Part 19 (Unicode)

19K 1.5K 164
                                    

ဒီနေ့က သားသားတို့ ခြောက်လပြည့်တဲ့နေ့လေးမို့ အိမ်ကို အပြီးအပိုင် ခေါ်ခွင့်ရမယ့်နေ့ပါ။ သားသားတို့ကို အိမ်ခေါ်လာဖို့အတွက် နှောင်းမှာအလုပ်ရှုပ်နေရတယ်။ အခန်းထဲမှာ သားသားတို့အတွက် ဗီရိုလေးတွေထည့်၊ အိပ်ရာလေးတွေပြင်၊ အရုပ်လေးတွေထည့်၊ ကစားစရာလေးတွေ အပြည့်ဖြည့်လိုက်တော့ နှောင်းတို့နှစ်ယောက်ရဲ့အိပ်ခန်းကြီးက အရင်ကထက်ပိုပြီး လှပပြည့်စုံသွားပါတော့တယ်။

အလင်း ဒီ‌နေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် မနက်ဘက် မိတ်ဆွေတစ်ယောက်နဲ့တွေ့ပြီးတာနဲ့ အိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်ပြန်ရောက်လို့ အခန်းထဲအဝင် ကလေးအိပ်ရာတွေ၊ ကလေးကစားစရာတွေနဲ့ အရုပ်တွေကို တွေ့လိုက်ရတယ်။ အခန်းက မသိရင် ကလေးအရုပ်ဆိုင်ကြီး ကြနေတာပဲ။

“မိုးနှောင်းကမ္ဘာ ဒါတွေက ဘာတွေလဲ”

“သားသားတို့ကို ဒီနေ့ အိမ်ခေါ်ရတော့မှာလေ။ သားသားတို့နေဖို့ ပြင်ထားတာ။ ပစ္စည်းတွေကတော့ အရင်ရက်တွေကတည်းက နည်းနည်းစီ ဝယ်စုထားတာ။ ဒီလောက်များသွားမယ်တောင် မထင်ထားဘူး အဟီး”

မိုးနှောင်းကမ္ဘာတစ်ယောက် ပြုံးပျော်နေတာများ မျက်နှာကို သကာရည်လောင်းထားတဲ့အတိုင်းပဲ။

“မင်းဆိုလိုချင်တာက မင့်သားတွေကို ဒီအခန်းထဲမှာ ထားမယ်ပေါ့ အဲ့လိုလား”

“အင်းလေ”

“ဟာ မရပါဘူး။ ကလေးတွေနဲ့ တစ်ခန်းတည်းမနေချင်ပါဘူး။ ညညထငိုရင် အိပ်ရေးပျက်မှာပေါ့။ ငါအတူတူ မနေနိုင်ဘူးနော်”

နေ့ခင်းအလုပ်လုပ်ရလို့ ပင်ပန်းရတဲ့အထဲ အိမ်ပြန်လာတဲ့အခါ ညဘက်ကလေးတွေငိုရင် အိပ်ရေးပျက်ရဦးမယ်။ ပြီးတော့ သူနဲ့အတူတူနေတဲ့အခါ ကလေးတွေနဲ့ အဆင်မပြေပါဘူး။ မိုးနှောင်းကမ္ဘာတစ်ယောက် ဒါတွေကို မတွေးမိဘူးလားမသိဘူး။

“ဟင် အဲ့ဒါဆို သားသားတို့ကို ဘယ်မှာထားရမှာလဲ”

“ငါ့တို့အိပ်ခန်းရှေ့မှာ အခန်းကျယ်ကြီးရှိနေတာပဲဟာ။ အဲ့အခန်းထဲ ထည့်ထားလိုက်လေ”

ပြောပုံကိုက နှောင်းသားတွေက အမှိုက်ကြနေတာပဲ။ တော်သေးတာပေါ့ သူ့သွေးသားပါနေ‌လို့။ သူသွေးသားမပါဘဲ ကိုယ့်သွေးချည်းသာဆို ဘယ်လိုတောင်ပြောမလဲမသိဘူး။

“ကိုနစ်ကလည်းဗျာ။ ကျွန်တော်တစ်မနက်လုံး ပြင်ဆင်ထားရတာဗျ။ ဘယ်လောက်တောင် ပင်ပန်းလိုက်လဲ။ ပြန်မရွှေ့နိုင်တော့ဘူး”

နှောင်းတကယ်ကိုပင်ပန်းပြီး ပြန်လည်းမရွှေ့နိုင်‌တော့‌ပါဘူး။ ပြန်လည်းမရွှေ့ချင်ဘူး။ အကြင်နာတရားမရှိတဲ့လူကြီး။ ကိုယ့်သားတွေနဲ့ အတူမနေချင်ဘူးတဲ့။ ချစ်ရောချစ်တတ်တဲ့နှလုံးသား ရှိသေးလားမသိဘူး။

“ကဲပါ ဆူပုတ်မနေနဲ့။ ငါကူရွှေ့ပေးမယ် ဟုတ်ပြီလား”

