Part 27 (Unicode)

19.2K 1.5K 73
                                    

ရန်ကုန်ဆေးရုံကြီးကို သိုက်ကလာခဲ့ပါလို့ ပြောခဲ့တာကြောင့် နှောင်းလာခဲ့ရပေမယ့် တကယ်တမ်း ဆေးရုံကြီးရှေ့ကိုရောက်တဲ့အခါ အထဲကိုဝင်ဖို့အတွက် လူက ချီတုံချတုံဖြစ်နေတယ်။ ဒီနေရာ ဒီအရပ်ကို မရောက်ဖြစ်ခဲ့တာ လေးနှစ်ကျော်တောင် ကြာခဲ့ပြီမို့လား။ အရာရာအားလုံးက မနေ့တနေ့ကလိုပါပဲ။

နှောင်းဒီနေရာလေးမှာ လူတွေရဲ့အသက်ကို ကယ်ဖို့အတွက် ပြေးလွှားလှုပ်ရှားခဲ့ရဖူးတယ်။ နှောင်းရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ ရယ်မောခဲ့ဖူးတယ်။ လူနာတစ်ယောက် သေဆုံးသွားတိုင်း စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။ ကိုယ်နဲ့ အနီးကပ်ဆုံးနေခဲ့ဖူးတဲ့လူနာ ဆုံးပါသွားတဲ့အခါတိုင်း မိသားစုနဲ့ထပ်တူ မျက်ရည်ကျခဲ့ဖူးတယ်။ ဒီဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့တဲ့အချိန်က အရမ်းကို တိုတောင်းခဲ့တယ်ဆိုပေမယ့် လုပ်ဖော်ကိုင်ဘက် မိတ်ဆွေကောင်းတွေရခဲ့တယ်။

သူတို့ဘက်က ကိုယ့်ကိုသတိရတိုင်း ဆက်သွယ်ခဲ့ကြပေမယ့် သူတို့ကို နှောင်းဘက်ကပဲ အဆက်အသွယ်ဖြတ်ခဲ့တာပါ။ တချို့က ဒီဆေးရုံကြီးမှာ ရှိနေကြသေးတယ်ဆိုပေမယ့် တော်တော်များကတော့ တာဝန်တွေနဲ့ တခြားနေရာဒေသတွေကို ပြောင်းရွှေ့သွားခဲ့ကြတယ်။ နှောင်းနဲ့ ခင်ခဲ့တဲ့သူတွေလည်း တစ်ယောက်မှ မရှိတော့ဘူးထင်တယ်။

“နှောင်း”

သိုက်ရဲ့ခေါ်သံကိုကြားမှ နှောင်းအတွေးတွေ ပြတ်တောက်သွားခဲ့တယ်။

“သိုက်”

“အထဲကိုဝင်မလာဘဲ ဒီမှာဘာရပ်လုပ်နေတာလဲ”

“ဝင်လာမလို့ပဲ။ မရောက်တာကြာပြီဆိုတော့ ဝင်ဖို့မရဲဘူးဖြစ်နေလို့”

“ထင်တော့ထင်ပါတယ်။ ဖုန်းပြောတုန်းက ရောက်နေပြီဆိုပြီး ခုထိဝင်မလာသေးလို့ နှောင်းတစ်ယောက် မဝင်ရဲလောက်ဘူးလို့ တွေးမိတာနဲ့ လာခေါ်ပေးတာ”

“ကျေးဇူးသိုက်”

အခုချိန်ထိ သိုက်က နှောင်းရဲ့အကြောင်းကို သေးသေးလေးကအစ ဂရုစိုက်ပြီး အလေးထားပေးတုန်းပါပဲ။ တကယ်ဆို နှောင်းလာတဲ့အထိ စောင့်နေလို့ရနေပေမယ့် နှောင်းဝင်လာဖို့ ခက်ခဲနေမှန်းသိလို့ အပြင်ကိုထွက်လာပြီး လာခေါ်ပေးရှာတယ်။

“ဒါနဲ့ နှောင်းနဲ့တွေ့ပေးမယ်ပြောတဲ့သူက ဘယ်မှာလဲသိုက်”

“မရောက်သေးဘူးနှောင်းရဲ့။ စောင့်ရဦးမှာ။ လာ ငါတို့ ကန်တင်းမှာ ခဏထိုင်ပြီး စောင့်ရအောင်”

“အင်း”

“မနက်စာစားခဲ့လားနှောင်း”

“အင်း စားခဲ့ပြီးပြီ”

“ငါတော့ မစားရသေးလို့ တစ်ခုခုစားလိုက်ဦးမယ်နော်”

“အင်း စားလေ”

“မင်းလည်း တစ်ခုခုတော့စားလေ။ စောင့်ရမှာကြာမှာဆိုတော့ အပျင်းပြေ တစ်ခုခုတော့စားလေ”

“အင်း လက်ဖက်ရည်ပဲသောက်မယ်လေ”

“OK ညီမလေး မှာမယ်”

လက်လေးတစ်ဘက်မြှောက်ပြီး ဆိိုင်ကကောင်မလေးကို လှမ်းခေါ်လိုက်တော့ ကောင်မလေးက အနားရောက်လာတယ်။

“ဟုတ်အစ်ကို ဘာမှာမလဲမသိဘူး”

“မုန့်ဟင်းခါးကို ဘူးသီးကြော်ရှိလား”

“ဟုတ်အစ်ကို ရှိပါတယ်ရှင့်”

“ရှိရင် မုန့်ဟင်းခါးကို ဘူးသီးကြော်၊ အိုးဘဲဥနဲ့ တစ်ပွဲ။ ဟင်းရည်ကို တစ်ခါတည်းမစမ်းပေးဘဲ ပန်ကန်လုံးနဲ့ သပ်သပ်ထည့်ပေးပါနော်။ အိုးဘဲဥကိုလည်း မုန့်ဟင်းခါးထဲမထည့်ဘဲ အလုံးလိုက်လေး ဟင်းရည်ထဲထည့်ပြီး ယူလာခဲ့ပေးပါနော်ညီမလေး။ လက်ဖက်ရည် ပေါ့စိမ့်တစ်ခွက်။ ဒါပဲ ညီမလေး ရပြီ”

“ဟုတ်”

“အမြန်လေးလုပ်ပေးပါနော်။ အစ်ကို ဗိုက်အရမ်းဆာနေလို့”

“ဟုတ်အစ်ကို”

