Part 29 The End (Unicode)

38.6K 1.8K 228
                                    

ဒီနေ့က နှောင်းရန်ကုန်ကိုရောက်တာ ငါးနှစ်ပြည့်တဲ့နေ့ပါ။ နှောင်းရန်ကုန်ကိုလာခဲ့မိတာ ဘဝမှာ ပြင်မရတဲ့ အမှားတစ်ခုပဲ။ မေမေ့ကိုဆုံးရှုံးရဖို့ နည်းနည်းလေးပဲလိုတော့တယ်။ တော်သေးတယ် မေမေ့ကိုမဆုံးရှုံးလိုက်ရလို့။ အိမ်ထောင်ရေးဆိုတဲ့ထောင်ထဲက ရုန်းထွက်လိုက်ချင်ပြီ။

ဒီလိုအချိန်မှာ နှောင်းဘဝအတွက် ဖေဖေနဲ့မေမေက အရေးအကြီးဆုံးမို့ အဆုံးရှုံးမခံနိုင်တော့ဘူး။ ခုဖြစ်တဲ့ပြသနာမှာ နှောင်းမေမေ့ကိုဆုံးရှုံးလိုက်ရရင် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘဲ နောင်တတွေနဲ့ တစ်သက်လုံး နေသွားရတော့မှာ။ သားကြောင့်ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်မိနေလိမ့်မယ်မေမေ။

ကိုနစ်ရဲ့မယုံကြည်ခြင်းတွေနဲ့ သံသယတွေကြားမှာ နောက်ထပ်မနစ်မြုပ်ချင်တော့ဘူး။ သားဘာလုပ်သင့်လဲ။

“သား”

“ဗျာမေမေ”

“ဘာတွေကို အဲ့လောက်တောင်တွေးနေလဲ”

“မေမေ့ကိုသာဆုံးရှုံးလိုက်ရရင် သားကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်ပါတော့မလားလို့ တွေးနေမိတာ”

“ဒီအချိန်မှာ သားကြိုက်ရာကိုဆုံးဖြတ်ပါ။ သားရဲ့ဆုံးဖြတ်ချက်တိုင်းကို မေမေတို့လက်ခံပေးမှာ”

“သားကိုနစ်ဆီက ထွက်လာချင်တယ်ဆိုရင်ရော လက်ခံပေးမှာလားမေမေ”

“သားစိတ်ချမ်းသာတယ်ဆိုရင်ပေါ့”

“စိတ်ချမ်းသာချင်ပြီမေမေ”

“သားစိတ်တိုင်းကျ ရွေးချယ်ပါ။ သားပျော်ရွှင်ရဖို့ အရေးကြီးတယ်။ ဂုဏ်သိက္ခာတွေ ပတ်ဝန်းကျင်တွေကို ထည့်မတွက်စေချင်တော့ဘူး။ အဓိကက မေမေ့သားလေး စိတ်ချမ်းသာတယ်ဆိုရင် ရပြီ”

“ကျေးဇူးပါမေမေ”

မေမေနဲ့နှောင်း စကားပြောနေတုန်းမှာ ဖေဖေနဲ့မေမေဟေမာရယ်၊ ဖွားဖွားရယ်၊ ကိုနစ်ရယ်က အခန်းထဲကိုဝင်လာကြတယ်။

“သမီးသက်သာရဲ့လား”

“ဟုတ်ကဲ့မေမေ သက်သာပါတယ်”

“သက်နှင်းနဲ့ကိုဦးကို ဖြစ်ခဲ့သမျှ ပြသနာတွေအတွက် အလင်းရဲ့အမေတစ်ယောက်အနေနဲ့ ဟေမာတောင်းပန်ပါတယ်”

“မေသက်နဲ့ဦးကို ကျွန်တော်တောင်းပန်ပါတယ်။ ပြသနာတွေက မေသက်တို့ လာတဲ့အချိန်မှာ တိုက်ဆိုင်သွားတာပါ။ နှောင်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက် ကျူးလွန်းခဲ့တာမဟုတ်ပါဘူး။ ရန်ဖြစ်တဲ့အချိန်မှာ ဒေါသနဲ့တွန်းလိုက်မိတာပါ။ မေသက်တို့ရောက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပြီး အခုလိုတွေ ဖြစ်ကုန်ရတာပါ။ ကျွန်တော်မေသက်နဲ့ဦးကို အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ”

“ရပါတယ်သားရယ်။ မေသက်တို့နားလည်ပါတယ်။ မေသက်တို့ဘက်ကလည်း သားဇောနဲ့ နားလည်မှုလွဲခဲ့မိတာလည်း ပါပါတယ်”

“ကျေးဇူးပါမေသက်”

မေမေတို့ဖွားဖွားတို့ စကားလက်ဆုံကြနေတဲ့အချိန် ကိုနစ်ကနှောင်းအနားကို လာရပ်တယ်။

“နှောင်း ကိုယ်တို့ စကားခဏပြောရအောင်”

“အပြင်မှာသွားပြောရအောင်လေ”