မရွှေ့ချင်လို့ပါဆို ဒီလူကြီးကတော့။ မရွှေ့ချင်လို့လည်း မရတော့ပါ။ ပစ္စည်းတွေကို ဟိုဘက်အခန်းထဲကို တက်တက်ကြွကြွရွှေ့နေတဲ့ လူကြီးကြောင့် နောက်ဆုံးတော့ နှောင်းမှာ မရွှေ့ချင်ရွှေ့ချင်နဲ့ သားသားတို့ပစ္စည်းတွေကို လူ့ဂွစာကြီးနဲ့အတူ ရွှေ့လိုက်ရတော့တယ်။

ဒီအခန်းထဲမှာထားမယ်ဆိုရင် သားသားတို့ ကျယ်ကျယ်ဝန်းဝန်း နေလို့တော့ရတယ်လေ။ ဆိုးတော့ မဆိုးပါဘူး။ အစကနေစပြီး ပြင်ဆင်ရဦးမယ်။ ကိုနစ်ရှိတုန်းလေး ကူခိုင်းရမယ်။

“ကိုနစ် သားသားတို့အခန်းကိုခင်းဖို့ ဖော့ကော်ဇောထူထူလေး ခန်းလုံးပြည့် မှာပေးပါလား။ ပြီးတော့ မွေ့ရာပါမှာပေး”

“ဘာလုပ်ဖို့လဲ”

“သားတို့ဖို့ပေါ့။ တခုခုဖြစ်မှာ မစိုးရိမ်ရအောင်လို့ ခန်းလုံးပြည့် ဖော့ကော်ဇောထူထူ ခင်းထားရမယ်”

“အင်း မှာပေးမယ်”

နှောင်းပြောတာတွေကိုမှာဖို့ ဘေဘီစတိုးကို ဖုန်းဆက်လိုက်တယ်။

“ကိုနစ် ဒီဗီရိုလေးကို ဒီဘက်နံရံကိုကပ်ပေး”

သူလက်ညှိုးထိုးပြတဲ့ ဗီရိုဆိုတာကိုကြည့်လိုက်တော့ ဗီရိုလေးသာပြောတယ် ဗီရိုက အလင်းတစ်ရပ်လောက်ရှိတယ်။ ကလေး‌တွေအတွက်ဗီရိုလား သူ့အတွက်လား မသဲကွဲဘူး။ ဗီရိုလေးက အရုပ်လေးတွေနဲ့ လှလှလေးမို့ တော်တော်လေးတော့ ချစ်ဖို့ကောင်းတယ်။ ဘယ်လိုများရှာဝယ်ထားလဲ မသိဘူး။ အထဲမှာလည်း ကလေးအဝတ်အစားလေးတွေစုံလို့။ ဘယ်တုန်းကများ ဝယ်ထားပါလိမ့်။

“ဗီရိုက နှစ်လုံးတောင်လား”

“သားက နှစ်ယောက်လေ”

“အေးပါကွာ”

တော်ပြီ ဆက်မမေးတော့ဘူး။ သူခိုင်းတဲ့အတိုင်းပဲ လိုက်လုပ်ပေးတော့မယ်။ မှာထားတဲ့ပစ္စည်းတွေရောက်လာတော့ ခန်းလုံးပြည့်ဖော့ကော်ဇောကို ခင်းလိုက်တယ်။ အိစိအိစိနဲ့ တော်တော်လေးနင်းလို့ကောင်းတာကို အလင်းသတိထားမိလိုက်တယ်။ တစ်ခန်းလုံးကို ပစ္စည်းတွေနေရာချလို့အပြီးမှာတော့ နှစ်ယောက်လုံး တော်တော်လေးကို ပင်ပန်းသွားပါပြီ။

ယဉ်ယဉ်ကတော့ အလင်းတို့နှစ်ယောက်ကို တစ်ချက်မကူတဲ့အပြင် နေ့လည်ဘက်အိပ်နေတာများ သိုးလို့။ ဂျပန်ခေတ်သာဆို ဗုံးထုတာနဲ့ သူအရင်သေမှာ။ ဖော့ကော်ဇော်အိအိလေးပေါ်မှာ နှစ်ယောက်သား မောမောနဲ့ပက်လက်လှန်လိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိဘူး။ ညနေရောက်လို့ ယဉ်ယဉ်လာနှိုးမှ နိုးရတဲ့အဖြစ်။ ဂျပန်ခေတ်သေမယ့်အထဲ ကျွန်တော်တို့နှစ်ယောက်လည်းပါသွားပြီ။

“ကိုကိုကြီးနဲ့ ကိုနှောင်း အိပ်ရာထတော့လေ။ ဒီနေ့ သားသားတို့ကို သွားမခေါ်တော့ဘူးလား”

သားသားတို့ဆိုမှ ပြူးတူးပြဲတဲနဲ့ အိပ်ရာထလာတဲ့မိုးနှောင်းကမ္ဘာ။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကို ပွတ်နေလေရဲ့။

“ဟုတ်သားပဲ ကိုနစ်။ သားသားတို့ကို သွားခေါ်ရအောင်”

“အင်း ရေအရင်ချိုး။ ရေချိုးပြီး သွားခေါ်မယ်”

“အင်း မြန်မြန်ချိုးမှ”