သိုက်က အရင်လိုပဲ ဘာတစ်ခုမှ မပြောင်းလဲသေးဘူးပဲ။ ဒီလိုလေး သိုက်နဲ့အတူ ဆေးရုံရဲ့ကန်တင်းမှာ ထိုင်ရတော့ ကျောင်းသားဘဝက ကျောင်းကန်တင်းမှာ ထိုင်ခဲ့ဖူးတဲ့ အတိတ်နေ့ရက်လေးတွေကို သတိရမိသွားတယ်။ ကျောင်းတက်တုန်းကလည်း ဒီလိုလေး အတိုင်းပါပဲ။ ကျောင်းကန််တင်းမှာထိုင်တဲ့အခါ သိုက်က မုန့်ဟင်ခါးကိုဘူးသီးကျော်နဲ့ နေ့တိုင်း မရိုးနိိုင်အောင်စားတယ်။ နှောင်းကလည်း အိမ်ကမနက်စာစားခဲ့ပေမယ့် သိုက်နဲ့အတူ ကန်တင်းကို အမြဲလိုက်ထိုင်ပေးခဲ့ရတယ်။ လိုက်ထိုင်ပေးခဲ့ရတိုင်းလည်း သူစားတာကို ထိုင်ပြီးမျှော်နေရမှာဆိုးလို့ တစ်ခုခုတော့ စားရမယ်လို့ ပြောလာတဲ့အခါတိုင်း လက်ဖက်ရည် ပေါ့စိမ့်ပဲ သောက်ဖြစ်ခဲ့တယ်။

သိုက်ကလည်း သူမုန့်ဟင်းခါးစားတဲ့အခါတိုင်း ဘူးသီကြော်ကြိုက်တတ်တဲ့နှောင်းကို စာဦးစားဖျားလေး ကျွေးတတ်သေးတယ်။ အိုးဘဲဥကတော့ နှောင်းအရမ်းကြိုက်မှန်းသိလို့ တမင်ထည့်မှာပေးခဲ့တာပါ။ ဟင်းရည်အများကြီး စမ်းစားရတာကိုမကြိုက်တဲ့ သိုက်က ဆိုင်က တစ်ခါတည်းစမ်းပေးလိုက်ရင် အရည်များနေမှာဆိုးလို့ ဟင်းရည်ကို သပ်သပ်ခွဲထည့်‌ပေးဖို့ အမြဲပြောနေကြ။ သိုက်ကမုန့်ဟင်းခါးစားရင် ဟင်းရည်နည်းနည်းနဲ့ ပါလေရုံလေးပဲစမ်းပြီး စားတတ်တဲ့သူပါ။ အိုးဘဲဥကိုလည်း မုန့်ထဲကို တစ်ခါတည်းမထည့်ခိုင်းဘဲ ဟင်းရည်ထဲထည့်ခိုင်းရတာက ဟင်းရည်လေးသောက်ရင်းနဲ့ အိုးဘဲဥစားတတ်တဲ့ နှောင်းအတွက်ပါ။ အရင်လိုမပြောင်းလဲသေးတဲ့ သိုက်ကိုငေးကြည့်ရင်း ဟိုတစ်လောကတွေ့ခဲ့တဲ့ ချမ်းထက်ယံကို စဉ်းစားမိသွားတယ်။

သိုက်ကို ချမ်းထက်ယံအကြောင်း ပြောမယ်ဆိုပြီး ပြင်လိုက်ပေမယ့် မှာထားတာတွေ လာချပေးတာမို့ မပြောသေးဘဲ နေလိုက်တယ်။ မုန့်လာချပေးကတည်းက သူလုပ်နေကျအတိုင်း ဟင်းရည်နည်းနည်းစမ်းပြီးတာနဲ့ အိုးဘဲဥနဲ့ဟင်းရည်ကို နှောင်းရှေ့ကို တိုးပေးလာတယ်။ ပြီးတာနဲ့ ဘူးသီး‌ကြော်တစ်ခုဆယ်ပြီး ဇွန်းထိုးပေးလာတာမို့ ယူစားလိုက်တယ်။

“သိုက် ငါလေ ဟိုတစ်လောက ဇွဲယံနဲ့တွေ့ခဲ့တယ်”

“အင်း ဘယ်မှာတွေ့တာ”

“ရုပ်ရှင် Press Showမှာတွေ့တာ။ သူက မင်းသားဖြစ်နေတာ။ မင်းသားနာမည်က ချမ်းထက်ယံတဲ့။ ရုပ်ရှင်ကားကြီးတွေတောင် ရိုက်နေရတဲ့အထိ နာမည်ကြီးနေပြီ။ အဲ့နေ့က သူ့ရုပ်ရှင် Press Show လေ”

“အင်း”

“သူက မင်းအကြောင်းကိုမေးတယ်”

“အင်း”

“မင်းကို သတိရနေတုန်းပဲထင်တယ်”

“ဆိုလိုချင်တာက”

“ဟို”

“မင်းမချစ်နိုင်တော့ရင်တောင် သူများလက်ထဲကို အတင်းထည့်ပေးဖို့ မကြိုးစားပါနဲ့နှောင်းရာ”

“ဟို ငါက အဲ့လိုသဘောမျိုးနဲ့ ပြောပြတာမဟုတ်ပါဘူး”

“မင်းမချစ်နိုင်တော့တာကို နားလည်ပေးလို့ရပေမယ့် သူများလက်ထဲကို အတင်းထိုးပေးတာကိုတော့ နားလည်ပေးလို့ မရဘူး နှောင်း။ သူများလက်ထဲ ငါ့ကိုအတင်ထိုးပေးဖို့ ကြိုးစားနေတာဆိုရင်တော့ ငါတကယ်စိတ်မကောင်းဖြစ်မိမှာ။ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်မရှိတော့ဘူးဆိုတာနဲ့ တခြားသူတစ်ယောက်ကို ပြောင်းချစ်ရလောက်တဲ့အထိ မလွယ်ကူဘူး။ ငါ့အချစ်ကလည်း အဲ့လောက် အပေါစားမဆန်ဘူး။ မင်းမချစ်နိုင်တော့ရင်နေပါ။ ငါ့အချစ်ကိုတော့ ဟိုလူ့ပြောင်းချစ် ဒီလူ့ပြောင်းချစ် ချစ်ချင်တိုင်းချစ်လို့ရမယ်ထင်ပြီး ထိုးထည့်ပေးဖို့ မကြိုးစားစေချင်ဘူး”

“Sorry သိုက်။ ငါ အဲ့လို မရည်ရွယ်ခဲ့ပါဘူး။ တကယ်ပါ”

“ရပါတယ်။ ငါတကယ်စိတ်မကောင်းဖြစ်မိလို့ ပြောမိသွားတာ။ ငါလည်းတောင်းပန်ပါတယ်”

