Part 24 (Unicode)

21.2K 1.4K 80
                                    

မနက်အိပ်ရာနိုးတော့ နှောင်းလက်ကို ဆုပ်ကိုင်ထားတဲ့ ကိုနစ်လက်တွေက ပူခြစ်နေတာမို့ ကိုနစ်နဖူးပေါ်ကို လက်တင်ကြည့်လိုက်တော့ ကိုယ်တွေပူနေပါတယ်။ အနားမှာ ခွေခွေလေးလှဲနေပြီး မျက်နှာလေးတွေ ရဲတွတ်နေရှာတဲ့ ကိုနစ်ကိုကြည့်ပြီး စိတ်မကောင်း‌တာမို့ ဆေးထိုးပေးလိုက်တယ်။ အဖျားမြန်မြန်‌ပျောက်ပြီး မြန်မြန်သက်သာ‌စေချင်လို့ပါ။ နေမကောင်းတဲ့အခါ သောက်ဆေးထက် ထိုးဆေးက အမြန်ပျောက်လွယ်တယ်လေ။ ကိုနစ်ကို မနက်စာဆန်ပြုတ်‌တိုက်ပြီးတာနဲ့ ဆေးပါတိုက်လိုက်တယ်။

“နှောင်း ဒီနေ့ ဘာအလုပ်မှမလုပ်ဘဲ ကိုယ့်အနားမှာပဲ နေပေးပါ့လား”

“အင်းပါ ကျွန်တော်လည်း ဘယ်မှမသွားပါဘူး”

နေမကောင်းတဲ့အချိန်ဆို အားငယ်တတ်တယ်ဆိုတာ တကယ်ဟုတ်တယ်။ ကိုနစ်လိုလူမျိုးတောင် မျက်နှာငယ်လေးနဲ့ဖြစ်နေပြီး နှောင်းကို မျက်စိအောက်က အပျောက်မခံဘူး။

“ခေါင်းကိုက်နေလို့ ကိုယ့်ကိုနှိပ်ပေးပါ့လား”

ကိုနစ်က အဲ့လိုလေးလည်း ဇိမ်ယူတတ်သေးတာ။

“အင်း ရပြီ”

တော်တော်ကြာနှိပ်ပြီးမှ ရပြီတဲ့လေ။ တော်သေးတယ် ရပ်ဖို့ပြောရှာသေးလို့။ တစ်နေကုန်များ နှိပ်ခိုင်းမလို့လားလို့။

ဧည့်ခန်းထဲက TV ရှေ့က ဆိုဖာပေါ်မှာ နှောင်းထိုင်လိုက်တော့ ကိုနစ်တစ်ယောက် ဆိုဖာပေါ်မှာလှဲအိပ်ပြီး နှောင်းပေါင်ပေါ်ကို ခေါင်းအုံးလာတယ်။ နှောင်းဟိုနာသွားရင် ဟိုနားလိုက်တယ်။ ဒီနားသွားရင် ဒီနားလိုက်တယ်။ ကိုနစ်က နှောင်းအင်္ကျီစကိုဆွဲပြီး နောက်ကနေ တစ်ကောက်ကောက်ကိုလိုက်နေတာပါ။ အရင်က ကလေးနှစ်ယောက်ပဲ ထိန်းရတာ။ ခုက ကလေးသုံးယောက်ကို ထိန်းနေရတာ။

“ဒါနဲ့ ကိုနစ်ကိုပြောဖို့မေ့နေတာ။ မနေ့က ကာရံချို ဖုန်းဆက်တယ်”

“ဘာလို့ဆက်တာလဲ”

“ရုပ်ရှင် Press Show ကို ကိုနစ်နဲ့အတူတူ ပွဲတက်မပေးနိုင်တော့ဘူးလို့ လှမ်းပြောတာတဲ့။ အဲ့ရက်ကို နယ်မှာ ရိုက်ကွင်းရှိနေလို့ပါတဲ့”

“အင်း”

အစကတည်းက သူနဲ့သွားဖို့ စီစဉ်ခဲ့တာမှ မဟုတ်တာ။ ကာရံချိုအဲ့လိုပြောသွားတဲ့အချိန် မိုးနှောင်းကမ္ဘာရဲ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားမလဲ သိချင်လိုက်တာ။ စိတ်တိုသွားလား ဒါမှမဟုတ် စိတ်မကောင်းဖြစ်သွားလား သိချင်တယ်။ ဘာ့ကြောင့်ဆို အလင်းနဲ့ပတ်သက်ပြီး မတုန်မလှုပ် ဘယ်လိုခံစားချက်မှ မရှိဘဲနေတာထက်စာရင် စိတ်တိုမိတယ်ဆိုတာမျိုးလေးတော့ လိုချင်မိတယ်။

စိတ်တိုမိတယ်ဆိုတာက အနည်းဆုံးတော့ ရင်ထဲမှာ ထည့်ထားပေးလို့လေ။ မတုန်မလှုပ် ဘယ်လိုခံစားချက်မှ မရှိတာကြ သူ့ရင်ထဲမှာ ကိုယ့်ကို လုံးဝ ရှိမနေလို့လေ။ ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းကင်းနေလို့ပေါ့။ ငါ့အပေါ် ခံစားချက်လေး နည်းနည်းလောက်ထားပေးပါ့လားလို့ ပြောလိုက်ချင်မိတယ်။

အတွေးတွေထဲ နစ်မြောနေတဲ့အချိန် နားထဲကို အသံသေးသေးလေးက ဝင်လာတယ်။

“ရေကောင်းယူးရား”

“ဟမ်”

“ရေကောင်းယူးရားယို့”

“ဖေဖေ ရေမသောက်ချင်ဘူး”

“ရေကောင်းယူးရားရို့ပါ  ရှို”

“ဟမ် ကိုကိုးပြောတာ ဖေဖေနားမလည်ဘူး”