လူကြီးတွေကို စိတ်ညစ်မှုတွေ မပေးချင်တော့ပါ။ ဒါ့ကြောင့် ဆေးရုံဝန်းထဲက လူနာတွေ လမ်းလျှောက်ထွက်တဲ့ ပန်းခြံလိုနေရာလေးကို လာခဲ့လိုက်တယ်။ လူလည်းသိပ်မရှိတာကြောင့် စကားပြောရတာလည်း အဆင်ပြေပါတယ်။

“ကိုနစ်ဘာပြောချင်လို့လဲ ပြောပါ”

“အိမ်ကိုပြန်ပြီး နားပါဦးလား။ မင်းကို သားသားတို့မျှော်နေတယ်။ ဒီနေ့ ယဉ်ယဉ်လည်း လူနာကူစောင့်ပေးလိမ့်မယ်”

“ကျွန်တော်ပြန်မလာတော့ဘူးကိုနစ်”

“ဘာလို့လဲနှောင်း”

“ကျွန်တော်မေမေတို့နဲ့ ပြန်နေတော့မလို့။ ပြီးတော့ ကျွန်တော်ကိုနစ်ကို လွတ်လပ်ခွင့်ပေးတော့မလို့ပါ”

“ခုဖြစ်တဲ့ ပြဿနာလေးကြောင့်ဆိုရင်တော့ ကိုယ့်အနားကထွက်ခွာသွားဖို့အထိ လိုလို့လား”

“ကိုနစ်အတွက် ပြဿနာသေးသေးလေးဆိုပေမယ့် ကျွန်တော့်အတွက်တော့ မေမေ့ကို ဆုံးရှုံးလိုက်ရတော့မလို့ နည်းနည်းလေးပဲ လိုတော့တယ်လေ”

“ကံတရားက ရက်စက်စွာ တိုက်ဆိုက်သွားတာပါ။ ခုဖြစ်တဲ့ပြဿနာ‌ကြောင့်ဆို ကိုယ်တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်။ ကိုယ့်အနားက ထွက်ခွာမသွားပါနဲ့‌နော်”

“ကျွန်တော်ထွက်သွားတာကို လိုချင်ခဲ့တာ မဟုတ်ဘူးလား။ အခု ကျွန်တော်ထွက်သွားပေးမှာမို့ ကိုနစ်အတွက် ပိုအဆင်ပြေမှာပါ”

“ကိုယ်မင်းကိုအရမ်းချစ်တာမို့ ကိုယ့်အနားက ထွက်ခွာသွားမှာကို မလိုလားဘူးနှောင်း”

“အဟားးးးး ကျွန်တော့်ကို ကိုနစ်က ချစ်ခဲ့တယ်တဲ့လား။ ကျွန်တော် ကိုနစ်အချစ်တွေကို မခံစားခဲ့ရပါ့လား။ မနေ့တနေ့ကအထိ ကာရံချိုနဲ့ တွဲခဲ့တဲ့ကိုနစ်က ရုပ်ရှင် Press Show ကို အတူတူပွဲတက်ဖို့ စီစဉ်ထားခဲ့ပြီးမှ ဟိုကမအားလို့ ကျွန်တော့်ကိုအဖော်အဖြစ်နဲ့ ခေါ်ခဲ့သေးတာမဟုတ်ဘူးလား”

“မဟုတ်ဘူးနှောင်း မင်းထင်တာတွေမှားနေပြီ။ ငါနဲ့ကာရံချိုက သားတို့ကိုမွေးပြီး သိပ်မကြာခင်မှာဘဲ လမ်းခွဲခဲ့တာပါ။ မင်းရဲ့အထိအတွေ့ကလွဲရင် မသာယာတတ်ခဲ့တဲ့ငါက မင်းကိုချစ်နေမိပြီဆိုတာကို ငါကိုယ်တိုင်သိခဲ့တဲ့ အချိန်ကစလို့ သူနဲ့လမ်းခွဲခဲ့တာပါ။ ငါမင်းကို လေးနှစ်ပြည့်မှာ ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ညီမလေးရဲ့ဒိုင်ယာရီစာအုပ်ကို ဖတ်ခဲ့ပြီးတဲ့နောက် မင်းကိုဖွင့်ပြောဖို့ စိုးထိတ်ခဲ့တယ်။ လူတစ်ယောက်ကို အရမ်းချစ်ခဲ့တဲ့မင်းက အဲ့ဒီလူကို မေ့ဖို့ခက်မယ်ဆိုတာကိုသိလို့ ငါဖွင့်ပြောလိုက်ရင် ငါ့အချစ်ကို လက်ခံမပေးမှာ စိုးခဲ့တာပါ။ အဲ့ဒါကြောင့် ငါမင်းကိုချစ်ပေမယ့် ဖွင့်မပြောခဲ့တာပါနှောင်းရယ်”

“ကျွန်တော် ဘယ်လိုအင်အားမျိုးနဲ့ ယုံပေးရမလဲကိုနစ်ရယ်”

