမှာ သားပြောတာကိုနားမလည်တာမို့ မိုးနှောင်းကမ္ဘာကို လှမ်းကြည့်လိုက်တော့လည်း သားတွေရဲ့စကားပြန်ဖြစ်တဲ့သူကပါ ခေါင်းခါပြလာတယ်။ သားတွေရဲ့ သီးသန့် Translator ကတောင် မသိဘူးဆိုတော့ အလင်းလိုလူက ပိုဆိုးပြီလေ။
“ပါရာရိန်းကျားရေ ဖေဖေ”
“ဪ ပါဝါရိန်းဂျားလားသား။ ပါဝါရိန်းဂျား အနီကောင်ကိုပြောတာလား”
“ဟုတ်”
“Ok ဂိုးလေး ဖေဖေဝယ်ခဲ့မယ်။ သွားပြီနော် တာ့တာ”
“တာ့တာ”
တစ်ခါတလေမှာ မိသားစုလေးကို လက်ပြနှုတ်ဆက်ပြီး အလုပ်သွားရတာကလည်း ကြည်နူးရခြင်းတစ်မျိုးပါပဲ။
ရုံးကိုရောက်တော့ ကျော်စွာက စီးကြိုနေတယ်။
“ဆရာကလည်း မလာတော့ဘူးလားတောင် ထင်ရတယ်။ အချိန်လည်းကြည့်ပါဦးဗျာ ဘယ်ချိန်ရှိပြီလဲလို့”
“ဘယ်ချိန်ရှိရှိကွာ။ ငါဒီနေ့ လာချင်တာတောင် မဟုတ်ဘူး”
“မလာချင်လို့မရဘူးဆရာ။ ရုပ်ရှင် Press Show က နောက်ရက်လေ။ မေ့နေတာလား။ ခုကတည်းက ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမှာပေါ့ ဆရာသမားရယ်။ ပြီးတော့ ဆရာက ကာရံချိုနဲ့ပွဲတက်မှာလား”
“ငါက ဘာလို့ ပွဲတိုင်းကို သူနဲ့တက်ရမှာလဲ”
“ဆရာတို့နှစ်ယောက် ခါတိုင်းလည်း ပွဲအတူတူတက်နေကြကို။ ဆရာ့ရဲ့တွဲဘက်၊ ဆရာရဲ့ပါတနာ၊ ဆရာရဲ့ဘာညာဘာညာလေ”
“ငါ့ရဲ့ ဘာညာဘာညာမဟုတ်ပါဘူးကွာ။ သူနဲ့ငါ မတွဲတာကြာပေါ့။ နှစ်နှစ်တောင် ကျော်နေပြီကို ဘာလို့ အဲ့လိုထင်နေကြတာလဲ။ သူနဲ့ငါ ဘာမှမဆိုင်တော့ပါဘူးဟ”
“ဟုတ်လား ကျွန်တော်တောင် မသိလိုက်ရပါ့လား”
“မင်းကိုငါက အကုန်လုံး အသေးစိတ် ပြောပြနေရမှာလားကျော်စွာ”
“မဟုတ်ပါဘူးဗျာ။ ကျွန်တော်မသိလိုက်လို့ပါ။ ဆရာတို့က ဘာမှသာမဆိုင်တော့တာ အရင်လို တွဲသွားတွဲလာရှိနေတုန်းမို့ မေးကြည့်ရတာ။ ဒါနဲ့ ဘယ်တုန်းက ဘာမှမဆိုင်တော့တာလဲ”
“မပြောဘူးကွာ မင်းက ဘာလို့သိချင်နေရတာလဲ”
“ဒီတိုင်း မေးကြည့်တာကို ဆရာကလည်း”
ဟုတ်တယ်လေ ဘယ်တုန်းက ပြတ်တာလဲဆိုတာကို သိချင်တာပေါ့။ ပြတ်တယ်သာပြောတာ တွဲသွားတွဲလာကရှိတုန်း။ ဘယ်သူက ပြတ်တယ်ထင်မှာလဲ။ ဆရာက ညာတော့ ညာတတ်တဲ့သူမဟုတ်ပေမယ့် ယုံရခက်ခက်ပဲ။ ကိုယ့်ဆရာက နှုတ်ကလည်းလုံပ။ သူအိမ်ထောင်ကျတာကို သူနဲ့အနီးဆုံးမှာနေတဲ့ ကိုယ်တောင်မသိရဘူး။ ကုမ္ပဏီနှစ်ပတ်လည်တုန်းကမှ သူကိုယ်တိုင်ပြောပြလို့သာ သိရတာ။ သိရပြန်တော့လည်း ဆရာ့အိမ်ထောင်ဘက်က ယောင်္ကျားလေးဖြစ်နေပြန်တယ်။