“မဟုတ်တာ ငါမှားသွားတာပါ။ ငါတကယ်‌တောင်းပန်ပါတယ်”

“မင်း ဘာ့ကြောင့်ပြောလဲဆိုတာကို ငါနားလည်ပါတယ်။ ငါရင့်ထဲ တအုံနွေးနွေး ခံစားရတာ မဝသေးလို့ပါ။ စိတ်ချပါ ငါတစ်သက်လုံး အထီးကျန်စွာမနေပါဘူး။ ခံစားလို့ဝတဲ့နေ့ အိမ်ထောင်ပြုမှာပါ။ ငါတစ်ယောက်တည်း အထီးကျန်နေရမှာဆိုးပြီး တွေးမပူနဲ့ ဟုတ်ပြီလား”

“မင်းလည်း ငါ့ကို စိတ်မဆိုးရဘူးနော်”

“အေးပါကွာ မင်းကို စိတ်လည်းမဆိုးနိုင်ပါဘူး”

နှောင်းနဲ့စကားပြောနေတုန်း ဖုန်းဝင်လာတာမို့ သိုက်ဖုန်းကိုင်လိုက်တယ်။

“ရောက်နေပြီတဲ့။ သွားရအောင်”

သိုက်ခေါ်တဲ့နောက်ကို နှောင်းဘာမှမမေးတော့ဘဲ လိုက်ဖြစ်ခဲ့တယ်။ သိုက်ခေါ်လာတဲ့ နေရာက လူနာဆောင်တစ်ခုက ကုတင်လေးပေါ်မှာ လဲလှောင်းနေတဲ့ ကလေးငယ်လေးတစ်ယောက်ဆီကိုပါ။ ကလေးငယ်ရဲ့အနားကိုရောက်မှ နှောင်းသေချာလေးကြည့်မိတယ်။ ကလေးလေးက ရောဂါကို အပြင်းအထန် ခံစားနေရရှာတာပဲ။ သိုက်တွေ့ပေးမယ်လို့ ပြောတဲ့သူက ဒီကလေးငယ်လေးလား။ ဒီကလေးငယ်လေးကို နှောင်းတစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒါမှမဟုတ် ဆေးကုသစရိတ်အတွက် အလှူခံချင်လို့များလား။ ဘာလို့ပါလိမ့်။

“နှောင်း ဒီကလေးလေးကလေ . . .”

“အင်း”

“မင်းမှတ်မိလား။ ငါတို့‌ နောက်ဆုံးနှစ် ကျောင်းသားဘဝတုန်းက ရွာတွေမှာ ကျန်းမာရေး သွားစစ်ပေးခဲ့ရတယ်လေ။ အဲ့ဒီတုန်းက ငါတို့တာဝန်ကျလို့ သွားရတဲ့ရွာလေးမှာ ပထမဦးဆုံးအကြိမ် ငါတို့နှစ်ယောက်ရဲ့လက်နဲ့ ငါတို့ကိုယ်တိုင် မွေးပေးခဲ့တဲ့ကလေးလေး”

“ဟင် တကယ်”

“အင်း တကယ်ပေါ့”

နှောင်းမမှတ်မိဘဲနေပါ့မလား။ သိပ်ကိုမှတ်မိတာပေါ့။ နှောင်းတို့နောက်ဆုံးနှစ်တုန်းက ရွာတွေမှာ ပရဟိတအနေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ သွားလုပ်ပေးခဲ့ရဖူးတယ်။ အဲ့ဒီနေ့က နှောင်းတို့ကို တာဝန်ခွဲဝေပေးတော့ နှောင်းနဲ့သိုက်က တစ်ရွာတည်းတာဝန်ကျတယ်။ ရွာကကြီးတော့ တနေ့တည်းနဲ့မပြီးတာမို့ အဲ့ဒီရွာလေးမှာပဲ နှောင်းတို့ညအိပ်ခဲ့ကြရတယ်။ သန်ခေါင်းလောက်ကြတော့ ရွာကကိုယ်ဝန်ဆောင်သည်တစ်ဦး ဗိုက်နာလို့ ရွာမှာရောက်နေတဲ့ ဆရာဝန်လေးနှစ်ယောက်ကို လာပြီးအကူအညီတောင်းတာပါ။ ကူညီပါဆိုတာကြောင့် နှောင်းနဲ့သိုက်တို့ လိုက်သွားခဲ့ကြတယ်။

အဲ့ဒီကိုယ်ဝန်ဆောင်မေမေကို ကျောင်းသားဘဝနဲ့ စာတွေ့တွေပဲရှိပြီး လက်တွေ့မရှိဘဲ လေ့လာခဲ့ဖူးတဲ့စာတွေကို အသုံးချပြီး ကြိုးစားပမ်းစား မွေးပေးခဲ့ကြတယ်။ နှောင်းနဲ့သိုက် နှစ်ယောက်တည်းရဲ့အင်အားနဲ့ ပထမဦးဆုံးမွေးထုတ်ပေးခဲ့ဖူးတဲ့ သမီးငယ်လေး။ ကျောင်းသားဘဝရဲ့ အောင်မြင်မှုလေးတစ်ခု။ နှောင်းနဲ့သိုက်ရဲ့ အမှတ်တရတွေထဲက တစ်ခုပါ။ ဘယ်တော့မှမေ့လို့မရမဲ့ နှောင်းတို့နှစ်ယောက်ရဲ့ မှတ်တိုင်လေးဆိုလည်း မမှားခဲ့ပါဘူး။

“ဒီအရွယ်တောင် ရောက်နေပြီတဲ့လား ကလေးငယ်”

“မင်းကို တွေ့ပေးချင်ခဲ့တာအရမ်းပဲ”

သိုက်ရဲ့စကားကိုနားထောင်းရင်း အိပ်ပျော်နေတဲ့ ကလေးလေးရဲ့လက်ကလေးကို ဖွဖွ‌လေးကိုင်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ အချိန်အတော်ကြာ ငေးကြည့်နေခဲ့မိတယ်။

“ဘယ်တုန်းက ပြန်တွေ့ခဲ့တာလဲသိုက်”

“လွန်ခဲ့တဲ့ရှစ်လလောက်ကမှ ပြန်တွေ့ခဲ့တာ။ ငါပြန်တွေ့တဲ့အချိန်မှာ ရောဂါကရင့်နေပြီ”

“ကင်ဆာလား”

“အင်း”

“စိတ်မကောင်းလိုက်တာ။ ငယ်လွန်းသေးတယ်မဟုတ်လား”