“မင်းကိုချစ်နေတဲ့ ငါ့အချစ်တွေကို ငါကိုယ်တိုင်မမြင်နိုင်လောက်အောင် မင်းကိုမုန်းနေခဲ့မိတယ်။ ငါ့အနားက မင်းကိုယ်တိုင်ထွက်ခွာသွားဖို့ နည်းမျိုးစုံသုံးမယ်ဆိုပြီး တွေးခဲ့ဖူးတယ်။ မင်းကိုနာကျင်အောင်လုပ်ဖို့ အကြိမ်ကြိမ်အခါခါ တွေးခဲ့ဖူးတယ်။ ငါတို့နှစ်ယောက်ရဲ့တွဲလက်ကို မင်းဘက်ကစပြီးဖြုတ်ချဖို့ ကြိုးစားမယ်လို့ တွေးခဲ့ဖူးတယ်။ တနေ့နေ့မှာ မင်းနဲ့ငါ ကျောခိုင်းရမယ်၊ မင်းငါ့အနားက ထွက်ခွာသွားရအောင်လုပ်မယ်၊ မင်းနဲ့တစ်သက်လုံး အတူတူနေဖို့ စိတ်ကူးမရှိဘူးဆိုပြီး တွေးခဲ့ပေမယ့် တကယ်တမ်း မင်းငါ့အနားက ထွက်သွားဖို့အတွက် ငါမကြိုးစားခဲ့နိုင်ဘူး။ ငါမင်းကိုရက်စက်ဖို့အထိ တွေးခဲ့ဖူးပေမယ့် တကယ်တမ်းကြ ငါဘာကိုမှ မလုပ်ရက်ခဲ့ပါဘူး။ မင်းကိုရက်စက်ဖို့ အတွေးပဲရှိပြီး လက်တွေ့မှာ မလုပ်နိုင်ခဲ့တဲ့သူပါ။ မင်းကိုချစ်တယ်လို့ မပြောခဲ့ပေမယ့် ငါမင်းကို မင်းမတွေးနိုင်လောက်တဲ့အထိ ရူးလောက်အောင် ချစ်ခဲ့တာပါ။ ငါမင်းကိုချစ်နေတာကို ငါကိုယ်တိုင်မမြင်နိုင်ခဲ့ဘဲ အချစ်တွေကို အမုန်းလို့ထင်ခဲ့မိတယ်။ ငါမင်းကိုချစ်နေတယ်ဆိုတာ သိခဲ့ရတဲ့အချိန်မှာ မင်းကို အဆုံးရှုံး မခံနိုင်တော့လောက်အောင်ကို ချစ်ခဲ့ရတာပါ”

“ကျွန်တော့်ကို မရက်စက်ခဲ့ဘူးတဲ့လား။ နောက်နေတာလားကိုနစ်ရာ”

“ဟုတ်တယ် အရင်က မင်းကိုရက်စက်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ မင်းကိုချစ်တယ်ဆိုတာကို စသိခဲ့တဲ့အချိန်ကစလို့ ငါမင်းကို မရက်စက်ခဲ့ပါဘူးနှောင်းရယ်”

“ဟုတ်ရဲ့လား။ မမချိုဖုန်းဆက်လို့ ကျွန်တော်တို့သားအဖတွေကို ရက်ရက်စက်စက်ပစ်ထားခဲ့ပြီး ဖုန်းတစ်ချက်လေးတောင် မ‌ဆက်ခဲ့တာကရော”

“အဲ့ဒီအချိန်က တကယ်ပဲ ချိုအဆင်မပြေခဲ့လို့ ပြေးသွားခဲ့မိတာပါ”

“ထားပါတော့ ပြီးခဲ့တာတွေ ပြီးပါပြီကိုနစ်ရာ။ ကျွန်တော်ကိုနစ်ကို အစစအရာရာ အသေးစိတ်ကအစ အားလုံးကိုသည်းခံခဲ့ပါတယ်။ ခုတော့ ကိုနစ်ရဲ့သံသယတွေကြောင့် ကျွန်တော်နေရတာ မပျော်တော့ဘူး။ ရှင်းပြတာကို နားလည်လက်ခံပေးဖို့ ဝေးလာဝေး စွပ်စွဲချက်တွေအပြည့်နဲ့ ကျွန်တော့်ဘက်ကိုမငဲ့ ထင်ရာတွေပြောတတ်တဲ့ ကိုနစ်ရဲ့အရိပ်အောက်မှာ ကျွန်တော်မနေချင်တော့ဘူး”