သူ့စကားကို နားမလည်ဘူးပြောလို့ စိတ်ကောက်သွားတဲ့ ကိုကိုးလေးကြောင့် နှောင်းမှာအမြန်စဉ်းစားလိုက်ရပြီး အနီးစပ်ဆုံး တွေးမိတာလေးကို မေးကြည့်လိုက်ရတယ်။

“ဖေဖေ့ကို နေမကောင်းဘူးလားလို့မေးတာလား သားသား ဟုတ်လား”

ထိုအခါမှ ကိုကိုးက ခေါင်းငြိမ့်ပြတယ်။

“အင်း ဟုတ်တယ် ဖေဖေနေမကောင်းလို့”

အလင်းပြောလိုက်တော့ သားက သူ့လက်သေးသေးလေးတွေနဲ့ အလင်းနဖူးလေးကို လာစမ်းရှာတယ်။

“အာဘွား”

နေမကောင်းဘူးဆို‌တဲ့ အလင်းပါးကို ကိုကိုးက အနမ်းလေးပေးလာတယ်။ သားသမီးဆိုတာ ရင်ကိုအေးချမ်းစေတယ်ဆိုတာ တကယ်အမှန်ပါ။

“ပါး”

“ဗျာ”

“ဖေဖေ့ဂို ချေးထိုးပေးရိုက်”

အိမ်မှာ အလင်းပဲဖြစ်ဖြစ် ယဉ်ယဉ်ပဲဖြစ်ဖြစ် နေမကောင်းဘူးဆိုတာနဲ့ နှောင်းကပဲ ဆေးထိုးပေးနေကြကို သားတွေက မြင်ဖူးထားလေတော့ အိမ်မှာ လူတစ်ယောက် နေမကောင်းဖြစ်ပြီလို့ ပြောလိုက်တာနဲ့ ပါးချေးထိုးရိုက်ရေဆိုပြီးပြောတတ်တဲ့ ဂိုဂိုးလေးပါ။

“ထိုးပြီးပါပြီ ဂိုးငယ်လေးရယ်။ ခင်ဗျားလေး အရမ်းကိုတတ်နေတယ်နော်”

“ဂိုးကြီးလာရင် ဘာလုပ်မှာလဲ”

“ချေးထိုးမာ”

အလင်းကိုယ့်ဘာကိုယ်မေးပြီး ကိုယ့်ဘာကိုယ် စိတ်မကောင်းဖြစ်သွားရတယ်။ ဂိုးလေးက ဝါသနာကစ အမူအရာအဆုံး သူ့ပါးပါးနဲ့ တူပါတယ်။ သားတို့ရဲ့ပါးပါးကို ဖေဖေ့အတ္တတွေနဲ့ အလုပ်ထွက်ခိုင်းမိခဲ့တယ်။ သားတို့အလှည့်ကျရင်တော့ ဝါသနာပါရာကိုလုပ်ဖို့ ဖေဖေခွင့်ပြုပေးမှာပါ။

သားတို့ပါးပါးကိုတော့ အပြင်မထွက်စေချင်သလို ဘယ်သူနဲ့မှ ရယ်ရယ်မောမော စကားပြောတာကို မကြိုက်တာမို့ ဒီတစ်သက်တော့ ဘာအလုပ်မှ မလုပ်ခိုင်းတော့ဘူး။ အိမ်ထဲမှာပဲနေခိုင်းပြီး ဖေဖေ့အနားမှာပဲ ထားတော့မှာ။

“ကိုကိုကြီး ဗိုက်ဆာရင် စားလို့ရပြီနော်။ ယဉ်ယဉ် နို့ဆန်ပြုတ်ပြုတ်ထားတယ်”

“ဘာ . . ယဉ်ယဉ် . . ဘာဆန်ပြုတ်”

နို့ဆန်ပြုတ်ဆိုတဲ့အသံကို ကြားလိုက်တာမို့ မသေချာမှာဆိုးလို့ အလင်းထပ်မေးကြည့်လိုက်ရတယ်။

“နို့ဆန်ပြုတ်လေ ကိုကိုကြီး”

“ဟ ကြက်သားဆန်ပြုတ်မပြုတ်ဘဲ ဘာလို့နို့ဆန်ပြုတ်လဲ”

“သားသားတို့ပါ သောက်လို့ရအောင်လေ ကိုကိုကြီးကလည်း။ သားသားတို့က ကြက်သားဆန်ပြုတ်ထက် နို့ဆန်ပြုတ်ကို ပိုကြိုက်တာ”

“ဘာ . . နေမကောင်းတာကငါလေ။ ငါစားဖို့မပြုတ်ဘဲ နင့်တူတွေကြိုက်တဲ့ဟာကို ပြုတ်ရလား”

“ဪ . . ကိုကိုကြီးရယ် ကိုကိုကြီးကအဖေပဲ အနစ်နာခံလိုက်ပါ။ ကိုကိုကြီးကလည်း နေမကောင်းတော့ ထမင်းစားလို့မရလို့ ဆန်ပြုတ်သောက်ရမယ်။ သားသားတို့ကလည်း နို့ဆန်ပြုတ်ကြိုက်တယ် သောက်လည်း သောက်ချင်နေကြတယ်လေ။ အဲ့ဒါကြောင့် ယဉ်ယဉ်က ကိုကိုကြီးတို့သားအဖတွေ နှစ်ဦးနှစ်ဘက် အဆင်ပြေရအောင်လို့ပါ”

“သြော်”

အလင်းတစ်ယောက် ယဉ်ယဉ်ရဲ့ဖြေရှင်းချက်ကို နားထောင်ပြီး သြော်ရုံအပြင် မတတ်နိုင်ခဲ့ဘူး။