အဲ့ဒီတုန်းကဆို ကုမ္ပဏီမှာရော ရုပ်ရှင်အသိုင်းအဝိုင်းမှာပါ ဆရာ့အကြောင်းက ဟိုးလေးတကျော်ကျော်။ တစ်လလောက်က ဆရာ့သတင်း၊ ဆရာ့အတင်း၊ ဆရာ့အဖျင်းတွေချည်းပဲ ကြားခဲ့ရတာ။ ဒါလည်း ကိုယ့်ဆရာက မမှုပါဘူး။ သူနဲ့မဆိုင်သလိုဘဲ။ ဖြေရှင်းချက်မပေးတဲ့အပြင် မသိချင်ယောင်တောင် ဆောင်နေသေးတာ။
လူတွေကလည်း ချီးမွမ်းခုနှစ်ရက် ကဲ့ရက်ခုနှစ်ရက်မို့လား။ ခုလို နှစ်တွေကြာသွားတော့ ဆရာ့အကြောင်းက ဘာမှမဟုတ်သလိုဘဲ သတင်းအစအနတောင် မရှိတော့ဘူး။ ကာရံချိုနဲ့ကလည်း အရင်အတိုင်း တွဲသွားတွဲလာရှိတုန်း။ ဆရာကလည်း ဖြေရှင်းချက်မပေးတဲ့အပြင် နေချင်သလိုနေတယ်။ အဲ့တော့ လူတွေကလည်း သူတို့ထင်ချင်သလိုထင်တယ်။ ကောင်းရောပဲ။ ဆရာနဲ့ပတ်သက်ရင် အရာရာကဆန်းကြယ်ပါတယ်။ ကိုယ့်ဆရာအကြောင်းကို ဘာမှမသိတဲ့အပြင် ကိုယ့်ဆရာကို Up to date ဖြစ်အောင် အမှီမလိုက်နိုင်ဘူး။
“ကျော်စွာ မင်းမသွားသေးဘဲ ဘာရပ်လုပ်နေတာလဲ”
ဆရာအော်လိုက်မှ တွေးနေတဲ့ အတွေးတွေပြတ်ပြီး လန့်သွားရတယ်။
“ဟို . . . ပြောဖို့ကျန်နေသေးလို့”
“ပြော”
“Press Show စီစဉ်ပေးမယ့်သူက ဆရာ့ကို ဖုန်းခေါ်လို့မရလို့တဲ့။ အဲ့ဒါ ကျွန်တော့်ကိုဖုန်းဆက်လာတယ်”
“ဟမ် အေး။ အိမ်မှာ ဖုန်းကျန်ခဲ့တယ်ထင်တယ်။ မင်းကို ဘာပြောသွားလဲ”
“Press Show အတွက် ပြောမလို့တဲ့။ ဆရာလာရင် သူတို့ကို ဖုန်းပြန်ခေါ်ပေးဖို့ ပြောပေးပါတဲ့။ အဲ့လို ပြောသွားတယ်”
“အေးပြီးရော ငါခေါ်လိုက်မယ်”
***********
နှောင်းမှာ လူကမလန်းရတဲ့အပြင် တနေကုန်လည်း ကိုကိုးဂျီကျသမျှကို ဒိုင်ခံဖြေရှင်းရတယ်။
“ပါး”
“အင်း”
“မုန့်မုန့်ရှားချင်”
“ဘာမုန့်”
“ကီးကီး”
“ယဉ်ယဉ်ရေ ကိုကိုးကို နာနတ်ကွက်ကီးလေး တစ်ခုလောက် ယူလာပေးပါ”
“ဒီရိုနော် ပါး”
လက်နှစ်ချောင်းထောင်ပြလာတာမို့ နှောင်းခေါင်းငြိမ့်ပြလိုက်တယ်။ ပြချင်သလိုပြ တစ်ခုပဲကျွေးဖြစ်တာက ပုံမှန်လိုဖြစ်နေပြီ။
“ပါး”
“အင်း”
“ဂိုး အိပ်ချင်ရို့”