“ငါမင်းကို အရမ်းချစ်ခဲ့တယ်နှောင်း။ ခုဖြစ်တဲ့ ကိစ္စတွေအားလုံးကလည်း မင်းကိုချစ်လွန်းလို့ သဝန်တိုပြီးဖြစ်ခဲ့ရတာတွေပါ။ မင်းကိုဖွင့်ပြောဖို့ ငါနှစ်နှစ်ကျော်သုံးနှစ် ကြိုးစားခဲ့ရတယ်။ ငါတို့နှစ်ယောက်ရဲ့ လေးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှာ မင်းကိုဖွင့်ပြောဖို့ ကြိုးစားခဲ့ပေမယ့် မင်းကသိုက်ကို အရမ်းချစ်ခဲ့တာလို့ သိခဲ့ရတာကြောင့် ငါ့မှာဖွင့်ပြောဖို့အတွက် အားအင်တွေမဲ့ခဲ့ရတယ်။ မင်းဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးလို့ ထင်ထားခဲ့တုန်းကတော့ မင်းကိုဖွင့်ပြောဖို့ သတ္တိတွေအပြည့်နဲ့ပေါ့။ မင်းရင်ထဲမှာ လူတစ်ယောက်က နက်နက်ရှိုင်းရှိုင်း နေရာယူခဲ့တယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ မင်းကိုဖွင့်ပြောဖို့ ကြောက်ရွံ့နေခဲ့မိတာ။ မင်းကိုရက်စက်ခဲ့တာတွေအတွက် အမြဲတမ်း နောင်တရနေခဲ့မိတယ်။ မင်းကိုသာ ငါကြင်ကြင်နာနာဆက်ဆံဖြစ်ခဲ့ရင် မင်းလည်းသိုက်ကို မေ့ဖို့အဆင်ပြေခဲ့မှာ။ ငါ့ကိုလည်း ပြန်ချစ်ပေးလာနိုင်သေးတာပေါ့လို့ တွေးမိပြီး နောင်တရခဲ့တယ်။ ငါမင်းကိုချစ်တယ်ဆိုတာကို မင်းဘက်က ခံစားလို့ရအောင် အရင်ဆုံးကြိုးစားခဲ့တယ်။ ငါကြိုးစားနေတဲ့အချိန်လေးမှာ မင်းကငါ့အနားက ထွက်ခွာသွားတော့မယ်တဲ့လား။ ဒီအချိန်အတောအတွင်းမှာ ငါမင်းကိုချစ်ပြခဲ့တာတွေကို မင်းမမြင်ခဲ့ဘူးလားဟင်”

“တောင်းပန်ပါတယ် ကျွန်တော် မြင်အောင်မကြည့်နိုင်ခဲ့လို့”

“တောင်းပန်ပါတယ် မင်းမြင်အောင် ချစ်မပြနိုင်ခဲ့လို့။ ပြန်စဉ်းစားပေးစေချင်တယ်။ ကိုယ်တို့လမ်းခွဲဖို့ဆိုတဲ့ကိစ္စကို”

“ကျွန်တော့်ကို ခဏလောက်အချိန်ပေးပါ။ ခုတော့ ကိုနစ်ပြန်ပါတော့”

ကိုနစ်ကို အရာအားလုံး ပေးဆပ်ခဲ့ပြီးပြီ။ ဒီတစ်ကြိမ်တော့ လွတ်မြောက်ခွင့်ပေးပါ။

“အင်းပါ အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကိုသွားခွင့်ပြုပါဦး”

မိုးနှောင်းကမ္ဘာကိုကျောခိုင်းပြီး ထွက်လာခဲ့လိုက်တယ်။ အိမ်အပြန်လမ်းဟာ ကိုယ့်အတွက်တော့ ခယောင်းလမ်းလိုပါပဲ နှောင်းရယ်။ ကိုယ်မင်းကို လက်လွှတ်အဆုံးရှုံး မခံနိုင်ဘူးကွာ။ မင်းအပေါ် အပြစ်တွေများနေခဲ့လို ပေးဆပ်ရမယ်ဆိုရင်တောင် မင်းကိုအနားမှာထားပြီးပဲ ပေးဆပ်ပါရစေ။ ငါမင်းကို အဆုံးရှုံးမခံနိုင်လို့ပါ။ ကိုယ့်အနားက ကိုယ်ပိုင်တဲ့အရာကို ဘယ်အချိန်ပဲဖွင့်ပြောပြော အချိန်တွေရှိသေးတယ်လို့ ထင်ခဲ့မိတယ်။

ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့ သတ္တိတွေမဲ့နေခဲ့တယ်။ ကြင်နာမှုတွေပေးဖို့ မေ့လျော့နေခဲ့တယ်။ ကြင်နာပေးခဲ့ပေမယ့် သူ့အတွက်တော့ ကိုယ့်ရဲ့ကြင်နာမှုက နာကျင်မှုတွေ ဖြစ်နေခဲ့တယ်။ ကိုယ့်ရဲ့သဝန်တိုမှုတွေက သူ့ရဲ့အကြီမားဆုံးသောအရာကို ဆုံးရှုံးစေတော့မလိုအထိ ဖြစ်ခဲ့တယ်။ ကိုယ့်အပေါ်ကို စွန်လွှတ်အနစ်နာခံပြီး အရာရာသည်းခံပေးခဲ့တဲ့သူကို အကြိမ်ကြိမ်အခါခါ နာကျင်စေခဲ့မိလို့ ကံတရားက အလင်းအပေါ် ရက်စက်ခဲ့လေသလား။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ယူကြုံးမရတဲ့စိတ်နဲ့ ငိုကျွေးခဲ့ရတယ်။ လောကကြီးက တရားပါတယ်။ မတရားခဲ့တာက ကိုယ်ပါ။