သားသားတို့ကိုသွားခေါ်တော့ နှောင်းကပျော်နေသလောက် အစ်မတို့လင်မယားက‌တော့ ငိုနေကြရတယ်။ စိတ်မကောင်းပေမယ့် သားသားတို့ကို အိမ်ကိုခေါ်ရတော့မယ်လေ။ အစ်မကတော့ သားလေးတွေကိုဂရုစိုက်ဖို့ တဖွဖွမှာနေရှာတယ်။ သားသားတို့နဲ့ ပတ်သက်တာမှန်သမျှ အစ်မကို အချိန်မရွေး အကူအညီတောင်းနိုင်ပါတယ်တဲ့လေ။ အစ်ကိုကတော့ မျက်ရည်မကျပေမယ့် အတော်လေး စိတ်မကောင်းဖြစ်နေရှာတယ်။ အစ်မကိုလည်း စိတ်မကောင်းမဖြစ်ဖို့ အားပေးရှာတယ်။

“ငယ် မငိုပါနဲ့ကွာ။ ငယ်အဲ့လိုငိုနေတော့ သားသားတို့ကိုခေါ်သွားရမယ့် နှောင်းလေးကလည်း ဘယ်စိတ်ကောင်းပါ့မလဲ။ မငိုနဲ့တော့ လိမ္မာတယ်။ အစ်ကိုတို့ ကလေးထပ်ယူမယ်ကွာ ဟုတ်ပြီလား”

အစ်ကိုကစ‌တော့ အစ်မကရယ်တယ်။ အစ်မရယ်မှပဲ နှောင်းစိတ်မကောင်းဖြစ်တာ နည်းနည်းလေးလျော့သွားတော့တယ်။

“နှောင်းလေး စိတ်မကောင်းမဖြစ်နဲ့နော်။ အစ်မက သားသားတို့နဲ့ တနေ့တော့ခွဲရမယ်ဆိုတာသိတာမို့ ကြိုတင်ပြင်ဆင်ထားပေမယ့် နည်းနည်းလေး စိတ်မကောင်း ဖြစ်နေသေးလို့ပါ။ အစ်မသားသားတို့ကိုလွမ်းတဲ့အခါ နှောင်းတို့အိမ်ကို အိမ်လည် လာခဲ့မယ်နော်”

“ဟုတ်ကဲ့အစ်မ အချိန်မရွေးလာခဲ့ပါ။ အစ်ကိုနဲ့အစ်မကို နှောင်းတို့အိမ်က အမြဲကြိုဆိုနေပါတယ်နော်”

“ကျေးဇူးပါ နှောင်းလေး”

အစ်မတို့အိမ်က သားသားတို့ကို ပြန်ခေါ်လာပြီးတဲ့နောက်မှာတော့ သားသားတို့အတွက် ပြင်ဆင်ပေးထားတဲ့အခန်းထဲမှာ သားသားတို့ကို နေရာချပေးလိုက်တယ်။

“ကိုနှောင်း သားသားတို့ကို နာမည်ဘယ်လိုခေါ်မှာလဲ”

“သားကြီးကို ကိုကိုးလို့ခေါ်မယ်။ သားငယ်လေးကို ဂိုဂိုး‌လို့ခေါ်မယ်”

“နာမည်လေးတွေက ချစ်ဖို့ကောင်းလိုက်တာ။ ကိုကိုးလေးရေ၊ ဂိုဂိုးလေးရေ”

ယဉ်ယဉ်က သဘောတကျနဲ့ နာမည်လေးခေါ်ပြီးတော့ သားသားတို့ကို ချော့မြှူနေပါတော့တယ်။

ကိုကိုး၊ ဂိုဂိုးတဲ့။ အင်း ချစ်ဖို့တော့ကောင်းသားပဲ။ မဆိုးဘူး မိုးနှောင်းကမ္ဘာက နာမည်ပေး‌တော့တော်သားပဲ။

“ဒါနဲ့ ကိုနှောင်း နာမည်အရင်းက‌ရော”

“အဟီး အဲ့တာကတော့ မစဉ်းစားရသေးဘူး။ ဖြေးဖြေးချင်း စဉ်းစားမယ်လေ။ နင်လည်း ကူစဉ်းစားပေးဦးယဉ်ယဉ်။ ဖွားနဲ့မေမေတို့ကိုပါ ကူစဉ်းစားခိုင်းရမယ်။ ခုတော့ အိမ်ခေါ်နာမည်လေး ကိုကိုး၊ ဂိုဂိုး‌ပဲ စဉ်းစားလို့ရသေးတယ်။ ဪ ကိုနစ်”

ယဉ်ယဉ့်ကိုပြောနေရင်း ကိုနစ်ကိုပါခေါ်လိုက်တော့ ဘာတွေကို အတွေးလွန်နေမှန်းမသိတဲ့ကိုနစ်တစ်ယောက် ယောင်တောင်ပေါင်တောင်နဲ့ ပြန်ထူးရှာတယ်။

“ဟင်”

“ကိုနစ်ပါ နာမည်ကူပြီးစဉ်းစားပေးနော်”

“အင်း”