ကိုနစ်ကိုကြည့်ပြီး နှောင်းပြုံးလိုက်မိတယ်။ သူ့ခမျာ နေမကောင်းတာကသူကို ယဉ်ယဉ်က သူ့ကိုဦးစားမပေးဘဲ သားတွေကိုဦးစားပေးလိုက်လို့ မျက်နှာကြီးက ရုပ်ပျက်ဆင်းပျက်နဲ့ နှောင်းပေါင်ပေါ်မှာ အိပ်နေရင်း ပွစိပွစိကလည်းပြော မျက်နှာကလည်း ဆူပုတ်လို့။ နှောင်းအပေါ် ဗိုလ်ကျခဲ့သမျှ သားတွေကြောင့် ယဉ်ယဉ့်ဆီမှာ အရှုံးပေးလိုက်ရတဲ့အဖြစ်။

“ယဉ်ယဉ်”

“ရှင်”

“ငါတို့အခန်းထဲက စားပွဲပေါ်မှာ ပါဝါရိန်းကျား အရုပ်လေးနှစ်ခုရှိတယ်။ သားတို့ကိုယူပေးလိုက်ပါ”

“ဟုတ်”

အိပ်ရာကမထဘဲ လက်ညှိုးထိုးပြီးခိုင်းနေပါသော ကိုနစ်ရယ်ပါ။ နှောင်းကိုလည်း ထခွင့်မပေးဘူး။ နှောင်းပေါင်ပေါ် ခေါင်းအုံးထားတာမို့ နှောင်းမှာ ထချင်တာလည်း မထရဘူး။ ယဉ်ယဉ်တစ်ယောက်တည်း အိမ်အလုပ်တွေ လုပ်နေရတာ သနားပါတယ်။

အရုပ်နှစ်ရုပ်ကို ယဉ်ယဉ်ယူလာပေးပြီး ခဏအကြာမှာ ကိုကိုးရဲ့နဖူးကို အရုပ်နဲ့ ခွပ်ခနဲ ထုချလိုက်ပါသောဂိုးငယ်လေး။ ခွပ်ဆိုတဲ့အသံကြားလို့ သားနှစ်ယောက်ကို လှည့်ကြည့်လိုက်တော့ ကိုကိုးလေးက အထုခံရတဲ့ နဖူးလေးကို လက်လေးနဲ့ဖိပြီး အော်ငိုရင်း နှောင်းရင်ခွင်ထဲကို ပြေးဝင်လာပါတော့တယ်။

“အားးး ပါးးး အီးးဟီးး ပါပါး”

“ကိုကိုး ဘယ်နားနာသွားတာလဲ ပါးကိုပြ။ ပါးကြည့်ပေးမယ်”

နဖူးကိုဖိထားတဲ့ လက်လေးကို ဖယ်ကြည့်လိုက်တော့ ဘုသီးလေးထွက်နေပါပြီ။ ရိုက်ချက်ကပြင်းလားမပြင်းလား ချက်ခြင်းကို နီရဲပြီး ဘုသီးလေးထွက်လာတာ။ နှောင်းက ပုဆိုးဝတ်ထားတာမို့ ပုဆိုးစအစွန်လေးကို ပါးစပ်ထဲထည့် အာ‌ငွေ့ပေးပြီး ကိုးလေးနဖူးက ဘုသီးလေးကို အာပူပေးရတယ်။

“ဂိုဂိုး မင်းဘာလုပ်လိုက်တာလဲ”

ကိုနစ်တစ်ယောက် ကလေးကို‌ချော့မမေးဘဲ အော်လိုက်တာမို့ ဂိုဂိုးလေးကပါလန့်ပြီး အော်ငိုပါလေရော။

“ကိုနစ်ရယ် ကလေးကိုမအော်ဘဲ ဖြည်းဖြည်းလေးချော့မေးပါ။ သားက ကိုနစ်နဲ့ ရွယ်တူမဟုတ်ဘူး။ ခုမှ ကလေးပဲရှိသေးတယ်”

နှောင်းပြောတာကို နားဝင်မယ့်ပုံလည်း မပေါ်ပါဘူး။ သားကိုစိုက်ကြည့်ပြီး သူပြောချင်တာတွေသာ ဆက်ပြောနေတော့တယ်။

“မငိုနဲ့ မင်းအသံ လုံးဝမထွက်နဲ့။ မင်းထုပြီး မင်းငိုတာ တရားလား။ ပြော ကိုကိုးကို ဘာလို့ထုလိုက်တာလဲ”

“အီးးဟီးးဟီးး ပါး”

နှောင်းထံသို့ ပြေးလာဖို့ပြင်နေတဲ့ကလေးကို ဖမ်းဆွဲပြီး ကိုနစ်က သူ့အရှေ့ကိုပြန်ဆွဲခေါ်သွားတယ်။ ဆွဲခေါ်တာကလည်း ညင်ညင်သာသာပါပဲ။ ဂုတ်ကအင်္ကျီစကိုဆွဲထားပြီး ဖမ်းခေါ်လိုက်တာပါ။ ဂုတ်ကိုအဆွဲခံထားရတဲ့သားက ကိုနစ်အရှေ့မှာရပ်ပြီး အော်ငိုနေပါတော့တယ်။

“မင်းပါးဆီ သွားဖို့မပြင်နဲ့။ လက်ပိုက် ခုလက်ပိုက်နော်”

လက်ပိုက်ဆိုတော့လည်း ဂိုးငယ်ခမျာ ကြောက်ကြောက်နဲ့ ပိုက်ရှာတယ်။ အငိုက‌တော့ မရပ်သေးဘူး။ ညီအစ်ကိုနှစ်ယောက် အပြိုင်ငိုနေတာ ဆူညံနေတာပဲ။ ယဉ်ယဉ်ကလည်း ကြပ်ပူထုပ်လေးကိုင်ပြီး နှောင်းရင်ခွင်ထဲက ကိုကိုးကို ကြပ်ပူထိုးပေးရှာတယ်။

“ကိုကိုးကို ဘာလို့ထုလိုက်တာလဲလို့ ဖေဖေမေးနေတယ်လေ”

“တားရုပ်ဂို တူယူရာ အဟင့် ဟီးးဟီးး”