ညနေဆို မေမေဆေးရုံကဆင်းတော့မှာမို့ သားသားတို့ရှိရာကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မေမေနဲ့ဖေဖေ့ကို အကျိုးအကြောင်းပြောပြပြီး ဆေးရုံမှာ ခဏထားခဲ့လိုက်တယ်။

“‌ဖေဖေ သား ကလေးတွေကိုခေါ်ဖို့ အိမ်ခဏပြန်ဦးမယ်“

“သားတစ်ယောက်တည်းသွားလို့ အဆင်ပြေရဲ့လား”

“ဟုတ် ပြေပါတယ်ဖေဖေ။ ဆေးရုံမဆင်းခင် အရောက်ပြန်ခဲ့ပါ့မယ်”

နှောင်းအိမ်ကိုရောက်တဲ့အချိန် ကိုယ့်အိမ်လို့ မခံစားရတော့ဘူး။ ရင်ထဲက ပြတ်သားသွားခဲ့လို့ ထင်ပါရဲ့။ အရာအားလုံးဟာ အစိမ်းသက်သက် ဖြစ်နေခဲ့တယ်။ အိမ်ထဲကို အားတင်းပြီး တစ်လှမ်းချင်း လှမ်းဝင်ခဲ့တယ်။

“ပါးပါး”

“သားသား”

လွမ်းလိုက်တာ။ ပါးသားလေးတွေကို ပါးလွမ်းနေခဲ့တာပါ။ ရင်ခွင်ထဲကိုတိုးဝင်လာတဲ့ သားလေးတွေကို ပွေ့ဖက်ထားရင်း မငိုမိအောင် ထိန်းထားရတယ်။ နှောင်းဒီကို သေချာဆုံးဖြတ်ပြီးမှ လာခဲ့တာပါ။ သားတို့ကိုမြင်ရုံနဲ့ ပြိုလဲနေလို့ မဖြစ်သေးဘူးလေ။ ဆုံးဖြတ်ထားခဲ့တာက သားတို့ကို ထားခဲ့ရမယ်ဆိုရင်တောင် ထားခဲ့ဖို့အထိ ဆုံးဖြတ်ခဲ့တာလေ။ ဒါကို ခုကတည်းက စိတ်ပျော့နေရင် ဆုံးဖြတ်ချက်တွေ ယိမ်းယိုင်သွားမှာပေါ့။ အတတ်နိုင်ဆုံးအားတင်းပြီး ဧည့်ခန်းမှာဝင်ထိုင်လိုက်တယ်။

“ကိုနှောင်း”

“ယဉ်ယဉ် ကိုနစ်ကိုခေါ်ပေးလို့ရမလား”

“ဟုတ်ကိုနှောင်း ခဏနော်”

ယဉ်ယဉ်သွားပြီး သိပ်မကြာခင်မှာဘဲ ကိုနစ်က အခန်းထဲက ထွက်လာတယ်။ ပြိုကျပျက်စီးနေတဲ့ တိုက်အိုကြီးလိုပဲ။ တစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာ လူတစ်ယောက်ကို ဒီလောက်တောင် ပြောင်းလဲသွားစေတယ်တဲ့လား။ အမြဲတမ်း ခန့်ညားအောင်နေခဲ့တဲ့သူက ခုတော့ဖရိုဖရဲနဲ့။ အိပ်ချိန်စားချိန်တွေ မမှန်ခဲ့လို့ထင်တယ် အသားအရေတွေဖျော့နေပြီး မျက်ကွင်းတွေက ချိုင့်နေတယ်။ နှောင်းကိုမြင်တော့ မျက်နှာတစ်ခုလုံး ဝင်းပသွားတာကို တွေ့လိုက်ရတယ်။ နှောင်းပြန်လာတယ်လို့ ထင်သွားပုံရတယ်။

နှောင်းရှိရာကို အပြေးတစ်ပိုင်းသွားရင်း နှောင်းအနားမှာ ဒူးထောက်ထိုင်လိုက်ပြီး ပေါင်ပေါ်တင်ထားတဲ့ နှောင်းရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်တယ်။ နှောင်းကလက်ကို ရုန်းလိုက်လိမ့်မယ်လို့ ထင်ခဲ့မိပေမယ့် လုံးဝမရုန်းခဲ့ဘူးပဲ။ ဒါဆို နှောင်းကိုယ့်ကို ခွင့်လွှတ်ပေးတယ်ပေါ့။ ပျော်လိုက်တာနှောင်းရယ်။

“နှောင်းကိုယ့်ဆီကို ပြန်လာတယ်နော်”

“ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်သင့်ပြီလို့ထင်တယ်ကိုနစ်”

“ဟင်”

ရုတ်တရက်ကြားလိုက်ရတဲ့စကားက မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ ပျော်နေတဲ့အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရတယ်။