“အင်း ရန်ကုန်မှာ အဆင်ပြေနိုင်မလားလို့ လာကြိုးစားကြည့်တာ။ အနည်ဆုံးတော့ သူမသေဆုံးခင်လေး နောက်ဆုံးအကြိမ် ကြိုးစားကြည့်ချင်သေးတယ်လို့ပြောလို့ နိုင်ငံခြားကရောက်လာတဲ့ ကင်ဆာကုသရေးအဖွဲ့နဲ့ လာတွေ့ပေးတာ”

“အဆင်ပြေပါစေ ကလေးငယ်”

ကလေးငယ်ရဲ့နဖူးလေးကို အနမ်းတစ်ချက်ပေးပြီး ကလေးငယ်ရှိရာ ထိုအဆောင်နဲ့ဝေးရာကို ထွက်လာခဲ့မိတယ်။ သိုက်ကတော့ နှောင်းနောက်က ထပ်ကြပ်မကွာ လိုက်လာခဲ့လို့ပေါ့။ ဆေးရုံကြီးရဲ့ဘေး စိန်ပန်းပင်လေးရဲ့အောက်က ခုံလေးမှာ နှောင်းနဲ့သိုက် ဝင်ထိုင်လိုက်တယ်။

“ဘယ်လို ပြန်တွေ့ခဲ့ကြတာလဲသိုက်”

“လွန်ခဲ့တဲ့ရှစ်လက ငါတို့ဆေးရုံကို ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်လေးအဖြစ် ရောက်လာခဲ့တာ။ ဘယ်ကလာတာလဲလို့ မေးကြည့်တော့ ငါတို့သွားခဲ့ကြဖူးတဲ့ ရွာလေးက ဖြစ်နေတယ်။ အဲ့ဒီရွာလေးမှာ ကျွန်တော်ကျောင်းသားဘဝက ကလေးမွေးပေးဖူးခဲ့တယ်လို့ ပြောလိုက်တော့ ဆရာဝန်ချောချောလေး နှစ်ယောက်လားတဲ့။ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ခုနှစ်နှစ်လောက်က ကျွန်မတို့ရွာကို ကျန်းမာရေးလာစစ်ပေးတဲ့ ဆရာဝန်လေးနှစ်ယောက်မို့လားတဲ့ ကလေးလေးမေမေက ငါ့ကိုမေးလာခဲ့တယ်။ ငါက ဟုတ်တယ်လို့ပြောလိုက်တော့ ဒီကလေးငယ်လေးက ဆရာတို့မွေးပေးခဲ့တဲ့ ကလေးငယ်လေးပါတဲ့လေ”

“မင်းနဲ့သူနဲ့ ရေစက်ပါပုံပဲ “

“အင်း ရေစက်ပေါ့။ ငါလေ ငါမွေးပေးခဲ့တဲ့ ကလေးလေးက ဒီအရွယ်ရောက်နေပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ပီတိဖြစ်ပြီး အံ့ဩဝမ်းသာခဲ့ရတယ်။ ကလေးလေးနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူးတော့ ခုလိုပြန်တွေ့ရတဲ့အခါ ပျော်လည်းပျော်တယ်။ တစ်ဖက်မှာလည်း ကလေးငယ်လေးအတွက် ဝမ်းနည်းမိပြန်တယ်။ ကလေးငယ် ငါ့ဆီကိုရောက်လာတဲ့အချိန်ကစလို့ ဒီနေ့ ဒီအချိန်အထိ သူ့ကိုငါ့အနားမှာထားပြီး ငါကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးခဲ့တာ။ ငယ်လွန်းသေးတဲ့ အရွယ်လေးကိုမှ ဒီလိုရောဂါဝေဒနာက စွဲကပ်ခဲ့ရတယ်လို့ကွာ။ ငါလေ ကလေးငယ်လေးကို သနားလွန်းလို့ ဘာလုပ်ပေးရမှန်းတောင် မသိတော့ဘူး”

“ဘာတတ်နိုင်မှာလဲသိုက်ရယ်။ ကံတရားပဲပေါ့။ မင်းလည်းသူ့အပေါ် အတတ်နိုင်ဆုံးကောင်းပေးခဲ့တာပဲမို့လား။ မင်းတာဝန်ကျေပါတယ်”

“အဲ့လိုပဲ ဖြေသိမ့်ရတော့မှာပေါ့ကွာ”

“ကလေးအတွက် ငွေးရေးကြေးရေးပဲဖြစ်ဖြစ်၊ သွေးလိုရင်ပဲဖြစ်ဖြစ် ငါ့ကိုပြောပါသိုက်။ ငါတတ်နိုင်တဲ့ဘက်က ကူညီပေးပါ့မယ်”

“ငွေရေးကြေးရေးတော့ မလိုအပ်ပေမယ့် မင်းနဲ့ သွေးအမျိုးအစားတူတာမို့ သွေးလိုအပ်တဲ့အခါတော့ ငါမင်းကိုဖုန်းဆက်လိုက်ပါ့မယ်”

“လိုအပ်တဲ့အခါ အချိန်မရွေးဖုန်းဆက်ပါ။ ကလေးငယ်ဆီကို ခဏခဏလာလို့ အဆင်မပြေတာမို့ ဒီကြားထဲမှာမလာဖြစ်ခဲ့ရင် မင်းကငါ့ကို နားလည်ခွင့်လွှတ်ပေးပါ”

“မင်းကိုငါနားလည်ပါတယ်။ မင်းဆီက ကူညီပေးမယ်ဆိုတဲ့စကားကို ကြားရတာနဲ့တင် ကျေးဇူးတင်ပါတယ်”

နှောင်းဘာ့ကြောင့်မလာနိုင်တာလဲဆိုတာကို သိနေတာမို့ နှောင်းကိုနားလည်ပေးနိုင်ပါတယ်။ အလင်းဆိုတဲ့ နှောင်းအမျိုးသားရဲ့စရိုက်ကို သိုက်ကိုယ်တိုင် ကြုံဖူး၊ မြင်ဖူးခဲ့လို့ ဘယ်လိုလူစားလဲဆိုတာသိတာကြောင့် နှောင်းကို ပိုနားလည်ပေးနိုင်ခဲ့တယ်။

သိုက်ကြောင့် နှောင်းအခက်တွေ့မှာမျိုးကို မလိုလားတာမို့ နှောင်းကိုလည်း သိုက်ဆီကို မလာစေချင်ခဲ့ပါဘူး။ ဒီကလေးငယ်လေးကိုတော့ နှောင်းကို တွေ့ပေးသင့်တယ်‌ထင်လို့ လှမ်းခေါ်ခဲ့မိတာပါ။ ဒီကလေးငယ်ဟာ နှောင်းရဲ့အမှတ်တရလေးမို့ နှောင်းလည်း တွေ့ချင်ရှာမယ်ထင်လို့ပါ။