“သားအရုပ်ကိုယူတာနဲ့ သားထက်ကြီးတဲ့ကိုကို့ကို အဲ့လို ကိုယ်ထိလက်ရောက်လုပ်ရလား”

“တူကယုတာ ဖေဖေ”

“မလုရအောင်လို့ နှစ်ခုဝယ်လာတာလေ။ တစ်ယောက်တစ်ခု ခွဲဝေယူရမှာပေါ့။ မင်းတို့နှစ်ယောက် ညီအစ်ကိုအရင်းကိုမှ အမွှာနော်။ လင်ပါသားတွေမဟုတ်ဘူး”

သြော် . . ဒီကိုနစ်ကလည်း ကလေးကို ဘာတွေပြောနေပါလိမ့်။

“အရီဂေါင်က တားဟာရေဖေဖေရဲ့ အီးးဟီးး”

ဂိုဂိုးဟာလေ သူအဖေကိုကြောက်လည်းကြောက် ငိုလည်းငိုနေပေမယ့် တစ်ခွန်းလေးမှမခံဘဲ ပြန်ပြောနေတဲ့ ပိစိပေါက်စလေးပါ။ သူမှန်တယ်ထင်ရင် ပြန်ပြောလိုက်ရမှကျေနပ်တဲ့ ကလေးလေး။ ဒီသေးသေးလေးက ဒီလောက်စကားတတ်ပြီး ဒီလိုပြန်ပြောတတ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ပြောပြရင်တောင် ယုံမှာမဟုတ်ဘူး။ သေးသေးလေးနဲ့ လူဖြစ်မြန်ပြီး စကားတတ်လွန်းတဲ့ ကလေးလေးပါ။

“ငါ့ကိုပြန်ပြောနေတာလား ဂိုးငယ်”

ခုမှ နှစ်နှစ်နဲ့ဆယ်လကျော်လို့ သုံးနှစ်ပြည့်ခါနီးပဲရှိ‌သေးတဲ့ကလေးလေးက စကားမပီကလာပီကလာနဲ့ ကိုယ့်ကိုပြန်ပြောနေတာမို့ ချစ်ဖို့ကောင်းလွန်းတာကြောင့် စိတ်မဆိုးနိုင်ဘဲ ဆွဲဖက်နမ်းပစ်ချင်လာတဲ့စိတ်ကို မနည်းထိန်းထားရတယ်။

“ကိုးက အနီကောင်လိုချင်ရင် သားက ခဏပေးဆော့လိုက်လေ။ သားလည်း အဝါကောင်နဲ့ ခဏဆော့လို့ရနေတာကို”

“မချော့ဝူး တားအရီဂေါင်ပဲကြိုက်ရာ”

ပြဿနာရဲ့အမှားက ကိုယ်ပေါ့။ အရောင်မတူတာ‌ကိုဝယ်လာမိတဲ့ ကိုယ့်အပြစ်ပါ။

“ကဲ ကိုနစ် ခင်ဗျားမှားတာ။ အရောင်တူမဝယ်ဘဲ ဘာလို့ တစ်ရောင်စီဝယ်လာခဲ့တာလဲ”

“ငါက သူတို့နှစ်မျိုးရအောင်လို့လေ။ ညီအစ်ကိုနှစ်ယောက် စည်းစည်းလုံးလုံးရှိမယ်ထင်ပြီး နှစ်မျိုးရ‌အောင်လို့ နှစ်ရောင်ဝယ်လာခဲ့တာ။ ခုလို လင်ပါသားတွေလို ရန်ဖြစ်နေမယ်လို့မှမထင်တာ”

“ခင်ဗျား အပြစ်ပဲ”

“ဒါမဲ့ ဂိုးငယ်လေး ကိုကို့ကိုရိုက်တာတော့ ဂိုးငယ်လေး မှားတယ်ဆိုတာသိလား”

ငိုရင်းနဲ့ခေါင်းခါပြလာတာမို့ ဘာပြန်ပြောရမှန်း မ‌သိအောင်ကို တွေဝေသွားတယ်။ သူမမှားဘူးတဲ့ ဘာဆက်ပြောရမှန်းတောင် မသိဘူး။

တကယ်ပါ ဂိုးငယ်က တစ်ချို့အရာတွေမှာ အလင်းနဲ့တစ်ပုံစံတည်းပါ။ လက်သွက်တာရော မဟုတ်မခံရော သူမှန်တယ်ထင်ရင် ဘယ်သူကပဲ မှားတယ်ပြောပြော လက်မခံတတ်တာရော အကုန်တူတယ်။ ရင့်ကျက်တည်ငြိမ်မှုနဲ့ဝါသနာက မိုးနှောင်းကမ္ဘာနဲ့တူတယ်။ ကိုကိုးလေးကတော့ အလင်းကိုတုန်နေအောင်ချစ်သလို အရမ်းချွဲတတ်လွန်းတဲ့ကလေးပါ။ နူးညံ့ပေမယ့် သူလည်း ဇွတ်တရွတ်လေးပါ။

ကိုကိုးက ဂျီကျတတ်တာနဲ့ဆိုးတာက အလင်းနဲ့တူပါတယ်။ နူးညံ့သိမ်မွေ့ပြီး ဘာလေးပဲဖြစ်ဖြစ် ငိုရုံအပြင်ပိုမတတ်ဘဲ ငြိမ်ခံတတ်တာက မိုးနှောင်းကမ္ဘာနဲ့တူပါတယ်။ ခုလည်း သူ့ကို ဂိုးငယ်လေးကထုတာကို တစ်ချက်မှပြန်မလုပ်ဘဲ သူ့ပါးရဲ့ရင်ခွင်ထဲကိုပြေးဝင်ပြီး ငို‌နေခဲ့တာပါ။