“ကျွန်တော်တို့က သာမန် ယောက်ျားမိန်းမ စုံတွဲမဟုတ်လို့ လက်မှတ်ထိုးပြီး ကွာရှင်းစရာ မလိုလောက်ပါဘူး။ ကျွန်တော်တို့ကိုသိတဲ့ အသိုင်းအဝိုင်း‌ကလူတွေကိုတော့ ကျွန်တော်တို့နှစ်ယောက် ကွာရှင်းလိုက်ပြီဆိုတဲ့အကြောင်းကို ပြောပြအသိပေးလိုက်ပါ့မယ်။ ပြီးတော့ ပိုင်ဆိုင်မှုတွေအားလုံးကို ကျွန်တော့်ကို ခွဲဝေပေးစရာ မလိုပါဘူး။ ဒါတွေအားလုံးက အစကတည်းက ကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့အရာတွေ မဟုတ်ခဲ့လို့ ကျွန်တော်မယူပါဘူး။ ကျွန်တော်လိုချင်တာက ကွာရှင်းခွင့်ပါ။ ကျွန်တော် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းသွားမှာမို့ ကွာရှင်းခွင့်ပေးပါ။ ကျွန်တော် ဒီနေ့ မန္တလေးကိုပြန်တော့မှာမို့ ဒီအကြောင်းတွေကို ကိုနစ်နဲ့မျက်နှာချင်းဆိုင်ပြီး သေချာပြောပြချင်လို့ လာခဲ့တာပါ။ ပြီးတော့ သားတွေကို ကျွန်တော်နဲ့ထည့်ပေးလို့ အဆင်ပြေနိုင်မလားလို့ သိချင်တာလည်းပါတယ်”

ကျွန်တော်တို့နှစ်ယောက် ခွဲခွာရမယ့်အကြောင်းကို အေးဆေးစွာ ပြောလာခဲ့တဲ့နှောင်းကို ကျွန်တော်ငေးကြည့်နေခဲ့မိတယ်။ သွေးအေးလိုက်တာနှောင်းရယ်။ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း အလျဉ်းမရှိ မျက်နှာက ပကတိ ကြည်လင်နေတယ်။ ပြတ်သားနိုင်လိုက်တာ။ ကိုယ့်ကိုမုန်းသွားတယ်ဆိုရင်တောင် ကိုယ်ဖြေသိမ့်လို့ရတယ်။ သူငါ့ကိုမုန်းနေတယ်ဆိုပြီးလေ။ ခုတော့ နှောင်းမျက်နှာမှာ ကိုယ့်ကိုမုန်းနေတဲ့ အရိပ်အယောင်ကို နည်းနည်းလေးမှ မမြင်ရတဲ့အပြင် ကိုယ့်အနားက ထွက်ခွာသွားဖို့ကိုလည်း နည်းနည်းလေးမှ ဝမ်းနည်းတဲ့ပုံ မပေါ်ဘူး။ တည်ငြိမ်သွေးအေးလွန်းတယ်။ ကိုယ့်ကိုဥပေက္ခာပြုလိုက်တာလားနှောင်း။ မုန်းရင် မုန်းလိုက်ပါ။ မင်းဆီက ဥပေက္ခာထက် မုန်းတာကို ပိုတောင်းတမိလို့ပါ။

မုန်းနေတယ်ဆိုရင်တောင် အနည်းဆုံးတော့ သူ့ရင်ထဲမှာ ကိုယ့်အတွက် ခံစားချက် ရှိနေသေးလို့လို့တွေးပြီး ချစ်လာအောင် ကြိုးစားခွင့်ရှိသေးတယ်။ ခုတော့ ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းမရှိတဲ့ ဥပေက္ခာတရားတွေနဲ့ ကိုယ့်ကိုမင်းရင်ထဲက အပြီးအပိုင် ထုတ်ပစ်ခဲ့တယ်ပေါ့။ ကိုယ်ရူးတော့မယ်နှောင်းရယ်။

“ကိုနစ် သားတို့ကို မပေးနိုင်ဘူးဆိုရင်လည်း ရပါတယ်။ ကျွန်တော်ခေါ်မသွားပါဘူး”

“မဟုတ်တာ။ သားတွေကိုငါခေါ်ထားရင် မင်းကို ထပ်ပြီးနာကျင်စေမိမှာပေါ့။ မခေါ်ထားရက်ပါဘူး။ သားတို့ကို မင်းသိပ်ချစ်တယ်ဆိုတာ ငါသိတာမို့ မခေါ်ထားပါဘူး။ မင်းကို ငါ့ကြောင့်နာကျင်စေခဲ့ရတာက ဒီလောက်ဆို လုံလောက်ပါပြီ။ သားတွေကိုခေါ်ထားပြီး မင်းကို မနာကျင်စေချင်တော့ဘူး။ ငါသိပ်ချစ်ရတဲ့မင်းကို ငါ့ကြောင့် မြူတစ်မှုန်စာတောင် နာကျင်စေဖို့ ဆန္ဒမရှိတော့တာမို့ မင်းကိုခေါ်သွားခွင့်ပြုပါတယ်”

“ကျေးဇူးပါကိုနစ်”