“မအိပ်ရဘူးဂိုးလေး ညနေစောင်းနေပြီ။ ခဏနေမှအိပ်။ ယဉ်ယဉ်ရေ ကိုးနဲ့ဂိုးကို ရေချိုးပေးလိုက်ပါ။ ဂိုးကအိပ်ချင်နေပြီတဲ့”
“ဟုတ်ကိုနှောင်း။ တီ့ဂိုးလေးက အိပ်ချင်နေတာလား။ ဟုတ်လားသဲလေး”
ယဉ်ယဉ် ကလိထိုးတာကို အူတက်အောင် ရယ်နေတဲ့ဂိုး။ ဒါမှမအိပ်ချင်မှာ။ သူ့တီနဲ့သူတူက လိုက်ဖက်ညီတယ်။ တူတွေ အိပ်ချင်ပြီဆိုတာနဲ့ တီလုပ်တဲ့သူက နည်းအမျိုးမျိုးနဲ့ မအိပ်ချင်အောင် လုပ်ပေးတယ်။ နှောင်းတော့ ခဏလေး မှေးလိုက်ချင်တယ်။ တနေကုန် နေရထိုင်ရ အဆင်မပြေရတဲ့အထဲ သားနှစ်ယောက်နဲ့ တစ်ချက်လေးမှ မနားရဘူး။ အမွှာယူခဲ့မိတာ အရမ်းပင်ပန်းတာပဲ။ တစ်ယောက်တည်းဆိုရင်တောင် အနားရဦးမယ်။ ခုတော့ နှစ်ယောက်ကို တစ်ယောက်တစ်မျိုး လက်လက်စင်နေတာပဲ။ အခန်းထဲမဝင်ဘဲ ဆိုဖာပေါ်လေးမှာ တရေးတမောအိပ်ဖို့ ပြင်လိုက်တယ်။ မှေးခနဲ အိပ်ပျော်မလို့ရှိသေး ဖုန်းကဝင်လာပြန်ရော။ ငါဘယ်အချိန်မှ အိပ်ရပါတော့မလဲ။
“ဟဲလို”
“ကိုလင်းရှိလား မသိဘူး”
“မရှိဘူးခင်ဗျ။ ရုံးသွားတယ်”
“ဪ ဟုတ်လား။ သူ့ဖုန်းကိုခေါ်တာ ခေါ်လို့မရလို့လေ”
ဒီအသံကို ရင်းရင်းနှီးနှီးကို ကြားဖူးပါတယ်။
“ဟုတ်ကဲ့ခင်ဗျ။ သူပြန်လာရင် ဘာပြောပေးရမလဲခင်ဗျ”
“ရုပ်ရှင် Press Show ကို ချိုမလာနိုင်ဘူးဆိုတာလေး ပြောပေးပါနော်။ ချိုအဲ့ရက်ကို နယ်ဘက်မှာ ရိုက်ကွင်းတစ်ခုရှိတာမို့ ကိုလင်းနဲ့ အတူတူတွဲပြီး ပွဲတက်မပေးနိုင်ဘူးဆိုတာလေး လှမ်းပြောတာပါ။ အဲ့ဒါလေး ပြောပေးပါနော်”
“ဪ ဟုတ်”
တစ်ဘက်ကဖုန်းချသွားပေမဲ့ နှောင်းကတော့ အတွေးတွေနဲ့ ဖုန်းနားကမခွာနိုင်ဘဲ ရပ်မိနေတုန်းပါ။ အတူတူတွဲပြီး ပွဲတက်မပေးနိုင်လို့ အကြောင်းကြားတာတဲ့လား။ ကိုနစ်နဲ့ကာရံချိုက ခုထိတွဲနေတုန်းလား။ ဒါဆို နှောင်းအပေါ်ပြောင်းလဲလာတာက ဘာ့ကြောင့်လဲ။ ဘာ့အတွက်လဲ။
ကိုနစ်ရဲ့ပြောင်းလဲလာမှုအပေါ် နှောင်းသာယာလာပြီဆိုမှ ဒဏ်ရာတွေပေးဖို့ စိတ်ကူးထားလေသလား။ မဟုတ်ဘူးနှောင်း မင်းအတွေးတွေလွန်နေပြီ။ မင်းတွေးတာ ဒရမ်မာအရမ်းဆန်နေပြီ။ ဘဝက မြန်မာကား မဆန်လောက်ပါဘူး။ ကိုနစ်ကငါ့အပေါ်ကို အဲ့လောက်ရက်စက်မှာတော့ မဟုတ်ပါဘူး။