ကိုကိုးက အလင်းကိုဘ‌ယ်လောက်ပဲချစ်ချစ် သူဝမ်းနည်းတဲ့အခါ၊ သူငိုတဲ့အခါ၊ သူစိတ်အားငယ်တဲ့အခါ အမြဲခိုနားနေကြရင်ခွင်က မိုးနှောင်းကမ္ဘာရဲ့ရင်ခွင်ပါ။ သူအားကိုးတကြီး ပြေးဝင်ခိုလှုံတဲ့ရင်ခွင်က မိုးနှောင်းကမ္ဘာပါ။ အလင်းကိုချစ်ပေမယ့် သူငိုတဲ့အခါ ဘယ်တော့မှ အလင်းရင်ခွင်ထဲကို မလာခဲ့ဘူး။

ကိုကိုးနေမကောင်းရင် ပိုဆိုးတယ်။ သူ့ပါးပါးကို အနားကတောင် အခွာမခံတတ်တဲ့ ကလေးငယ်လေးပါ။ ပုံမှန်ချိန်ဆို ဖေဖေကို ပါးစပ်ဖျားက မချတတ်တဲ့ကလေးက နေမကောင်းတဲ့အချိန်ဆို ဖေဖေဆိုတာထက် ပါးပါးဆိုတဲ့နာမည်ကိုသာ တတွတ်တွတ်ခေါ်ပြီး ပါးပါးကိုသာ ပိုလိုအပ်တဲ့သူလေးပါ။ ဒီကမ္ဘာ ဒီနေရာလေးမှာ ကလေးတွေနဲ့သူတို့ရဲ့ပါးပါး အမြဲရှိနေဖို့ ဆုတောင်းပါတယ်။ ကျွန်တော့်ကမ္ဘာက သားတွေနဲ့ သားတွေရဲ့ပါးပါးရှိမှ ပြည့်စုံမှာမို့ပါ။

“ဂိုး လာ ပါးဆီကိုလာ”

“ပါး အဟင့် ဟင့်”

“မငိုရဘူး ဂိုးငယ်လေး တိတ်။ ဂိုးငယ်လေးကို ဖေဖေက မရိုက်ရသေးဘူးလေ။ သားသားအသားကို နာအောင်လည်း မလုပ်ရသေးဘူး မငိုရဘူးတိတ်”

ဂိုးငယ်က နှောင်းစကားကိုနားထောင်းပြီး တိတ်ဆိုလို့တိတ်သွားပေမယ့် ရှိုက်နေတုန်းပါပဲ။

“ပါးကိုကြည့်။ အနီကောင်လေးက ဂိုးအရုပ် မှန်တယ်။ ကိုကိုးက ဂိုးအရုပ်ကိုလာလုရင် ပါးကိုလာတိုင်ရမှာပေါ့။ ကိုကိုးကို နာအောင်မလုပ်ရဘူးလေ။ ဂိုးကအငယ်လေ။ အကြီးကို ကိုယ်ထိလက်ရောက် မလုပ်ရဘူး။ ပြီးတော့ ညီအစ်ကိုတွေလေ ချစ်ချစ်ခင်ခင်နေရမှာ။ နောက်ဆိုရင် ဂိုးမကြိုက်တာကို ကိုကိုးကလုပ်ရင် ပါးကိုလာတိုင်ရမယ်နော် ကြားလား”

“ဟုတ် ပါး”

“ပါးသားလေးက လိမ္မာတယ်ဆိုတာကို ပါးသိတာပေါ့။ ခုတော့ ကိုကိုး‌ကိုဖက်ပြီး တောင်းပန်လိုက်နော်”

နှောင်းစကားကို ခေါင်းငြိမ့်ပြပြီး နှောင်းရင်ခွင်ထဲက ကိုကိုးကိုလာဖက်ရှာတယ်။ ပြီးတော့ ဘယ်သူကမှ ခိုင်းစရာမလိုဘဲ ကိုကိုးနဖူးလေးကို ဂိုးကအနမ်းပေးလာတယ်။ ကိုကိုးနဖူးကအဖုလေးကိုကြည့်ရင်း သူ့ဘာသူထုပြီး သူ့ဘာသူ သနားသွားပုံရတယ်။ ကိုကိုးလေးကိုဖက်ထားရင်း တရှုံ့ရှုံ့နဲ့ငိုနေလေရဲ့။ စိတ်ကြိုက်ငိုခွင့်ပေးထားလိုက်တယ်။ သူ့လုပ်ရပ်ကို သူနောင်တရပြီး စိတ်မကောင်းဖြစ်လို့ ငိုနေတာနေမှာ။

“ဟူးးးးး နေမကောင်းလို့ အနားလေးယူရမလားမှတ်တယ် သားတော်မောင်တွေက နှောင့်ယှက်တယ်ကွာ”

“ကိုယ့်အပြစ်နဲ့ကိုယ်ပဲ”

ဟုတ်တယ်လေ မွေးထားတာ သားနှစ်ယောက်။ အရောင်တူတာမဝယ်ဘဲ တစ်ရောင်စီဝယ်လာတဲ့ သူ့အပြစ်လေ။ အဖေနေရာရောက်နေပြီ ဒီလောက်လေးတောင် မတွေးတတ်ဘူးလား မသိဘူး။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။

တနေကုန် သားနှစ်ယောက်နဲ့ နှစ်ပါးသွားခဲ့ရတာမို့ နေမကောင်းတာတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ ရောဂါအမြန်ပျောက်ချင်ပါသလား ကလေးယူပါ။ ကလေးရတဲ့အခါ သူတို့လေးတွေကိုထိန်းရင်းနဲ့ နေပြန်ကောင်းလို့ကောင်းမှန်းမသိအောင်ကို ပြန်ကောင်းလာပါလိမ့်မယ်။

*************

နှောင်းတစ်ယောက် သားတွေကိုထမင်းခွံ့ရင်း အလုပ်ရှုပ်နေရပါတယ်။

“ပါး အာ့ မချားဝူး”