အနားမှာထိုင်ပြီး နှောင်းတို့ကိုငေးစိုက်ကြည့်နေတဲ့ကိုနစ်ကိုပါ အကူအညီတောင်းလိုက်တော့ ကိုနစ်တစ်ယောက် ခေါင်းညှိမ့် ပြလာပါတယ်။

သားတွေရောက်လာတာကို မိုးနှောင်းကမ္ဘာအရမ်းပျော်နေရှာတယ်။ မင်းက ကလေးအရမ်းချစ်တတ်တာပဲလား မိုးနှောင်းကမ္ဘာ။ ဒါ့ကြောင့် ဖွားက ကလေးယူဖို့ပြောခဲ့တုန်းက တစ်ခွန်းမှဝင်မပြောဘဲ ငြိမ်နေခဲ့တာလား။ ကလေးလေးတွေကိုကြည့်ပြီး ပြုံးနေတဲ့ မင်းရဲ့အပြုံးလေးတွေက အသက်ဝင်လွန်းလှတယ်။

ငါနဲ့ရော မင်းအဲ့လို ပြုံးမပြနိုင်ဘူးလား။ ငါနဲ့စကားပြောတဲ့အခါလည်း မင်းအဲ့လိုပြုံးနေတာမျိူးလေးကို မြင်ချင်မိတယ်။ ဒါပေမဲ့ ငါကမှ မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တာ။ ငါ့လိုကောင်မျိုးကို ဒီလိုအပြုံးမျိုး ဘယ်ပြုံးပြနိုင်ပါ့မလဲ‌။ ကိုယ်ကပြုံးမပြဘဲ ကိုယ့်ကိုပြုံးပြတာကိုလိုချင်နေမိတာ ငါလောဘကြီးနေသလိုများ ဖြစ်နေပြီလား။

အတွေးတွေနက်နဲလာတဲ့အခါ လူကမွန်းကြပ်လာပြီး နေရခက်လာတယ်။ အတွေးတွေကိုမောင်းထုတ်လိုက်ပြီး အတတ်နိုင်ဆုံး မတွေးမိတော့အောင် ကြိုးစားလိုက်တယ်။

ညဘက်ရောက်‌တော့ အိပ်ရာဝင်ခါနီး တစ်ခုခုလိုအပ်နေသလို ခံစားနေရတယ်။ မိုးနှောင်းကမ္ဘာ အခန်းထဲကိုမလာဘဲ ဘယ်ကို သဝေထိုးနေပြန်ပြီလဲ မသိဘူး။ အိပ်ချိန်ရောက်နေပြီကို ခုထိလာမအိပ်သေးဘူး။ သူလာမအိပ်တော့ ကိုယ်ကပါ တစ်ခုခုလိုနေပြီး အိပ်လို့မပျော်ဖြစ်နေရတယ်။ သူ့သားတွေအခန်းထဲမှာပဲ ဖြစ်ရမယ်။ တစ်အိမ်လုံးမှာ မိုးနှောင်းကမ္ဘာရှိနေမယ့်နေရာဆိုလို့ သူ့သားတွေအခန်းပဲရှိတယ်။

အလင်းအတွေးနဲ့အတူ သားတွေအခန်းကို တံခါးဆွဲဖွင့်လိုက်တော့ သားတွေကိုငေးကြည့်ပြီးပြုံးနေတဲ့ မိုးနှောင်းကမ္ဘာကို တွေ့လိုက်ရတယ်။ အိပ်ပျော်နေတဲ့ကလေးတွေကိုကြည့်ပြီး ပါးလေးတွေကို လက်ညှိုးလေးနဲ့ ဖွဖွလေး မရဲတရဲထိလိုက် တစ်ခါတစ်ခါ သားတွေရဲ့ပါးဖောင်းဖောင်းလေးတွေကို တမေ့တမောနမ်းလိုက်နဲ့ အလုပ်ရှုပ်နေရှာတယ်။

သားတွေကို အဲ့လောက်တောင်ချစ်တာပဲလား။ မင်းနဲ့တစ်သက်လုံး အတူတူနေရတော့မှာကို‌တောင် ပျောက်သွားမှာဆိုးတဲ့အလား မျက်တောင်မခတ် ထိုင်ကြည့်နေတယ်တဲ့လား။ အရမ်းချစ်တာပဲလား။

“မိုးနှောင်းကမ္ဘာ”

“ဗျာကိုနစ်”

“မင်း ဒီမှာအိပ်ဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်”

“ဗျာ”

ကိုနစ်က ဘာကိုမေးတာလဲ။ နှောင်းက သားသားတို့နဲ့အိပ်မှာပါ။ အိပ်ရာတွေတောင် ပြင်ပြီးပြီ။ အိပ်‌ဖို့ပဲကျန်တော့တာကို။ ကိုနစ်မမြင်ဘူးလား မသိ။

“ငါက မင်းလင်နော်”

အလင်းဘာပြောရမှန်းမသိလို့ စကားစရှာမရလို့ ပြောလိုက်ခြင်းပါ။ ဒါကိုတောင် အလိုက်ကန်းဆိုးမသိတဲ့သူက ရှိသေးတယ်။ လူကိုဘာလဲဆိုတဲ့အထာနဲ့ ပြူးပြီးကြည့်နေလိုက်သေးတယ်။