ဟူးးးးး သူတို့အနုပညာလောကကြီးကလည်း ရှုပ်ထွေးလိုက်တာ။ နာမည်ကြီးမင်းသမီးတစ်ယောက်က အိမ်ထောင်သည်ပါလို့ ဖွင့်ဟထားတဲ့လူနဲ့တော့ နာမည်အပျက်ခံပြီး ဆက်တွဲမှာ မဟုတ်လောက်ပါဘူး။ အရင်က မသိလို့တွဲတာနေမှာပါ။ ခုတော့ မတွဲလောက်တော့ပါဘူး။
အိမ်ထဲကအိမ်ပြင်တောင် မထွက်တတ်တဲ့ငါက သူတို့အကြောင်းကို ဘာသိနိုင်မှာလဲ။ ကိုနစ်ကိုပဲ ယုံကြည်ရမှာပေါ့။ နေပါဦး ငါဘာတွေကို မျှော်လင့်နေတာလဲ။ ကိုနစ် ဘယ်သူနဲ့ပဲတွဲတွဲ အဓိကက ငါတို့အိမ်ထောင်ရေး မပြိုကွဲဖို့ဘဲ အရေးကြီးတာမဟုတ်ဘူးလား။
အရင်ကတောင် ဒီလိုအဖြစ်အပျက်တွေနဲ့ နေသားတကျနေလာခဲ့သေးတာပဲ။ ခုမှ ဘာကိုတွေးပူနေမှာလဲ။ ဖြစ်သမျှအကြောင်း အကောင်းလို့သာမှတ်ပါ မိုးနှောင်းကမ္ဘာ။ အဓိကက ကိုနစ်အနားမှာ ဘယ်လိုနည်းနဲ့ပဲ နေရနေရ မေမေတို့နဲ့ သားသားတို့အတွက် ကပ်တွယ်နေရမှာပဲ မဟုတ်ဘူးလား။ ကိုနစ်စိတ်ကောင်းဝင်လို့ ကိုယ့်အပေါ်ကောင်းပေးနေမှုအပေါ် သာယာနေတာတော့ မဟုတ်သေးဘူးလေ။
သူကောင်းပေးသလောက်အထိ ပျော်ရွှင်နေရမှာပါ။ မကောင်းပေးနိုင်တော့လည်း မပျော်ရွှင်ရရုံပေါ့။ မိုးနှောင်းကမ္ဘာဆိုတာ ပျော်ရွှင်ဖို့အတွက် မွေးဖွားလာတဲ့သူမှမဟုတ်တာ။ ခဏတာပျော်ရွှင်မှုကို တစ်ဘဝစာလို့ မှတ်ယူနေတယ်ဆိုရင် မင်းမှားမှာပေါ့ မိုးနှောင်းကမ္ဘာ။ ပျော်နိုင်ခွင့်ရှိတုန်း ဘာမှမတွေးဘဲ စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်ရမှာပေါ့။ အဓိကက နှောင်းကြောင့် ဖေဖေနဲ့မေမေ စိတ်မဆင်းရဲစေရဘူး၊ သားသားတို့နဲ့ မခွဲခွာရဘူးဆိုရင်ပဲ ကျေနပ်ပါတယ်။
ညနေကတည်းက အိပ်ချင်နေရှာတဲ့ဂိုးလေးက ညဘက် ယဉ်ယဉ်ထမင်းခွံ့ပြီးတာနဲ့ အိပ်ပျော်သွားပါတယ်။ ကိုကိုးကတော့ ဂျီကျလို့ကောင်းတုန်းပင်။
“ယဉ်ယဉ် နင်အိပ်တော့လေ။ တနေကုန်ပင်ပန်းထားရတာ အိပ်တော့သွား။ ကိုနစ်ကိုစောင့်ရမယ့်အတူတူတော့ မထူးဘူး ကိုးကို ငါပဲဆက်ထိန်းလိုက်မယ်။ ကိုးဂျီကျရင် နင်ချော့လို့လည်းရတာမဟုတ်ဘူး။ အဲ့တော့ စောင့်မနေနဲ့ အိပ်တော့။ ကိုးအိပ်ပျော်ရင် ငါပဲလာထားလိုက်မယ်။ နင်အနားယူတော့”
“ဟုတ် ကိုနှောင်း။ ယဉ်ယဉ် နည်းနည်းပင်ပန်းနေလို့ အိပ်တော့မယ်နော်”
