"7"

121K 14.2K 2.2K
                                    

Zawgyi

တောင်အဆင်းသည် လူတစ်ယောက်အဖို့ပင် မနည်းမကဲသတိထား၍ ဆင်းရသည့်အမျိုးဖြစ်ပေရာ လူတစ်ယောက်အား ကျောပေါ်တင်၍ ဆင်းဖို့ဆိုသည်မှာ လွန်စွာမှ ခက်ခဲလှပေသည်။

သူတို့တက်ခဲ့သည့်နေရာက တောင်တစ်ဝက်ပင်မရှိသေးသည်ကြောင့်ရော တောင်တက်အစမို့ ပြေပြေကလေးရှိနေသော တောင်ဆင်းလမ်းကြောင့်ရောသာ တော်သေးသည်ဟု ဆိုရပေမည်။

ခြေ‌ချောင်းတို့ကိုကုပ်၍ သတိထားဆင်းနေစဉ် ကျောပေါ်က လက်ကလေးက အသာကုတ်လာသည်မို့..

"ဘာဖြစ်လို့လဲ"

"ဟို ကျွန်တော့်ကို အောက်ချပေးပါလားဗျ.. ကိုထိန်ညီးသစ္စာ လေးနေမှာပေါ့"

ထိန်ညီး တစ်ချက်ပြုံးမိသွားရသည်။‌တောင်ဆင်းလမ်းတစ်လျှောက်လုံး  ကျောပေါ်မှ လှုပ်လှုပ်ရွရွဖြစ်နေသည့် ကောင်ကလေးသည် အတော်ပင် နေရခက်နေရှာဟန်တူ၏။

ကနဦးက ဒီကောင်လေးကို ကျောပိုးပြီးဆင်းရန် သူ့မှာ စိတ်ကူးမရှိ။ ဘာကိုကြောက်လို့ကြောက်နေမှန်းမသိဘဲ သူနှင့်အတူတူတောင်အောက်ဆင်းဖို့အရေးကို အသည်းအသန် ငြင်းဆန်ပြနေသောကြောင့် စိတ်ပေါက်ပေါက်နှင့် ကျောပေါ်ကောက်တင်လာခြင်းသာ။

ယခုလည်း သူပင်ပန်းမည့်အရေးကို  စိုးရိမ်လွန်းသောကြောင့် အောက်ချခိုင်းခြင်းမျိုးတော့ ဖြစ်ဟန်မတူ။
သူ့ကို မတော်တဆလိုလိုနှင့် ပစ်ချကာ သေကြောင်းကြံနေမည်ကိုစိုး၍သာဖြစ်ကြောင်း တွေးမိလိုက်တော့ ရုတ်တရက် ဒီကောင်လေးကို စ,ချင်လာသည်။

"ဘယ် ဘယ်သွားနေတာလဲခင်ဗျ"

အဆင်းလမ်းကို သွေဖယ်ကာ တောင်အောက်ခြေမှ ‌ အနည်းငယ်မြင့်သေးသော တောင်ကမ်းပါးယံတစ်ခုကို ဦးတည်လိုက်တော့ ကျောပေါ်မှ ‌ အသံသေးသေးလေးက တုန်တုန်ယင်ယင်ထွက်လာသည်။

"ဟိုနားလောက်ဆို မဆိုးဘူးပဲ.. ပြုတ်ကျလိုက်ရင် တစ်ခါတည်းသေလောက်တယ်"

ပြောပြီး အတန်ကြာသည်အထိ ထူးဆန်းစွာပင် ကောင်လေးထံမှ  စကားသံထွက်မလာတော့ သိလိုစိတ်ဖြင့် မျက်နှာကို ကောင်လေးရှိရာဘက်သို့  လှည့်ကြည့်လိုက်သည်။

My DuDuDin ♡Where stories live. Discover now