“ပြန်စဉ်းစားပေးပါဦးလို့ မပြောတော့ပါဘူး။ မင်းသေချာဆုံးဖြတ်ခဲ့ပြီးပြီဆိုတာကို မင်းကိုမြင်လိုက်ရုံနဲ့ ကိုယ်သိပါတယ်။ ဒါပေမဲ့ မင်းမယုံဘူးဆိုရင်တောင် နောက်ဆုံးအကြိမ်တော့ ပြောလိုက်ပါရစေ။ ငါမင်းကိုသိပ်ချစ်တယ် မိုးနှောင်းကမ္ဘာ။ အဆုံးရှုံးမခံနိုင်လောက်အောင်ကို ချစ်ခဲ့တာပါ။ ဒါပေမဲ့ မင်းကိုလွတ်လပ်ခွင့်ပေးမှ မင်းပျော်မယ်ဆိုရင် ငါရင်ကွဲခံပြီး မင်းကို အဆုံးရှုံးခံလိုက်ပါ့မယ်။ ငါနဲ့အဝေးဆုံးနေရာမှာ မင်းပျော်ရွှင်နိုင်ပါစေ။ သားတွေက မင်းလက်ထဲမှာပိုပျော်ပြီး ပိုလှပနိုင်မှာပါ”

“သွားခွင့်ပြုပါဦး ကိုနစ်”

သိပ်ကိုသွေးအေးလွန်းတဲ့နှောင်းက အလင်းရဲ့စကားအဆုံးမှာ သားတွေရဲ့လက်ကိုဆွဲပြီး ဘာတစ်ခုမှမယူဘဲ အိမ်ကထွက်သွားခဲ့တယ်။

သားနှစ်ယောက်လက်ကိုဆွဲပြီး အိမ်ကထွက်ဖို့ ခြေလှမ်းခဲ့ပေမယ့် အိမ်တံခါးဝအရောက်မှာ ကိုကိုးကနှောင်းလက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားလာတယ်။

“‌ဖေဖေနိုနေတယ် ပါးပါး”

ဒူးထောက်ကျန်ရစ်ခဲ့တဲ့ ကိုနစ်ရဲ့ပါးပေါ်က မျက်ရည်စတွေကိုကြည့်ပြီး ကိုကိုးလေးကပါ မျက်ရည်လေးတွေ စီးကျလာတယ်။

“ပါးပါး တား ဖေဖေ့ချီတွားမယ်”

အဖေကိုသိပ်ချစ်တဲ့ကိုကိုးလေးက အဖေရှိရာကိုသွားဖို့ အတင်းရုန်းနေခဲ့တယ်။ သုံးနှစ်ခွဲအရွယ်သားတွေကို အဖေနှစ်ယောက် ခွဲကြတော့မယ်ဆိုတဲ့အကြောင်း မပြောချင်ပေမယ့် ပြောရတော့မယ်။ ပါးတောင်းပန်ပါတယ် သားတို့ရယ်။

“ကိုကိုး ဖေဖေနဲ့ပါးပါးနဲ့ခွဲပြီး အဝေးကြီးမှာ နေကြတော့မှာ။ ကိုကိုးလေးက ဖေဖေနဲ့ကျန်ခဲ့မယ်ဆိုရင် ပါးပါးကို လုံးဝမတွေ့ရတော့ဘူး။ သားသားအိပ်ရာနိုးလာတဲ့အချိန်တိုင်း ပါးပါးမရှိတော့ဘူး။ သားသားငိုချင်လာတဲ့အခါတိုင်း ပါးပါးရင်ခွင်ထဲမှာ ငိုလို့မရတော့ဘူး။ အဲ့လိုဆိုရင်တောင် ဖေဖေ့ဆီကို သွားချင်သေးလား”

“ဟုတ်”

သုံးနှစ်ခွဲမို့ နှောင်းစကားတွေကို အရာအားလုံး နားမလည်ရင်တောင် သူအိပ်ရာနိုးတိုင်း နှောင်းကို မတွေ့ရတော့ဘူးဆိုတာကိုတော့ နားလည်မှာပါ။ ဒါကိုတောင် ဟုတ်လို့ မဆိုင်းမတွ ပြန်ဖြေတယ်ဆိုရင် သားကကိုနစ်ရင်ခွင်မှာ ပိုပြီးနေချင်ပုံပါ။

သားဘေးမှာ နှောင်းငုတ်တုတ်ထိုင်လိုက်ပြီး ကိုကိုးလေးရဲ့ပါးကို နောက်ဆုံးအကြိမ် နမ်းလိုက်တယ်။

“သွားတော့သား ဖေဖေ့ဆီကိုသွားတော့”

နှောင်းရဲ့ခွင့်ပြုစကားကိုကြားပြီးတာနဲ့ နှောင်းပါးလေးကိုနမ်းပြီး ကိုနစ်ရှိရာကို ပြေးထွက်သွားတဲ့ကိုကိုးလေး။

“ဂိုးငယ်လေး”

“ဂျာ”

“ကိုကိုးနောက်ကို လိုက်သွားလိုက်နော်။ သားသွားဖို့ကို ပါးပါးခွင့်ပြုတယ်”

“တားအိပ်ရာနိုးရင် ပါးကိုမတွေ့ရတော့ဝူးရား”