“အေး ရတယ်သွား”
ကိုကိုးဂျီကျပြီဆိုရင် ယဉ်ယဉ်ချီပြီးချော့လို့လည်း မရဘူး။ နှောင်းချီမှ နှောင်းသူ့အနားမှာနေမှ။ သူဂျီကျပြီဆိုတာနဲ့ ပါးဆိုပြီး လူကို သူ့အနားက လုံးဝအခွာမခံတော့ဘူး။ ကိုးဂျီကျပြီဆို နှောင်းအရမ်းပင်ပန်းရပါတယ်။
ယဉ်ယဉ်နဲ့ဂိုးငယ်လေးကတော့ အိပ်သွားရှာပါပြီ။ မအိပ်နိုင်သေးတာက နှောင်းနဲ့ကိုကိုးရယ်ပါ။ အဖေနဲ့သားက တစ်ပုံစံတည်း။ အဖေလုပ်သူကလည်း သူပြန်လာရင် နှောင်းတံခါးဖွင့်ပေးမှ။ သားလုပ်သူကလည်း သူအိပ်ချင်လာလို့ဂျီကျရင် ပါးချော့သိပ်မှ။ ဟူးးးး ကလေးအဖေလုပ်ရတာလည်း မလွယ်ကူပါဘူး။
“ပါး ဟင့် ဟင့်”
“အေးပါကွာ ပါးသားလေးရာ။ မငိုပါနဲ့ကွာ။ ကျွစ် ကျွစ် အေး အေး အေး အိုး။ အင်း ကျွစ် ကျွစ်”
ကျောပြင်းလေးကို ဖွဖွပွတ်သပ်ပေးရင် အိပ်ပျော်သွားအောင် ချော့သိပ်ပေးရတယ်။ တောင်လျှောက်လိုက် မြောက်လျှောက်လိုက်နဲ့ ခြေတိုအောင် လျှောက်အပြီးမှာတော့ ကိုးလေးအိပ်ပျော်သွားပါပြီ။
“မိုးနှောင်းကမ္ဘာ မိုးနှောင်းကမ္ဘာ”
“ရှူး လာပြီကိုနစ်။ တိုးတိုး”
လေသံကို တိုးနိုင်သမျှတိုးပြီး ကိုနစ်ကြားအောင်လည်း လှမ်းပြောရတယ်။ သားနိုးသွားမှာလည်း ကြောက်ရသေးတယ်။ သားကို လက်တစ်ဖက်နဲ့ချီလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ကိုနစ်ကို တံခါးဖွင့်ပေးလိုက်တယ်။
“ကိုနစ် မိုးမိလာတာလား”
“အင်း။ သားကို ဘာလို့ချီထားတာလဲ”
“ဂျီကျနေလို့။ မနည်းချော့သိပ်ထားရတယ်။ ခုမှအိပ်ပျော်သွားတာ”
“သြော် ခုအိပ်ပျော်နေပြီလား”
“အင်း”
“အဲ့ဒါဆို ကိုယ့်ကိုရေသုတ်ပေး”
“အင်း ခဏလေးကိုနစ်။ သားက တစ်ညနေလုံးအီနေလို့ ခုလေးမှအိပ်ပျော်သွားတာ။ လက်ပေါ်က ချလို့မရသေးဘူး။ ကိုနစ်အင်္ကျီအဝတ်အစား အရင်လဲထားလိုက်။ ခဏနေရင် ကျွန်တော်လိုက်လာခဲ့မယ်”
“အင်း”
သားကို အိပ်ရာပေါ်ကို ဖြည်းဖြည်းချင်း ချပေးလိုက်တယ်။ ကိုယ်တော်လေး နိုးသွားမှာလည်း ဆိုးရသေးတယ်။ အခန်းထဲကိုရောက်တော့ အဝတ်အစားလဲပြီး အဆင်သင့်စောင့်နေတဲ့ကိုနစ်ကို တွေ့လိုက်ရပါတယ်။ နှောင်းမလာခင် ကိုယ့်ဘာကိုယ် လုပ်ထားနှင့်ပါ့လား။ တဘက်ကိုခေါင်းပေါ်တင်ပြီး နှောင်းလက်ကိုစောင့်နေတယ်။