လာပြန်ပြီ ဒီမင်းလင်ဆိုတဲ့စကား။ အခုက အဲ့ဒါပြောရမယ့် အခြေအနေဟုတ်လို့လား။ သူကကိုယ့်လင်ဆိုတာကို တကူးတကလာပြောနေသေးတယ်။ ကိုနစ်က ဘာလားပဲ။

“အင်း သိတယ်လေ။ အဲ့ဒါဘာလို့”

“မင်း လင်ယူထားတာမို့လား လင်နဲ့အိပ်ရမှာပေါ့။ ဒါလေးတောင်မသိဘူးလား”

“ဟမ်”

ကိုနစ်စကားကြီးက ဘာစကားကြီးလဲ။ သူနဲ့အိပ်မှာမို့ သားတွေကို သူ့အခန်းထဲမှာထားဖို့ပြင်ဆင်‌တော့ နားညီးလို့ဆိုပြီး ဒီဘက်အခန်းကို ရွှေ့ခိုင်းတာလည်းသူပဲ။ ခုလည်း သူနဲ့လာမအိပ်လို့ လူကိုအပြစ်ပြောပြန်ပြီ။

“ငါနဲ့မအိပ်ဘဲ ကလေးတွေနဲ့ အိပ်မယ်မကြံနဲ့နော်။ မင်းအိမ်ထောင်ပြုထားတာမို့လား။ လင်မယားဆိုတာ အတူတူအိပ်ရတာ။ လင်ယူပြီး လင်နဲ့အတူတူမအိပ်လို့ရမလား။ ငါနဲ့ခွဲအိပ်ချင်နေတယ်ဆိုရင် ငါ့ကိုကွာလိုက်”

ဘာတွေပြောနေတာလဲအလင်းရာ။ မင်းမရှိရင် မအိပ်တတ်လို့ ငါနဲ့အတူတူလာအိပ်ပါလို့ ပြောလိုက်ရင်ရနေတာကို ဘာတွေပြောနေမိမှန်း မသိဘူး။

ယဉ်ယဉ် ကိုကိုကြီးအသံကိုကြားလို့ အခန်းထဲကထွက်လာခဲ့တာပါ။ ကိုကိုကြီးဟာလေ ငါမင်းနဲ့အိပ်ချင်လို့ ငါနဲ့အတူလာအိပ်လို့ ပြောလိုက်ရင်ရနေတာကို။ ဘာတွေကို ကွာခိုင်းနေတယ်မသိဘူး။ ကိုနှောင်းကိုဆို ချိုချိုသာသာလေး ပြော‌လို့မရတာလားမသိဘူး။

ဟူးးးးး ကိုနစ်နဲ့တော့ တကယ်ကိုမလွယ်ပါ့လား။ သူပဲအမျိုးမျိုးနဲ့။ သားတွေကို အခန်းရွှေ့ခိုင်းတာလည်းသူပဲ။ အခု သူနဲ့မအိပ်လို့ အပြစ်ပြောနေတာလည်းသူပဲ။ ကိုနစ်ကို နှောင်း တကယ်ကို နားမလည်နိုင်တော့ဘူး။

“ကိုနစ်ပဲ သားတွေကို အခန်းထဲမှာထားရင် အိပ်ရေးပျက်လို့ ဒီအခန်းကိုရွှေ့လိုက်ဆို”

ဪ ကိုနှောင်းကလည်း ဒူလိုက်တာဆိုတာ။

“ဟုတ်တယ်လေ မင့်သားတွေ ညဘက်ထငိုရင် ငါအိပ်ရေးပျက်မှာဆိုးလို့ ဒီဘက်အခန်းကို ရွှေ့ခိုင်းတာလေ”

“အင်းလေ အဲ့ဒါကြောင့် ဒီအခန်းကိုရွှေ့ပြီး ဒီမှာလာအိပ်တာလေ။ ကိုနစ်က အခုဘာတွေပြောနေတာလဲ”

အမလေးကိုနှောင်းရယ် အရိပ်ပြလို့ အကောင်မမြင်လိုက်တာ။

“ဟ မင့်သားတွေကိုပဲ ဒီဘက်အခန်းကိုရွှေ့ခိုင်းတာလေ။ မင်းကို ဒီဘက်အခန်းကိုသွားအိပ်လို့ ပြောလို့လား”

“ဟင် သားတွေချည်းပဲ ဒီဘက်အခန်းမှာထားလို့ဖြစ်မလား ကိုနစ်ရ။ ကလေးတွေကို သူတို့ချည်းပဲ ဒီအတိုင်းပစ်ထားရမှာလား”

ဟူးးးး ကိုနှောင်းကလည်းဒူသလို ကိုကိုကြီးကလည်းဝေ့နေတာမို့ ယဉ်ယဉ်မနေနိုင်တဲ့အဆုံး ဝင်ပြောရတော့တယ်။

“ကိုနှောင်း ကိုကိုကြီးနဲ့ အတူတူသွားအိပ်လိုက်ပါ။ သားသားတို့နဲ့အတူတူ ယဉ်ယဉ်အိပ်လိုက်ပါ့မယ်”

“ဖြစ်ပါ့မလား ယဉ်ယဉ်ရာ”