“အင်း။ ကိုကိုးနောက်ကိုလိုက်ပြီး ကိုကိုးလေးကို စောင့်ရှောက်လိုက်နော်”

“ဟုတ်”

ဂိုးငယ်လေးရဲ့ပါးကို နမ်းလိုက်တော့ ဂိုးငယ်လေးကငိုပြီး နှောင်းကိုပြန်နမ်းလာတယ်။ ပြီးတော့ ကိုကိုးလေးရှိရာ ကိုနစ်ရင်ခွင်ထဲကို ပြေးသွားတယ်။ ပါးသားလေးတွေကို ပါးသိပ်ချစ်တာပေါ့။ ဒါပေမဲ့ သားတို့နှစ်ယောက်ကို ပါးမခွဲရက်ဘူး။ သိတာပေါ့ ဂိုးငယ်လေးက နှောင်းနဲ့လည်းလိုက်ချင်ပေမယ့် ကိုကိုးလေးရှိတဲ့နေရာမှာ ပိုနေချင်မယ်ဆိုတာကို။

ညီအစ်ကိုဆိုတာထက် အမွှာတွေမို့ ပိုချစ်ကြမယ်ဆိုတာ ပါးသိတယ်။ အဖေနှစ်ယောက်ရဲ့ အဆင်မပြေမှုကြားမှာ သားနှစ်ယောက်ကို တစ်ယောက်တစ်နေရာစီ ခွဲထားဖို့ နှောင်းအတ္တမကြီးရက်ပါဘူး။ သားတို့နှစ်ယောက်ပျော်တဲ့နေရာမှာ မခွဲမခွာ အတူတူနေပြီး ပျော်ရွှင်နေတာကို ပါးအဝေးကနေ သိခွင့်ရရုံနဲ့ ကျေနပ်ပါတယ်။

ကိုနစ်ရင်ခွင်ထဲကသားတွေကို နောက်ဆုံးအကြိမ် တစ်ချက်လှမ်းကြည့်ပြီးတဲ့နောက် အိမ်ပြင်ဆီသို့ ခြေလှမ်းတွေကို ဦးတည်ခဲ့တယ်။ နှောင်းအရာအားလုံကိုထားခဲ့ပြီး ထွက်ခွာခဲ့တယ်။ ဒီနေရာ ဒီဒေသကို ဘယ်တော့မှ ခြေပြန်မချတော့ဘူးလို့ သစ္စာပြုရင်း နောက်ဆုံးအကြိမ်အဖြစ် အားရအောင် ငိုလိုက်တယ်။ ဒါဟာ နောက်ဆုံးငိုခြင်းပါ။

ကိုနစ်ကိုချစ်ခဲ့လားလို့မေးရင် ဒီအဖြေကို ပြန်ဖြေနိုင်ဖို့ သိပ်ခက်တယ်။ မချစ်ဘူးလားလို့ မေးရင်လည်း ‌ပြောနိုင်တာကတော့ သံယောဇဉ်ရှိခဲ့ပါတယ်။ အတူတူနေခဲ့တဲ့ ငါးနှစ်တာဆိုတဲ့အချိန်ကာလမှာ ရယ်မောခဲ့ဖူးသလို ငိုခဲ့ဖူးတယ်။ ကိုနစ်ဘက်က နှောင်းအပေါ်ကို ဖေးမခဲ့ဖူးတဲ့အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ ငါးနှစ်ဆိုတဲ့ အချိန်ကာလတစ်ခုလုံး နေ့ရက်တိုင်းမှာ အတူရှိခဲ့ကြတာမို့ သံယောဇဉ်ရှိခဲ့ဖူးပါတယ်။ သို့သော် . . .။

“ဖေဖေ”

“ဟင်”

“ကိုကိုးအိပ်ရာနိုးရင် ပါးကိုမ‌တွေ့ရတော့ပူးရားဟင်”

“အင်း”

အလင်းရင်ခွင်ထဲက ကိုကိုးကတော့ ထွက်ခွာသွားတဲ့နှောင်းကိုကြည့်ပြီး ငိုနေခဲ့တယ်။ အရာရာကို သိတတ်နားလည်နေတဲ့ ဂိုးငယ်လေးကတော့ အလင်းရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး အလင်းပါးပြင်ပေါ်က စီးကျလာတဲ့ မျက်ရည်လေးတွေကို သုတ်ပေးရှာတယ်။

ကိုယ်မင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားမှာမို့ မင်းရင်ခွင်တံခါးကို သော့မခတ်လိုက်ဖို့ တောင်းဆိုချင်ပါရဲ့။ သို့သော်. . .။

***** ပြီးပါပြီ *****


"ချစ်မိလာသောမနက်ဖြန်" သည် "ချစ်၍မုန်းခဲ့သည်" ၏အဆက် Season 2 ဖြစ်ပါသည်။

Note => ပြောင်းလဲပြင်ဆင်မှုအပေါ် စိတ်ကျေနပ်မှုမရှိခဲ့ရင် အားနာစွာနဲ့ တောင်းပန်ပါရစေ။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now