“ကိုနစ် မအေးဘူးလား”
“အေးတယ်”
“ရော့ ဒါလေးဝတ်ထား”
ဗီရိုထဲက အနွေးထည်ထူထူလေးတစ်ထည်ကိုထုတ်ပြီး ကိုနစ်ကိုဝတ်ပေးလိုက်တယ်။
“ကိုနစ် ကားနဲ့ပြန်လာတာ မဟုတ်ဘူးလား။ ဘာလို့ မိုးရေတွေ ရွှဲရွဲစိုနေရတာလဲ”
“လမ်းထိပ်မှာကားပျက်လို့ အိမ်ကို ခြေလျင်လျှောက်လာခဲ့ရတာ”
“သြော်”
ခေါင်းပေါ်ကရေတွေကို ခြောက်အောင် အရင်သုတ်ပေးရတယ်။ တကယ်ဆို ဒီလိုသေးသေးမွှားမွှားကို သူ့ဘာသူလုပ်လည်း ရနေတာကို။ ကိုနစ်ခေါင်းကရေတွေ ခြောက်ပြီဆိုမှ နှောင်းအိပ်ရာဝင်ဖို့ပြင်ရတယ်။
“နှောင်း ကိုယ်အရမ်းချမ်းနေလို့ ကိုယ့်ကိုဖက်အိပ်ပေးလို့ရမလား”
“အင်း လာလေ”
လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်တော့ ကိုနစ်က နှောင်းရင်ခွင်ထဲကို တိုးဝင်လာခဲ့တယ်။ ကိုနစ်ကို နှောင်းဖက်ထားပေးပြီး အိပ်စက်လိုက်တယ်။ နေမကောင်းလို့ အရမ်းချမ်းနေတဲ့အချိန်ဆို လူတစ်ယောက်ရဲ့ရင်ခွင်က အနွေးဓာတ်အပေးနိုင်ဆုံးပါတဲ့။ ဒါ့ကြောင့် ကိုနစ်ရဲ့အချမ်းတွေသက်သာစေဖို့ နှောင်းရင်ငွေ့နဲ့ နွေးစေပြီး အိပ်ပျော်စေလိုက်ပါတယ်။ ဒီညတော့ နှောင်းရင်ခွင်ထဲမှာနေပြီး နွေးနွေးထွေးထွေး အိပ်စက်အနားယူလိုက်ပါ။
ဒီလိုနွေးထွေးတဲ့ရင်ခွင်ကို မခိုလှုံခဲ့မိတဲ့ လေးနှစ်တာကို တွေးပြီး နောင်တရလိုက်တာ။ အရင်က နေမကောင်းလို့ချမ်းတဲ့အခါ ဒီရင်ခွင်က အနွေးဓာတ်ပေးတယ်ဆိုတာ မသိခဲ့ဘူး။ မိုးရွာလို့ အေးတဲ့အခါ ဒီရင်ခွင်ထဲကို ခိုဝင်ရကောင်းမှန်း မသိခဲ့ဘူး။ ကုန်လွန်ခဲ့တဲ့အချိန်တွေကို နှမြောလိုက်တာ။ နေ့တိုင်း မိုးရွာပါစေလို့ ဆုတောင်းရအောင်လည်း မိုးကုန်လို့ ဆောင်းကိုရောက်တော့မယ်။
ခုရွာနေတဲ့မိုးက ရာသီအကူးအပြောင်း မိုးကုန်လို့ ဆောင်းရောက်ခါနီး ရွာတဲ့ လက်ကျန်မိုးပါ။ ဒီရင်ခွင်မှာခိုးနာဖို့ရာ နေ့တိုင်း နေမကောင်းဖြစ်ပါရစေလို့တောင် ဆုတောင်းရတော့မလိုဖြစ်နေပြီ။ ဘာမှမတွေးတော့ဘဲ ခုညတော့ နွေးထွေးတဲ့ရင်ခွင်လေးကို ခိုလှုံပြီး အိပ်စက်ပါရစေ။ အိမ်မက်တွေ ချိုမြိန်မှာတော့ သေချာနေပါပြီ။
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...