“ဖြစ်ပါတယ်ကိုနှောင်းရယ်။ ယဉ်ယဉ့်မှာ မောင်လေးတွေ ညီမလေးတွေရှိပါတယ်။ အမေမအားတဲ့အခါ ယဉ်ယဉ်ပဲ ပြုစုစောင့်ရှောက်ရလို့ ကလေးကောင်းကောင်းထိန်းတတ်ပြီး ကောင်းကောင်းကြီးပြုစုတတ်ပါတယ်။ စိတ်မပူနဲ့ သွား ကိုကိုကြီးနဲ့ လိုက်အိပ်လိုက်”

“ရတယ်လို့ပြောတဲ့သူက ရပါတယ်ဆို။ လာကွာ”

“လာပါပြီဗျာ။ ယဉ်ယဉ် ငါစိတ်ချမယ်နော်”

သံယောဇဉ်အမျှင်တန်းနေတဲ့ မိုးနှောင်းကမ္ဘာရဲ့လက်ကိုဆွဲပြီး အခန်းထဲကို ပြန်ခေါ်လာခဲ့လိုက်တယ်။ ဒါတောင် သူ့သားတွေကိုစိတ်မချလို့ လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးတယ်။

“မိုးနှောင်းကမ္ဘာ မင့်သားတွေနဲ့ အဝေးကြီးကို ခွဲခေါ်လာတာလည်း မဟုတ်ဘူး။ သားတွေက မင့်အခန်းရှေ့တင်။ မင့်သားတွေကိုစိတ်မချရင် သူတို့ငိုသံကြားတာ‌နဲ့ ပြေးကြည့်လို့ရတယ်”

“အဲ့လိုပြေးကြည့်စရာမလိုအောင် သားတွေအနားမှာအိပ်ချင်တာကို”

ဆူပုတ်ပုတ်လေးပြောလာတဲ့ မိုးနှောင်းကမ္ဘာကိုကြည့်ပြီး သက်ပြင်းအသာချလိုက်တယ်။ အဲ့လောက်ချစ်ဖို့ကောင်းအောင်မနေပါနဲ့ မိုးနှောင်းကမ္ဘာ။ ငါစိတ်မထိန်းနိုင်ရင် မင်းမနက်မထနိုင်ဘဲ နေတော့မယ်။

“ခုလည်း အဝေးကြီးမှ မဟုတ်တာဘဲကွာ”

“ကိုနစ်က လူ့ဂွစာ။ သားတွေကို အခန်းထဲခေါ်ထားတော့လည်းမဟုတ်။ သားတွေအခန်း သွားအိပ်တော့လည်းမဟုတ်။ ကျွန်တော့်ကို တမင်သက်သက်များ အကျင့်ပုတ်နေတာလားပဲ။ ကျွန်တော်သားတွေကို အရမ်းချစ်မှန်းသိလို့ သက်သက်ခွဲတာမို့လား”

“ဪ ငါက အဲ့လောက်တောင် စိတ်ပုတ်တဲ့ရုပ် ပေါက်နေတယ်ပေါ့”

“အဲ့ထက်ပိုတယ်”

စကားအဆုံးမှာ စိတ်ကောက်ပြီး ခေါင်းမှီးခြုံအိပ်သွားတဲ့ မိုးနှောင်းကမ္ဘာကိုကြည့်ပြီး ခေါင်းအသာရမ်းကာ ပြုံးလိုက်မိတယ်။ ကလေးဆိုးလေး။

**********

“ကိုနစ် ထတော့ မိုးလင်း‌နေပြီ။ ရုံးသွားရဦးမယ်လေ”

“ငါ အိပ်ရေးမဝသေးဘူး အိပ်ဦးမယ်။ ဒီနေ့တစ်ရက် ရုံးမလာတော့ဘူးလို့ ကျော်စွာ့ကိုဖုန်းဆက်ပေး”

“အင်းအင်း ကျွန်တော်ဆက်လိုက်မယ်”

ကိုကျော်စွာ့ကိုဖုန်းလှမ်းဆက်ပြီး ကိုနစ်ပြောခိုင်းတဲ့‌အတိုင်း ပြော‌ပေးလိုက်တယ်။ ညက သားသားတို့က အိပ်ရာအပြောင်းအလဲကြောင့်ထင်တယ် တစ်ညလုံးငိုနေလို့ ယဉ်ယဉ်ရောနှောင်းပါ တစ်ညလုံးမအိပ်ခဲ့ရပါဘူး။ လူကလည်းနုံးချိပြီး သိပ်မလန်းချင်ဘူး။

“ကိုနှောင်း ခေါင်းနောက်နေတယ်မို့လား”

“အင်း နည်းနည်း”

“အဲ့ဒါကြောင့်ပြောပါတယ်။ ညက ယဉ်ယဉ်နဲ့ စိတ်ချလက်ချထားခဲ့ပြီး အိပ်ပါဆိုတာကို မအိပ်ဘူး”

“သားတွေငိုသံကို အထဲကကြားနေရတော့ အိပ်လို့လည်းမပျော်ပါဘူး။ စိတ်က သားတွေဆီကိုရောက်နေတာ”