“ငါလည်း ကလေးငယ်နဲ့ငါ့ကို တွေ့ပေးတဲ့မင်းကို ကျေးဇူးတင်ပါတယ်။ ငါ့ကို ပြန်ခွင့်ပြုဦးသိုက်။ သားသားတို့ကိုထားခဲ့ရတာ ကြာနေပြီမို့လို့ ပြန်ရတော့မယ်”

“Ok နှောင်း။ ဂရုစိုက်ပြန်နော်”

“အင်း မင်းကျန်ခဲ့တော့ လိုက်မပို့နဲ့ရတယ်။ ကလေးငယ်အနားမှာပဲ နေလိုက်ပါ”

“ဒါဆို လိုက်မပို့တော့ဘူးနော်”

“အင်း”

ကလေးငယ်အတွက် စိတ်မကောင်းခြင်းများနှင့်အတူ လေးပင်တဲ့ခြေလှမ်းတွေနဲ့ နှောင်းရဲ့အိမ်ပြန်လမ်းဟာ တကယ်ကို အသက်မဲ့ခဲ့ပါတယ်။ ကံတရားဟာ လူတစ်ယောက်ကို ရက်စက်တော့မယ်ဆိုရင် အဆုံးစွန်ထိ ရက်စက်တတ်တယ်။ လူတစ်ယောက်ကို အဆုံးစွန်ထိရက်စက်မဲ့အစား ပျော်ရွှင်မှုအနည်းငယ်လောက်တော့ ပေးဆောင်သင့်တယ်မဟုတ်ပါလား။

လူတွေကပြောကြတယ် ရခဲလှတဲ့လူ့ဘဝမှာ ပျော်အောင်နေပါတဲ့‌။ ကိုယ်တိုင်က ပျော်ရွှင်ချင်တယ်၊ ပျော်အောင်လည်း ကြိုးစားနေပါရက်နဲ့ ကိုယ့်အပေါ်ကိုမှကွက်ပြီး ကံတရားက ခါးလွန်းနေသလားလို့ ထင်ရလောက်အောင်ကို ခါးသီးနေခဲ့ပြန်တယ်။ နှောင်းက လူလတ်ပိုင်းအရွယ်ရောက်နေပြီမို့ ခါသီးတာက ထားပါတော့။ ခုလို ခြောက်နှစ်ကျော် ခုနှစ်နှစ်သာရှိတဲ့ ကလေးသေးသေးလေးကိုမှ ရက်စက်ရအောင် ကံတရားက အကြင်နာတရား မရှိတော့လေသလားကွယ်။ တစ်ခါတရံ ကံတရားကို ပြောလို့ရရင်ပြောလိုက်ချင်ပါရဲ့ ‘မိုးနှောင်းကမ္ဘာနှင့် အနီးတစ်ဝိုက်အတွက် တစ်ခါတရံ ချိုမြိန်ခြင်းများ ပေးသနားလှည့်ပါ’ လို့လေ။

“ဘယ်လိုလဲ မင်းရဲ့အဆက်ဟောင်းကြီးနဲ့ သွားတွေ့တာ တော်တော်မှ ပျော်ခဲ့ရဲ့လားမိုးနှောင်းကမ္ဘာ”

အိမ်ထဲဝင်ဝင်ချင်းမှာ ကိုနစ်ရဲ့ စောက်နဲ့ထွင်းတဲ့စကားကို ပထမဆုံးကြားလိုက်ရတယ်။

“ဘယ်လိုစကားမျိုး ပြောလိုက်တာလဲကိုနစ်”

“ကြားတဲ့အတိုင်းပဲ ပြောလိုက်တာ။ နေမကောင်းတဲ့ကလေးတွေကိုထားပြီး သွားတွေ့ရလောက်အောင် အရေးကြီးတယ်ဆိုတော့ မင်းအကောင်က သားတွေထက်တောင် တော်တော်အရေးပါပုံရတယ်။ အဲ့လောက်တောင်ပဲလား”

“ကျွန်တော်သွားတဲ့အချိန် သားတွေက မဖျားသေးဘူးကိုနစ်။ ပြီးတော့ ကျွန်တော်က ကိုနစ်ပြောသလိုစိတ်နဲ့ သွားတွေ့တာလည်း မဟုတ်ဘူး။ ကိုနစ်ထင်ရာတွေ လျှောက်မပြောပါနဲ့။ တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်”

“ယောင်္ကျားရှိတဲ့မင်းကို ခေါ်တွေ့တဲ့အဲ့ကောင်မှာ သိက္ခာဆိုတာ‌ရောရှိရဲ့လား”

“ကိုနစ်”

သိုက်ကိုစော်ကားတဲ့စကားတွေ ထပ်ခါထပ်ခါ ပြောနေတဲ့ကိုနစ်ကို သည်းမခံနိုင်တဲ့အဆုံးမှာ နှောင်းအော်လိုက်မိတယ်။ နှောင်းအသံကိုကြားတော့ သားတို့အခန်းထဲကနေ ယဉ်ယဉ်လည်းပြေးထွက်လာတယ်။ သားတွေက ယဉ်ယဉ့်နောက်မှာ ဘာမှမသိတဲ့ မျက်လုံးလေးတွေနဲ့ နှောင်းကိုငေးကြည့်နေတယ်။

“ဘာလဲ။ အဲ့ကောင်ကိုထိလို့ နာသွားတာလား။ လက်ပူးလက်ကြပ် မမိသေးသ၍တော့ ဂုဏ်သိက္ခာကို ထိခိုက်တယ်‌ဆိုတဲ့စကား မင်းပြောထားနှင့်ဦးပေါ့။ ငါနဲ့ လက်ပူးလက်ကြပ် မမိစေနဲ့မိုးနှောင်းကမ္ဘာ။ ငါနဲ့ထိပ်တိုက်တွေ့ခဲ့ရင် မင်းရော အဲ့ကောင်ရော မလွယ်ဘူးမှတ်”