ကိုကိုးက ကြက်သားကြော်ကို မစားချင်ဘူးပြောလာတာမို့ ငါးကြော်လေးနဲ့ ခွံ့လိုက်တယ်။

“ပါး အာ့ မချားချင်ဘူး”

ဂိုးငယ်က ငါးကြော်ကိုကြည့်ပြီး မစားချင်ဘူး ပြောလာပြန်ပါတယ်။ တော်တော်ကိုအကြိုက်တူတဲ့ အမွှာတွေပါ။ တော်သေးတယ် နှစ်ယောက်တည်း မွေးထားမိလို့သာပဲ။ များများသာမွေးထားရင် နှောင်းရူးမယ်ထင်တယ်။

“အေးပါ ဂိုးငယ်လေးရာ ပါး သိပါတယ်ကွာ။ ဂိုးငယ်ကို ပါးပါးက ကြက်သားနဲ့ခွံ့တာပါ။ အာ. .”

ဟင်းတစ်ယောက်တစ်မျိုးနဲ့ တစ်ယောက်တစ်လှည့် ခွံ့နေရတာ တစ်ချက်လေးမှ မနားရဘူး။

“မိုးနှောင်းကမ္ဘာ”

“ဗျာ”

“ထမင်းသုတ်စားချင်တယ်”

“ယဉ်ယဉ့်ကိုသုတ်ခိုင်းလိုက်လေ။ ကျွန်တော်ဒီမှာ ကလေးထမင်းခွံ့နေလို့”

“ယဉ်ယဉ်သုပ်ကျွေးတာ မစားချင်ဘူး။ မင်းသုပ်ကျွေးတာပဲစားချင်တာ။ မင်းလာသုပ်ပေး”

“ကလေးထမင်းခွံ့နေတယ်လေဗျာ”

“ငါဗိုက်ဆာနေပြီမိုးနှောင်းကမ္ဘာ”

ယဉ်ယဉ်သုပ်ကျွေးတာစားချင်မှတော့ မင်းကိုပြောနေတော့မလား။ မင်းလက်ရာကိုပဲ စားချင်တာ။ မင်းလက်ရာကိုပဲကြိုက်တာ။ ယဉ်ယဉ့်လက်ရာထက် မင်းလက်ရာက ပိုကောင်းတာ။

“ကိုနစ် ခင်ဗျား သက်သက်မဲ့ . . .”

“ကဲပါ ကိုနှောင်းရယ် သွားလုပ်ပေးလိုက်ပါ။ သားသားတို့ကို ယဉ်ယဉ်ခွံ့ထားလိုက်ပါ့မယ်”

သားသားတို့ကို ယဉ်ယဉ်နဲ့ထားခဲ့လိုက်ပြီး ကိုနစ်အတွက် ထမင်းသုပ်ပေးဖို့ပြင်ရတယ်။

“မင်းစားပြီးပြီလား”

“မစားရသေးဘူး”

“မင်းဖို့ပါပိုသုတ်လိုက်လေ”

“ရတယ် နောက်မှ ကိုယ့်ဘာသာကိုယ် စားလိုက်မယ်”

“မရပါဘူး အခု ငါနဲ့အတူတူစားရမှာ။ စားပြီးရင် မင်းငါနဲ့ ရုပ်ရှင် Press Show ကို လိုက်ခဲ့ရမယ်”

“ကျွန်တော်က ဘာလိုက်လုပ်ရမှာ”

“ငါကမင်းလင်လေ”

လာပြန်ပါပြီ ဒီမင်းလင်ဆိုတာကြီး။ Press Show ကိုလိုက်တာနဲ့ “ငါကမင်းလင်” နဲ့ ဘာဆိုင်လို့လဲ။

“အဲ့ဒါနဲ့ လိုက်ရတော့မှာလား”

“မင်းလင်ရဲ့ ထုတ်လုပ်ရေးကထုတ်တဲ့ ရုပ်ရှင် Press Show လေ။ သူဌေးရဲ့အိမ်ထောင်ဘက်အနေနဲ့ လိုက်ခဲ့ရမှာပေါ့”

သူတစ်ယောက်တည်းသွားရမှာဆိုးလို့ ခေါ်တာကို မသိတာကြနေတာပဲ။ ထိုသို့သောစကားများကြောင့် ကိုနစ်ခေါ်တဲ့ ရုပ်ရှင် Press Show ဆိုတဲ့ နေရာကြီးကို လိုက်ခဲ့ရတယ်။ ရုပ်ရှင်ရုံထဲဝင်ဝင်ချင်း Posterအကြီးကြီးဆီကို မျက်လုံးရောက်သွားတာမို့ သေချာကြည့်လိုက်မိတယ်။ ဇာတ်ကားနာမည်က ‘ခွဲခဲ့ရသော်’တဲ့ ဆရာမလွန်းထားထားရဲ့ စာအုပ်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။

နှောင်းငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ စာအုပ်လေးပါ။ သိပ်ကိုကောင်းပါတယ်။ ငယ်ငယ်ကတော့ အချစ်ဇာတ်‌လမ်းလေးတွေ သိပ်ကြိုက်ခဲ့တာကိုး။ တကယ်တော့ အချစ်ဆိုတာ ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ အချစ်ဝတ္တုတွေလောက် Romanticမဆန်ပါဘူး။

မင်းသားကိုမြင်ဖူးသလိုမို့ သေချာကြည့်မိတော့ ဆေးကျောင်းတက်တုန်းက သိုက်ရဲ့သူငယ်ချင်း ဇွဲယံဖြစ်နေတယ်။ မင်းသားဘဝနာမည်က ချမ်းထက်ယံတဲ့။ ဇွဲယံက အရင်ကထက် ပိုချောလာတာပဲ။

