Part 5 (Unicode)

17.5K 1.5K 41
                                    

ဒီကနေ့ရုံးပိတ်ရက်မို့ မနက်ကိုနောက်ကျတဲ့အထိ အိပ်ပါမယ်လို့ တွေးထားတာကို သိုက်တစ်ယောက်က စောစောစီးစီးကို ဖုန်းခေါ်တော့တာပဲ။ အလိုက်ကို မသိဘူး။

“ဟဲလို”

နှောင်းရဲ့ အိပ်ချင်မူးတူးသံလေးနဲ့ ထူးလိုက်တဲ့ ‘ဟဲလို’ ဆိုတဲ့ အသံလေးက သိုက်အတွက် ချစ်စဖွယ်အတိ။ သာယာနာပျော်ဖွယ် ကောင်းလွန်းတဲ့ တေးကျူသံလေးပါပဲ။

“နှောင်းရာ ဟဲလိုသံလေးက ချစ်ဖို့ကောင်းလိုက်တာကွာ”

“ချစ်ဖို့ကောင်းတာတွေ မကောင်းတာတွေ လုပ်မနေနဲ့။ ဘာပြောမှာလဲပြော။ ဒီနေ့ရုံးပိတ်လို့ တစ်မနက်လုံး အိပ်မလို့ပါဆို”

“ဟောဗျာ ခုက စောစောဖုန်းဆက်မိလို့ ကိုယ့်ကို စိတ်ကောက်နေတာလား”

“စိတ်ကောက်ရအောင် နှောင်းက မိန်းမကြီးလား”

“မိန်းမကြီးလားလည်းဆိုသေး အသံက စိတ်ကောက်နေတဲ့ အသံကြီးနဲ့ကွာ”

“ကဲပါ ဘာပြောမှာလဲ ပြော ကိုယ်တော်။ ကျွန်တော်မျိုး အိပ်လို့လည်း မရတော့သလို အိပ်လည်း မအိပ်တော့ပါဘူး။ စိတ်လည်း မကောက်တော့ပါဘူးခင်ဗျာ။ ပြောချင်စရာရှိတာကို ပြောနိုင်ကြောင်းပါ ခင်ဗျ”

“အိမ်းးး ပြောရမယ်ဆိုရင်တော့ဖြင့် ကိုယ်တော် မနက်ဖြန် ရန်ကုန်ကို ကြွလာမလို့ကွယ်”

သိုက်တစ်ယောက် အရင်ခေတ်ကအသံနဲ့ ရွှတ်နောက်နောက်လေး ပြောလာတာကြောင့် နှောင်းမှာ ရယ်ချင်ပက်ကျိ ဖြစ်သွားရတယ်။

“လာနောက်မနေနဲ့ အကောင်းပြော”

“မနောက်ဘူး နှောင်းရဲ့။ ကိုယ်အတည်ပြောတာ။ ဒီတစ်ပတ် ရုံးသုံးရက်ပိတ်တယ်လေ။ အဲ့ဒါ နှောင်းဆီကိုလာမလို့။ ကိုယ် မနက်ဖြန်လာတဲ့အခါ နှောင်းကိုယ့်ကို အဖြေပြန်ပေးဖို့ ပြင်ဆင်ထားပေးပါ”

“ဟင်”

“မဟင်ပါနဲ့ နှောင်းရာ။ နှောင်းလည်း ကိုယ့်ကိုချစ်နေတယ်ဆိုတာ ကိုယ်သိတယ်။ နှောင်းဘာတွေကို တွေးကြောက်ပြီး တွေးပူနေတယ်ဆိုတာကိုလည်း သိတယ်။ အဲ့ဒါကြောင့် နှောင်းစိတ်ပူနေတဲ့ အရာတွေ လုံးဝဖြစ်မလာနိုင်သလို နှောင်းကို အသက်ထက်ဆုံးချစ်ပေးပြီး ဘဝရဲ့နေဝင်ချိန်ထိ နှောင်းနဲ့အတူရှိပေးမှာမို့ စိတ်ပူတာတွေကို မေ့ပစ်ပြီး ကိုယ့်ကိုအဖြေပေးတော့နော်။ နှောင်းကိုယ့်ကို ချစ်နေတယ်ဆိုတာသိပေမယ့် နှောင်းကိုယ်တိုင် ကိုယ့်ရှေ့မှာ ကိုယ့်မျက်လုံးကို‌ သေချာကြည့်ပြီး နှောင်းပါးစပ်က ချစ်တယ်လို့ပြောတာကို ကြားချင်တာမို့ ကိုယ်မနက်ဖြန် လာခဲ့မယ်နော်”

ချစ်၍မုန်းခဲ့သည် (Season 1)Tempat cerita menjadi hidup. Temukan sekarang