ပြောချင်ရာ‌ပြောပြီး အိမ်ကထွက်သွားတဲ့ကိုနစ်ကို နှောင်းဘာမှပြန်မပြောချင်တော့ဘူး။ ရှင်းလည်း မပြချင်ဘူး။ ခုလိုစကားတွေ ပြောနေတယ်ဆိုကတည်းက နှောင်းကိုမယုံကြည်လို့ပါ။ ကိုယ့်ကိုမယုံကြည်နိုင်တဲ့သူကို ဘာကြောင့်ပါလို့ ဖြေရှင်းမပြချင်ဘူး။ စကားတွေနဲ့ပြောမယ့်အစား အမူအရာတွေနဲ့ပဲ ယုံကြည်ပြီး နားလည်လာအောင်လို့ ကြိုးစားခဲ့တယ်။ ကိုနစ်မယုံကြည်နိုင်မယ့် အပြုအမူမျိုး နှောင်း ဒီနေ့ ဒီအချိန်ထိ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး။ ကိုနစ်ယုံကြည်နိုင်အောင် နေခဲ့တယ်။ ကိုနစ်နှောင်းအပေါ် နားလည်ပေးလာနိုင်အောင် မေတ္တာတွေပဲပေးခဲ့တာပါ။ ဒါပေမဲ့ နှောင်း‌ပေးခဲ့တဲ့ မေတ္တာတွေ၊ သည်းခံပေးမှုတွေက အချည်းအနှီးချည်းသာ။ နှောင်းကို မျက်နှာငယ်လေးနဲ့ ကြည့်နေရှာတဲ့သားတွေကို နှောင်းပြုံးပြလိုက်တယ်။

“လာပါဦး ပါးသားလေးတွေရယ်။ ပါးသားလေးတွေ နေမကောင်းဘူးဆို”

ဒူးလေးထောက်ပြီး လက်လေးနှစ်ဖက် ဆန့်တန်းပေးလိုက်တော့ ရင်ခွင်လေးထဲကို နှစ်ယောက်သား ပြေးဝင်လာရှာတယ်။

“ပါးးး ဟင့် ဟင့်”

“မငိုပါနဲ့ ဂိုးငယ်လေးရယ်။ ပါးတို့က ရန်ဖြစ်တာမဟုတ်ပါဘူး။ သားသားတို့ကြည့်တဲ့ TVထဲကလို သရုပ်ဆောင်နေကြတာပါ။ မငိုနဲ့ ပါးတို့ ဘာမှမဖြစ်ဘူး”

နှောင်းရဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး နှောင်းဝမ်းနည်းနေလား၊ ဝမ်းသာနေလားဆိုတာကို သိနေတဲ့ ဂိုးငယ်လေးက နှောင်းငိုရင် လိုက်ငိုတတ်သလို နှောင်းဝမ်းနည်းရင်လည်း လိုက်ပြီးဝမ်းနည်းတတ်တဲ့ ကလေးငယ်လေးပါ။

ဒါ့ကြောင့် အတတ်နိုင်ဆုံး စိတ်ညစ်စရာတွေကို ချက်ခြင်းမေ့ပစ်ပြီး အပြုံနိုင်ဆုံးထက်ကျော်အောင် ပြုံးပြလိုက်တယ်။ နှောင်းအပြုံးကိုမြင်တာနဲ့ ပျော်နေတယ်လို့ တစ်ထစ်ချယုံကြည်သွားတယ်။ အင်းပေါ့ ကလေးဆိုတာ မျက်နှာပြုံးနေရင် ပျော်တယ်။ မျက်နှာမဲ့နေရင် ဝမ်းနည်းတယ်။ မျက်ရည်ကျနေရင် ငိုတယ်လောက်ကိုပဲ သိသေးတာလေ။ အဲ့တော့ နှောင်းပြုံးရင် ပျော်တယ်လို့ပဲ တွေးမှာပေါ့။ ပါးပါးသားတွေအတွက် ပါးပါးအမြဲပြုံးထားပါတယ်။ ပါးသားလေးတွေက ပါးရဲ့ပျော်ရွှင်မှု ပါးရဲ့အားအင်ပါ။

“တကယ်နော်”

“တကယ်ပါဗျာ”

ထိုအခါမှ အငိုတိတ်သွားတဲ့ ဂိုးငယ်လေးက နှောင်းပါးလေးကို လာနမ်းရှာတယ်။

“ပါးဂို ရွမ်းနေတာ”

ကိုကိုလေးက ပါးကိုလွမ်းနေတာဆိုပြီး ကျန်တဲ့ပါးတစ်ဘက်ကို လာနမ်းတယ်။

“တစ်မနက်လုံး ပါးကိုမတွေ့တော့ ပါးသားလေးတွေက ပါးကိုလွမ်းနေကြတယ်ပေါ့။ ချစ်လိုက်တာ ပါးအသဲလေးတွေ မွ မွ”

သား‌နှစ်ယောက်ရဲ့ပါးလေးကို တစ်ယောက်တစ်ချက်စီ အနမ်းပေးလိုက်တော့ သားလေးတွေက တစ်ခစ်ခစ်နဲ့ ရယ်လာပါတော့တယ်။ ချစ်တယ် ပါးအသဲလေးတွေကို။ ပါးကိုစိတ်မညစ်အောင် ပျော်ရွှင်မှုတွေပေးသလို ခံနိုင်ရည်ရှိအောင် အားအင်တွေပေးတဲ့ ပါးပါးရဲ့ အသဲအသက်လေးတွေ။

သားသားတို့ကိုဖက်ပြီး ပြုံးပျော်နေတဲ့ ကိုနှောင်းကိုကြည့်ပြီး ယဉ်ယဉ်သနားလိုက်တာ။ ကိုနှောင်းကလေ သိပ်ကိုဟန်ဆောင်ကောင်းသလို မြိုသိပ်နိုင်လွန်းအားလည်းကြီးတယ်။ ကိုနှောင်းနေရာမှာယဉ်ယဉ်သာဆို ငိုချမိလိုက်မှာ။ ကိုနှောင်းအပေါ် ကိုကိုကြီးချစ်နေတာကို ဘေးကနေကြည့်တဲ့ယဉ်ယဉ်က မြင်နေရသလို ကိုကိုကြီးပျော့ပျောင်းလာတာကိုလည်း သတိထားမိနေတော့ နောက်ဆို ကိုနှောင်းတစ်ယောက် ကိုကိုကြီးရဲ့အချစ်တွေနဲ့ အမြဲတမ်းပျော်ရတော့မှာပါလို့တွေးပြီး ဝမ်းသာနေခဲ့တာ။

ကိုကိုကြီးက ချစ်တတ်လာမှ ပိုသဝန်တိုပြီး ပိုပြောထွက်လာတယ်။ တကယ်ပါ အချစ်သင်တန်းရှိရင် ကိုကိုကြီးကို ချစ်ပြတတ်လာအောင်သင်ယူဖို့ သင်တန်း တက်ခိုင်းလိုက်ချင်တယ်။ ကိုကိုကြီးက ကိုနှောင်းကို ချစ်တယ်လို့ ပြောရမှာကိုလည်း သေမလောက်ကြောက်တယ်။ ချစ်ပြဖို့ကြတော့လည်း ညင်သာစွာ ချစ်မပြတတ်ပြန်ဘူး။ ဟူးးးးး မလွယ်ပါ့လားနော်။