“အိပ်ရေးမဝသေးလည်း အိပ်လိုက်ပါ့လား။ ယဉ်ယဉ်တစ်ယောက်တည်း အဆင်ပြေပါတယ်ကို‌နှောင်းရဲ့”

“ငါ မနက်ဘက် မအိပ်တတ်ဘူးယဉ်ယဉ်ရဲ့။ အိပ်ရာထနေကြအချိန်ဆို မျက်လုံးက သူ့အလိုလိုပွင့်လာတာ။ ဆက်အိပ်လို့လည်း မရဘူး။ အိပ်ရာနိုးနေ‌ရဲ့သားနဲ့ မထဘဲ အိပ်ရာထဲမှာ ဆက်အိပ်နေရင်လည်း ကျောတွေပူလို့ မအိပ်နိုင်ဘူး။ နေ့လယ်စာစားပြီးမှ အိပ်လိုက်မယ် ရတယ်။ ဒါနဲ့ နင်လည်း အိပ်ရေးပျက်တာပဲဟာ အိပ်လိုက်ပါ့လားယဉ်ယဉ်။ အိပ်မရမယ့်အတူတူ မီးဖိုးချောင်ကို ငါဝင်လိုက်မယ်”

“ရပါတယ်ကိုနှောင်းရယ်။ ယဉ်ယဉ်က ဒါမျိုးတွေကြုံနေကြမို့ မပင်ပန်းပါဘူး။ ယဉ်ယဉ့်ကိုအားမနာနဲ့ ရတယ်”

သားနှစ်ယောက်ကတော့ တစ်ညလုံးအော်ငိုနေခဲ့ပြီး မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကြောင့် ခုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေပါပြီ။ သားတွေအိပ်ပျော်နေတဲ့အချိန်လေး နှောင်းနဲ့ယဉ်ယဉ် ချက်စရာရှိတာချက်၊ လျှော်စရာရှိတာလျှော်ပြီး အိမ်အလုပ်အားလုံးကို သားတွေမနိုးခင် အပြီးလုပ်လိုက်ရတယ်။ သားတွေနိုးလာရင် နားချိန်မရှိတော့ဘူးလေ။

အလုပ်အားလုံးပြီးခါနီးလောက်မှာ ဆူးဆူးဝါးဝါးအော်ငိုလာတဲ့ သားလေးတွေကြောင့် လုပ်လက်စအလုပ်ကိုထားခဲ့ပြီး သား‌တွေရှိရာကို အမြန်ပြေးသွားလိုက်ရတယ်။

ကလေးတွေ တစ်ညလုံးအော်ငိုနေလို့ ညကအိပ်ရေးပျက်တာကြောင့် ဒီနေ့ရုံးမသွားတော့ဘဲ အိပ်ဖို့စီစဉ်လိုက်ရတာပါ။ မှေးခနဲအိပ်ပျော်သွားပြီး ခဏလေးဆိုမှ ခဏလေးရှိသေးတယ် ကလေးငိုသံဆူးဆူးဝါးဝါးကြောင့် အလင်းဆက်အိပ်လို့မရတော့တာမို့ ဒေါသထွက်လာရတယ်။

“မိုးနှောင်းကမ္ဘာ မင့်သားတွေကို မေမေတို့အိမ်ပို့လိုက်တော့။ တစ်ညလုံးလည်း သူတို့အော်ငိုနေလို့ ငါ့မှာ အိပ်ကောင်းချင်း မအိပ်ရဘူး။ ညကအိပ်ရေးပျက်လို့ ခေါင်းကိုက်နေတာမို့ ခုမနက်လေးတော့ ရုံးမသွားဘဲ အိပ်ဖို့တွေးထားပါတယ်ဆိုမှ မနက်ပါ ထပ်အော်ငိုနေကြတယ်။ ငိုပဲငိုနိုင်လွန်းတဲ့ကလေးတွေ ဖအေတူသားတွေ။ ငါသည်းမခံနိုင်ဘူး မေမေတို့အိမ်ပို့လိုက်တော့”

“မေမေတို့အိမ်တော့ မပို့ပါရစေနဲ့။ ကျွန်တော် သားတွေနဲ့မခွဲနိုင်ဘူး။ တကယ်လို့ ကိုနစ်အဆင်မပြေရင် ကျွန်တော်ပါ သားသားတို့နဲ့အတူ မေမေတို့အိမ်မှာ ပြန်နေလိုက်မယ်”

“ဘာ”

ဒေါသတကြီးအော်လိုက်တဲ့ ကိုနစ်ရဲ့အသံကြောင့် နှောင်းရင်ခွင်ထဲမှာ မှေးနေတဲ့သားသားက ထပ်ငိုပါလေရော။

“ကိုနစ်ရာ ဖြေးဖြေးအော်ပါဗျာ။ ကလေးလန့်သွားပြီ ကျွစ် ကျွစ် အေး အေး ကျွစ် ကျွစ်”

တကျွစ်ကျွစ်နဲ့ ကလေးချော့နေတဲ့ မိုးနှောင်းကမ္ဘာက အလင်းအော်လိုက်တာကို ဂရုတောင်မစိုက်ပေ။