ကိုနစ်က လူကြီးတွေနဲ့စကားပြောနေတာမို့ နှောင်းPosterရှေ့မှာပဲရပ်ပြီး Posterကိုပဲ ကြည့်နေမိလိုက်တယ်။ မသိတဲ့သူတွေနဲ့ စကားမပြောတတ်သလို လူတွေရှုပ်တဲ့နေရာမှာ ရပ်နေရတာကလည်း နှောင်းအတွက် အဆင်မပြေဘဲ စိတ်ရှုပ်ဖို့ကောင်းလို့ပါ။ Posterရှေ့မှာရပ်နေတုန်း အနားကို လူတစ်ယောက်ရောက်လာတယ်။

“မိုးနှောင်းကမ္ဘာမို့လား”

လှည့်ကြည့်လိုက်တော့ ဇွဲယံဖြစ်နေပါတယ်။

“ဇွဲယံ”

“ကိုယ့်ကိုမှတ်မိနေသေးတယ်ပေါ့”

“အင်း”

သိပ်ကိုမှတ်မိတာပေါ့။ သိုက်ကိုသိပ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မမှတ်မိဘဲနေပါ့မလား။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ထက်မလျော့တဲ့အချစ်တွေနဲ့ ချစ်ပေးခဲ့ဖူးတဲ့သူမို့ မမေ့ခဲ့ပါဘူး။ တကယ်ဆို အဲ့အချိန်ကတည်းက ဇွဲယံကိုချစ်သွားအောင်လို့ ကူညီပေးခဲ့ရမှာ။ ဇွဲယံကိုသာချစ်ခဲ့ရင် သိုက်အခုလို နာကျင်ရမှာမဟုတ်ဘူး။ ခုတော့ နှောင်းကသိုက်ကို ဒဏ်ရာတွေပေးပြီး ထားခဲ့ရတယ်။ သိုက်တစ်ယောက် အထီးကျန်နေရရှာတယ်။ သိုက်ကို ဇွဲယံနဲ့ ပြန်အဆင်ပြေအောင်လုပ်ပေးရင် ကောင်းမလား။

“ကိုယ့်ရုပ်ရှင်ကို လာအားပေးတာလား”

“မဟုတ်ဘူး ဒီကို မလိုက်ချင်ဘဲလိုက်လာခဲ့ရတာ”

“အေးပါ သိုက်ကမ္ဘာကြီးရယ်။ အရင်လိုပဲ ဖြူစင်တုန်း။ ကိုယ်စိတ်ချမ်းသာအောင် နည်းနည်းလေး ညာပေးလို့မရဘူးလား”

“အားနာလိုက်တာ”

နှောင်းကအပြုံးလေးနဲ့ အားနာစကားဆိုလိုက်တော့ ဇွဲယံက နားလည်ခွင့်လွှတ်ပေးတဲ့အပြုံးလေးနဲ့ ပြန်လည်ပြုံးပြလာတယ်။ နှောင်းအကြောင်းကို သိနေတာမို့ ထူးပြီးမခံစားတာလည်း ပါမှာပေါ့။

“ရပါတယ်ဗျာ။ မေးမိတဲ့ကိုယ်ကပဲ မှားတာပါ။ မင်းက လူရှုပ်တဲ့နေရာတွေကို လာတတ်တဲ့သူမဟုတ်မှန်း သိရက်နဲ့မေးမိတာ ကိုယ့်အမှားပါ။ ဒါနဲ့ ဘယ်သူနဲ့လာတာလဲ”

ကိုနစ်ကို ခေါင်းလေးနဲ့ ညွှန်ပြလိုက်တယ်။

“ဪ Producerကြီးနဲ့လာတာပဲ”

ဇွဲယံက နှောင်းတို့အကြောင်းကိုမသိတာမို့ သဘောရိုးနဲ့ ပြောလာတယ်ဆိုတာကို နှောင်းသိပါတယ်။ ဒါ့ကြောင့် နှောင်းခေါင်းလေးပဲ ငြိမ့်ပြလိုက်တယ်။

တစ်ဘက်ကအလင်းကတော့ လူကြီးတွေနဲ့ စကားပြောရင်း မိုးနှောင်းကမ္ဘာကို လှမ်းကြည့်လိုက်တော့ ခုပြမယ့်ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသားနဲ့ စကားပြောနေတာကို မြင်လိုက်ရတာမို့ စကားပြောနေရတာတောင် စိတ်မဖြောင့်ဘူး။ ဖြစ်နိုင်ရင် မိုးနှောင်းကမ္ဘာအနားကို အပြေးသွားပြီး လက်‌ဆွဲခေါ်လာလိုက်ချင်တာ။

တပြုံးပြုံးနဲ့ စကားပြောရလောက်အောင်ထိ ရင်နှီးတာလား။ ဘာလဲ ဘယ်လိုပတ်သက်မှုလဲ။ မင်းမှာ သူငယ်ချင်းရယ်လို့ မရှိဘူးဆို။ ဒီကောင်နဲ့ကြ ဘာလို့ မျက်နှာက အပြုံးမချနိုင်အောင် စကားပြောနေရတာလဲ။ ဟူးးးး ရင်မောလိုက်တာကွာ။ ငါ့အနားမှာမနေဘဲ ဘာလို့ အဝေးကြီးမှာ သွားနေရတာလဲမိုးနှောင်းကမ္ဘာ။

“မောင်အလင်း”

“ဗျာ”

“ဆရာပြောတာ အဆင်ပြေရဲ့လား”

“ဗျာ ဪ ဟုတ် ပြေပါတယ်”

ဘာပြောမှန်းမသိလိုက်ပေမယ့် ယောင်အအနဲ့ ပြေပါတယ်လို့သာ ပြောလိုက်ရတယ်။ မဖြစ်ဘူး လူကြီးတွေနဲ့ စကားစအမြန်ဖြတ်ပြီး မိုးနှောင်းကမ္ဘာကိုသွားခေါ်ရမယ်။ ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေတာကိုမြင်ရတာ အဆင်ပြေမနေဘူးမိုးနှောင်းကမ္ဘာ။