ကိုနစ်နဲ့နှောင်း စကားများပြီးတဲ့နေ့ကစလို့ စကားသိပ်မပြောဖြစ်ခဲ့ကြဘူး။ အရင်လို အနေစိမ်းသလို ပြန်ဖြစ်သွားပြန်တယ်။ ကိုနစ်ကနှောင်းကို ဘာမှမပြောတော့ နှောင်းလည်း ပြန်မပြောဖြစ်ခဲ့ဘူး။ အရင်ကတည်းက နှောင်းက ကိုနစ်ဘက်က စကားစပြောမှသာ ပြန်ပြောခဲ့တာဆိုတော့ ခုဆိုပိုဆိုးတယ်။ သူမပြော‌တော့ ကိုယ်လည်းမပြောဖြစ်တော့ဘူး။

“ဖေဖေ”

“ဗျာ”

“သားသားနဲ့ချော့ရအောင်လေ”

“ဟုတ်ကဲ့ပါဗျာ ဘာလုပ်တမ်း ချော့ချင်ပါသလဲခင်ဗျာ”

“ကားမောင်းတမ်း”

Remoteနဲ့မောင်းရတဲ့ ကားလေးကို ဂိုးငယ်က အလင်းလက်ထဲကို လာထည့်ပေးတာမို့ ဘာလုပ်ရမှာလဲဆိုပြီး ကြည့်လိုက်တော့ ကိုကိုးရယ် ဂိုးငယ်လေးရယ်က အလင်းရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ တန်းစီပြီး တစ်ညီတစ်ညာတည်း ဝင်ထိုင်ကြတယ်။ ပြီးတော့ သားနှစ်‌ယောက်က သူတို့အရှေ့မှာ ကားတစ်စီးစီ နေရာချနေတာမို့ ကားမောင်းပြိုင်ဖို့ပြင်နေမှန်း အလင်းသိလိုက်ပါပြီ။ သားတွေက သုံးနှစ်ကျော်ဆိုပေမယ့် ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေကြပါပြီ။ သားနှစ်ယောက်က ကားမောင်းပြိုင်ဖို့ တာဆူလိုက်ပေမယ့် အလင်းကတော့ ခုံပေါ်မှာထိုင်နေတဲ့ နှောင်းခြေထောက်ကို ကားလေးနဲ့ ပြေးတိုက်လိုက်တယ်။

နှောင်းခြေထောက်ကို တစ်ခုခုက ခဏခဏ လာတိုက်နေသလို ခံစားမိနေတာမို့ ငုံကြည့်လိုက်တော့ သားသားတို့ရဲ့ Remoteကားလေးဖြစ်နေတယ်။ တရာခံကိုသိ‌ရအောင် လှည့်ကြည့်လိုက်တော့ တရားခံက ကိုနစ်ပါ။

“ကိုနစ်နော် ရန်လာစနေတာလား”

“ရန်စတာမဟုတ်ဘူး။ မင်းကငါ့ကို စကားမပြောနိုင်မဆိုနိုင်ဖြစ်နေလို့ တမင်လာတိုက်တာ”

“ဘယ်သူကမပြောတာလဲ။ ကျွန်တော်လား ခင်ဗျားလား သေချာပြန်စဉ်းစားပါဦးလား။ ကျွန်တော်က အရင်အတိုင်း နေနေကြအတိုင်းပဲနေတာ။ ခင်ဗျားသာ မခေါ်နိုင်မပြောနိုင်ဖြစ်နေတာ”

“အဲ့ဒီ့‌နေရာကနေ ကက်ကက်လန်ရန်တွေ့မနေနဲ့ ကားမောင်းရအောင် ဒီကိုလာခဲ့”

“မလာပါဘူး ကလေးကလားနဲ့”

“ဂိုးငယ်လေး ဖေဖေက ပါးပါးပါ အတူတူလာဆော့ပေးမှ သားသားတို့နဲ့ဆော့မှာ။ ပါးပါးလာကူမဆော့ရင် ဖေဖေလည်း ဆော့မပေးတော့ဘူး”

သက်သက်မဲ့ နှောင်းကို မကစားလို့မရအောင် သားတွေကိုခေါ်ခိုင်းပြီး အကျင့်ပုတ်နေတာပါ။

“ပါးး”

“ဗျာ”

“ရာ”

“မရာရို့မရဘူးလား သားသားရာ။ ပါး TVကြည့်ချင်တယ်လေ”

“ဂိုးကိုရှစ်ရင်ရာ”

အမလေး ချုပ်ချက်က ကြောက်စရာကြီး။ အချုပ်တော်လွန်းတဲ့ ဂိုးငယ်လေး။ သူနဲ့ အတူတူ မဆော့ရင်လည်း သူ့ကိုမချစ်လို့ဖြစ်ဦးမယ်။

“ပါးသားလေးက ပါးကို ဒီလိုနည်းနဲ့ အကြပ်ကိုင်တယ်ပေါ့။ လူလည်လေး။ အတတ်ကလေး။ လာပါပြီဗျာ”

နှောင်းရယ်၊ ကိုနစ်ရယ်၊ ကိုကိုးနဲ့ ဂိုးဂိုးရယ် ကားပြိုင်မောင်းကြပါတယ်။

“ကိုနစ်”

“ဘာလဲ မင်းဘာသာမင်း ရှောင်လေ”

ကားမောင်းပြိုင်တာကို ပန်းတိုင်အရင်ရောက်အောင် မမောင်းဘဲ အကျင့်ပုတ်ပြီး နှောင်းကားကို လိုက်တိုက်နေပါသော ကိုနစ်စုတ်ပါ။

“ခင်ဗျားအကျင့်ယုတ်ပြီး ကျွန်တော့်ကားကို လာတိုက်နေတာလေ”

“မင်းလွတ်အောင်ပြေးလေ”

“ကိုနစ်အကျင့်ပုတ်ကြီး။ လူယုတ်. . .”