“မင်းက မေမေတို့အိမ်ပြန်နေရင် ဒီအိမ်မှာ ငါတစ်ယောက်တည်းကျန်ခဲ့ပြီး ဘာလုပ်ရမှာလဲ”

“ကိုနစ်ပါ ပြန်လိုက်ခဲ့လေ”

“မလိုက်ဘူး။ မင်းလည်း မပြန်ရဘူး။ မင့်သားတွေကိုပဲ မေမေတို့အိမ်ပို့လိုက်။ မင့်သားတွေနဲ့မခွဲနိုင်လို့ မပို့နိုရင် မင့်သားတွေအသံကို ငါမကြားနိုင်အောင် တခုခုလုပ်ပေး။ ငါအိမ်ရှေ့ပဲထွက်ထွက် အိမ်နောက်ပဲဝင်ဝင် ဘယ်နေရာမှာပဲနေနေ မင့်သားတွေရဲ့ငိုသံကို မကြားချင်ဘူး ကြားလား”

“ဟုတ်”

ဟုတ်လို့သာပြောလိုက်တာ ဘယ်လိုလုပ်ရမလဲဆိုတာ နှောင်းမစဉ်းစားတတ်တော့ပါဘူး။ ကိုနစ်ကတော့ ပြောပြီးတာနဲ့ စိတ်ဆိုးနေတဲ့ရုပ်ကြီးနဲ့ လှည့်ထွက်သွားတယ်။

“ယဉ်ယဉ်”

“ရှင်”

“ကိုနစ်က ကလေးတွေငိုတာဆူလို့တဲ့ သူအိပ်မရဘူးတဲ့။ သူဘယ်နေရာမှာပဲရှိရှိ ကလေးငိုသံမကြားချင်ဘူးတဲ့။ အဲ့ဒါကြောင့် မေမေတို့အိမ်ပို့လိုက်တဲ့။ ငါလည်း သားတွေနဲ့မခွဲနိုင်ဘူး။ ဘယ်လိုလုပ်ရပါ့မလဲ”

တော်တော်ကြာကြာစဉ်းစားလို့ပြီးတော့ ယဉ်ယဉ်က အကြံတစ်ခုပေးလာတယ်။

“ကိုနှောင်း သားသားတို့အခန်းကို အသံလုံမှန် တပ်လိုက်ပါ့လား။ သားသားတို့အခန်းကို အသံလုံအောင်လုပ်လိုက်ရင် ကိုကိုကြီးဘယ်နေရာပဲရောက်ရောက် သားသားတို့အသံကို မကြားရတော့ဘူးပေါ့။ ကိုကိုကြီးမရှိတဲ့အချိန်နဲ့ သားသားတို့ မငိုတဲ့အချိန်ဆို အပြင်မှာထားပေါ့။ ကိုကိုကြီးရှိလို့ သားသားတို့ငိုနေရင် အခန်းထဲဝင်ပြီး အငိုတိတ်အောင်ချော့ရုံပဲ။ မဟုတ်ဘူးလား။ ညဘက်ဆိုလည်း စိတ်ပူစရာမလိုဘူး။ ယဉ်ယဉ်ကသားသားတို့နဲ့ အတူတူအိပ်ပေးမှာပဲဟာ။ သားသားတို့ တခုခုဖြစ်မှာကို စိုးရိမ်စရာ မလိုဘူးလေ။ နေ့လည်ဘက် ကိုကိုကြီးမရှိတဲ့အချိန် တံခါးဖွင့်ထားရုံပဲ မဟုတ်ဘူးလား”

“အေး နင်ပေးတဲ့အကြံမဆိုးဘူးယဉ်ယဉ်”

နောက်ဆုံးတော့ ကလေးတွေကိုမခွဲနိုင်တဲ့နှောင်းက ကလေးတွေအခန်းကို အသံလုံမှန် တပ်ခဲ့ရပါတော့တယ်။

မနက်မိုးလင်းတာနဲ့ သားသားတို့အခန်းကို ချိတ်လေးနဲ့ချိတ်ပြီး တနေကုန်ဖွင့်ထားလိုက်တယ်။ နှောင်းနဲ့ယဉ်ယဉ် အလုပ်လုပ်နေတဲ့အချိန် သားသားတို့အော်ငိုလိုက်တာနဲ့ အသံကြားရအောင်လို့ တံခါးကိုအမြဲဖွင့်ထားလိုက်တယ်။ တခုခုဆို စိတ်ပူစရာမလို‌တော့ဘူးပေါ့။ ကိုနစ်ပြန်လာတဲ့အချိန်မျိုးမှာ သားသားတို့အော်ငိုတဲ့အခါ တံခါးလေးပြန်ပိတ်ထားလိုက်ရုံပဲ။ ဘယ်လောက်အကြံပိုင်လိုက်သလဲ။

မသိရင် နှောင်းရဲ့သားတွေက ကိုနစ်နဲ့လုံးဝမဆိုင်တဲ့ နှောင်းဘက်ကပါလာတဲ့ လင်ပါသားတွေကြနေတာပဲ။ သူ့သွေးမပါဘဲ နှောင်းသွေးတွေချည်းပဲသာဆို နှောင်းတို့သားအဖတွေကို အိမ်ပေါ်ကနှင်ချမလားပဲ။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now