“ဒါနဲ့ သိုက်တစ်ယောက်ရော အဆင်ပြေရဲ့လား”

မင်းလည်း သိုက်ကိုသတိရနေတုန်းပဲလားဇွဲယံ။ အမှတ်တရရှိနေသေးတယ်လား။

“အင်း သိုက်ကပြင်ဦးလွင်မှာပဲ။ အဆင်ပြေနေလောက်ပါတယ်”

“ဟမ် မင်းတို့ရန်ဖြစ်ထားတာလား။ ကမ္ဘာကြီးနော် ငါ့သိုက်ကို စိတ်ညစ်အောင်မလုပ်ပါနဲ့။ မင်းနဲ့နေမှ စိတ်ချမ်းသာမယ်ဆိုလို့ မင်းလက်ထဲကို ကြည်ဖြူစွာနဲ့ ထည့်ပေးခဲ့တာ။ မင်းက စိတ်ညစ်အောင် လုပ်နေမယ်ဆိုရင်တော့ ငါ့သိုက်ကို ငါပြန်သိမ်းရလိမ့်မယ်”

ဘာတစ်ခုမှ မသိရှာတဲ့ ဇွဲယံကတော့ နှောင်းကို ရယ်ရယ်မောမောနဲ့ စနောက်နေလေတယ်။

“ငါနဲ့သိုက်က . . . . .”

ရှင်းပြဖို့အတွေးနဲ့ စကားပြောဖို့ ပြင်လိုက်တော့ ကိုနစ်ကအနားကိုရောက်လာတယ်။

“မိုးနှောင်းကမ္ဘာ ရုပ်ရှင်စတော့မှာ အထဲကိုဝင်ရအောင်လေ”

“ဟုတ်”

“ဒါဆို ငါလည်းသွားတော့မယ် ကမ္ဘာကြီးရေ။ နောက်တစ်ခါ ထပ်ဆုံရအောင်ကွာနော်။ ကိုလင်း ကျွန်တော်သွားပြီနော်”

ချမ်းထက်ယံဆိုတဲ့ မင်းသားပေါက်စကို အလင်းခေါင်းပဲငြိမ့်ပြလိုက်မိတယ်။

“ဘယ်လိုသိလဲ မိုးနှောင်းကမ္ဘာ”

“ဆေးကျောင်းအတူတူတက်ခဲ့တာ”

“ဪ ကမ္ဘာကြီးလို့ ခေါ်ရလောက်အောင်ထိ ရင်းနှီးတာလား”

ခနဲ့သလိုမေးလာတဲ့ ကိုနစ်ရဲ့အမေးကို နှောင်းပြန်မဖြေချင်တော့ဘူး။ သိုက်က မိုးနှောင်းကမ္ဘာဆိုတာ သူ့ရဲ့ကမ္ဘာကြီးမို့ နှောင်းဆိုတဲ့သူရဲ့အနားမှာ နေခွင့်ရမှ ပျော်ရွှင်ရမှာမို့ ငါ့ကိုမချစ်ပါနဲ့ဇွဲယံလို့ ပြောခဲ့တဲ့အချိန်ကစလို့ ဇွဲယံဟာနှောင်းကို သိုက်ရဲ့ကမ္ဘာကြီးရေဆိုပြီး ခေါ်ခဲ့တာပါ။ နောက်ပိုင်းတွေမှာလည်း ကမ္ဘာကြီးလို့ပဲ ခေါ်ဖြစ်ခဲ့ပါတယ်။ အဲ့လို‌ကြောင့် ခေါ်တာပါလို့ မရှင်းပြချင်ဘူးကိုနစ်။ အဟောင်းတွေ အသစ်ပြန်ဖြစ်သလို ကိုနစ်လည်း မသိသင့်ဘူးထင်လို့ပါ။ အထူးသဖြင့် သိုက်နဲ့ကျွန်တော့်ရဲ့ အကြောင်းကိုပေါ့။

မင်းမှာ သူငယ်ချင်းတစ်ယောက်တလေတောင် မရှိဘူးလို့ ထင်ခဲ့တာ။ ခုလိုနှုတ်ဆက်ရလောက်တဲ့အထိ ခင်တဲ့သူရှိသေးတာလား။ ကမ္ဘာကြီးလို့ ခေါ်ရလောက်တဲ့အထိ မင်းတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကဘာလဲ။ ဟူးးး လူတစ်ယောက်ကိုချစ်ရတာ ဒီလောက်တောင် ရင်ပူရတယ်တဲ့လား။ သူစိမ်းယောင်္ကျားလေးတစ်ယောက်နဲ့ စကားပြောရုံနဲ့တင် အတွေးတွေနဲ့ စိုးရိမ်ပူပန်နေရတယ်တဲ့လား။

ငါမင်းကို စိတ်မချနိုင်တော့ဘူးမိုးနှောင်းကမ္ဘာ။ ဖြစ်နိုင်ရင် မင်းကို အိမ်ထဲမှာပဲ တံခါးပိတ်ပြီး သိမ်းထားလိုက်ချင်တော့တယ်။ ငါပိုင်ဆိုင်ခွင့်ရနေ‌တာတောင် မပိုင်ဆိုင်ရတော့သလို ခံစားနေရတာ ဘာကြောင့်လဲ။ သေချာတာတစ်ခု‌ကတော့ မင်းငါ့အနားက ဘယ်ကိုမှ ထွက်သွားလို့ မရဘူး မိုးနှောင်းကမ္ဘာ။ ဘယ်လိုနည်းမျိုးနဲ့ပဲဖြစ်ဖြစ် မင်းကိုငါ့အနားမှာ တစ်သက်လုံးနေရအောင်လုပ်မှာ။ ငါမင်းကို တနေ့ထက်တစ်နေ့ ပိုချစ်လာတာမို့ ငါမင်းကို လုံးဝ လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူးမိုးနှောင်းကမ္ဘာ။ ငါမင်းကိုအရမ်းချစ်တယ်။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now