လူယုတ်မာကြီးလို့ ပြော‌ချင်ပေမယ့် ဆက်မပြောရဲဘူး။ ဟိုတစ်ခါ လူယုတ်မာကြီးလို့ ပြောလိုက်မိလို့ နေ့ခင်းကြောင်တောင်ကြီး နှောင်းတစ်ခါ ယုတ်မာခံခဲ့ရပြီးပြီမို့လား။ ကိုယ့်ဘေးကိုယ် ရှောင်နိုင်မှလွတ်မယ်။

စကားကို ဆက်မပြောဘဲရပ်လိုက်တဲ့ နှောင်းကိုကြည့်ပြီး အလင်းရယ်ချင်သွားတယ်။ သူ့ခဗျာ လူယုတ်မာကြီးကို ဆုံးအောင်တောင် ဆက်မပြောရဲရှာဘူး။ လူယုတ်မာကြီးလို့ခေါ်ဖို့ကို အရင်တစ်ခါကိုတွေးမိပြီး လန့်သွားပုံရတယ်။

နှောင်းတို့ကစားပွဲမှာ ပင်တိုင်နိုင်သူကတော့ ဂိုးငယ်လေးပါ။ ကိုကိုးက‌တော့ သူရှုံးတိုင်း တစ်ခါငိုတယ်။

“တားရဲနိုင်ချင်ရယ် ပါး”

“ပါးကို ပြောလို့မရဘူးလေ ဂိုးငယ်လေးကိုပြော”

“ဂိုး ငါရဲနိုင်ချင်ရယ်”

“အင်း ခဏရေးပဲနော်”

ဂိုးငယ်‌လေးက ကိုးကိုခဏလေးပဲ အနိုင်ပေးမယ်တဲ့။ တကယ်တော့ သူပြောချင်တာက တစ်ခါပဲ အနိုင်ပေးမယ်လို့ ပြောချင်ပုံပါ။ မပြောတတ်လို့သာ ခဏလေးလို့ပြောတာ ဖြစ်ပုံရတယ်။ ပြောတဲ့အတိုင်းလည်း တကယ်အနိုင်ပေးပါတယ်။ တကယ်ကို တစ်ခါတည်းပါ။ တစ်ခါလေးအနိုင်ရလိုက်တာကို ကိုကိုးလေးကပျော်ပြီး နှောင်းပါးလေးကို လာနမ်းရှာတယ်။

သူများအရှုံးပေးမှ အနိုင်ရတယ်ဆိုပေမယ့် ဘယ်လိုပဲနိုင်ရနိုင်ရ ရလိုက်တဲ့အနိုင်က ပျော်ဖို့ကောင်းပုံပါပဲ။ ရှူံးသွားတဲ့ ဂိုးငယ်လေးကလည်း သူကိုယ်တိုင်က လိုလိုချင်ချင်အရှုံးပေးခဲ့တာမို့ အပြုံးမပျက်ခဲ့ပါဘူး။ အနိုင်အရှုံးမှာ မေတ္တာတရားတွေသာပါရင် နိုင်နိုင်ရှုံးရှုံး ပျော်ဖို့ကောင်းမှာတော့ အမှန်ပဲ။ မေတ္တာတရားတွေနဲ့ တည်ဆောက်ခဲ့တဲ့ အနိုင်မယူလိုတဲ့အရှုံးမို့နေမှာပါ။

သားတွေနဲ့ကစားပေးနေတုန်းမှာ အိမ်ဖုန်း‌ကမြည်တဲ့အသံကို ကြားလိုက်တာမို့ နှောင်းထိုင်ရာကနေ ထသွားလိုက်ပြီး ဖုန်းကိုင်လိုက်တယ်။

“ဟဲလို”

“ငါ့ဆီကို ခဏလောက်လာခဲ့ပေးလို့ရမလား”

သိုက်ဆီက ရှိုက်သံသဲ့သဲ့နဲ့အတူ ငိုသံလေးကိုပါ ကြားလိုက်ရတာမို့ စိုးရိမ်လို့သွားရပါတယ်။ ဘာတွေဖြစ်လို့လဲသိုက်။ အမြဲတမ်းပြုံးနေတတ်လို့ အပြုံးပိုင်ရှင်လေးလို့ လူသိများသလို၊ လူတွေကို ပျော်အောင်လုပ်ပေးတတ်တဲ့မင်းက ငိုနေတယ်တဲ့လား။

သိုက်ဆိုတဲ့မင်းက တော်ရုံဝမ်းနည်းမှုမျိုးလောက်နဲ့ ဘယ်တော့မှ မငိုတတ်ဘူးလေ။ မင်းခုလို ရှိုက်ပြီးငိုရလောက်တဲ့အထိ ဝမ်းနည်းနေရတာက ဘာကြောင့်လဲဆိုတဲ့ အတွေးနဲ့တင် ငါ့ကိုစိုးရိမ်ပူပန်စေပြီး ငါ့ရင်ကိုပူလောင်စေတယ်။ ခုချိန်မှာ သိုက်အတွက် နှောင်းကို တကယ်လိုအပ်နေလို့သာ အခုလို ဖုန်းဆက်ခေါ်တယ်ဆိုတာကို နှောင်းသိတာပေါ့။ ငါမင်းကိုစိုးရိမ်တယ်။

“ငါလာခဲ့မယ် ဘယ်ကိုလာခဲ့ရမလဲပြော”

“ဆေးရုံကြီးရဲ့ဘေး စိန်ပန်းပင်အောက်ကို လာခဲ့ပေးပါ”

“ခဏပဲစောင့်ပေးပါ။ ငါအခုလာခဲ့မှာမို့ ခဏပဲစောင့်နော်”

ဖုန်းချပြီးတဲ့နောက် ပိုက်ဆံအိတ်ကိုပြေးယူပြီး အိမ်ရှေ့ကို အမြန်ပြေးထွက်လာခဲ့လိုက်တယ်။

“ယဉ်ယဉ်ရေ သားတို့ကို ခဏကြည့်ထားပေးပါ”

“ဟုတ် ကိုနှောင်း”

“ကိုနစ် ကျွန်တော် အပြင်ခဏသွားဦးမယ်”

ကိုနစ်ကိုပြောပြီး အပြင်ကို အမြန်ပြေးထွက်လိုက်တယ်။ နီးစပ်ရာတက္ကစီတစ်စီးကို အမြန်တားပြီး ဆေးရုံကြီးကို စိုးရိမ်မှုတွေနဲ့ သွားခဲ့ရတယ်။ ဘာတွေဖြစ်နေပြီလဲသိုက်။

အလောတကြီးပြေးထွက်သွားတဲ့ မိုးနှောင်းကမ္ဘာရဲ့နောက်ကနေ အလင်းထပ်ကြပ်မကွာ လိုက်လာခဲ့လိုက်တယ်။ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေတဲ့မျက်နှာနဲ့ အလောတကြီးပြေးထွက်ရလောက်တဲ့အထိ ဖြစ်ရတာက ဘယ်သူ့အတွက်လဲ။ မင်းဘယ်ကို ဦးတည်နေတာလဲ မိုးနှောင်းကမ္ဘာ။





ချစ်၍မုန်းခဲ့သည် (Season 1)Donde viven las historias. Descúbrelo ahora