My roomate(ကျွန်တော့ရဲ့အခန်းဖော်)
စိန်ပန်းနီပွင့်တို့ ကျောင်းလမ်းတစ်လျှောက်တွင် ကြွေကျပျံ့ကျဲလို့နေသည်။ အဖြူရောင်အကျီကိုအပြာရောင် လုံချည်၊ထဘီတို့ဖြင့် တွဲကာပနံသင့်အောင် ဝတ်ဆင်ထားသော ကျောင်းသူ၊ကျောင်းသားများကလည်း ထိုစိန်ပန်းနီကျောင်းလမ်းမကြီးနှင့် ဆေးပန်းချီရေးခြယ်ထားသကဲ့သို့ လိုက်ဖက်လွန်းလှသည်။
မာန်ခမ်း၏မျက်ဝန်းညိုညိုများသည် ဆင်တူညီဝတ်ဆင်ထားသော ကျောင်းသားများကြားမှ တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ညား လူးလွန့်ရှာနေမိသည်။
ဒီနေ့လည်း ကျောင်းမတက်ပြန်ဘူးလား?.....
ဒီပုံတိုင်းဆက်သွားနေလို့ကတော့မဖြစ်ပေ။
ဒီကောင်လေး ဒီလိုကျောင်းတွေဆက်တိုက်ပျက်နေလို့ကတော့ စာမေးပွဲကျမည်က ဧကန်ပေ။
ဟိုအုပ်စုကလည်း မာန်ခမ်းကိုသို့လောသို့လောဖြင့် မကြည်ကြည့်ကြည့်ကာ အပြစ်တင်ချင်နေကြပြီ။
သို့သော် ထိုကောင်လေးကို ကျောင်းတက်ရန်ဖြောင်းဖြဖို့ ဘယ်ကိုလိုက်လို့လိုက်သွားရမယ်မှန်းမသိပေ။ စန္ဒကူးမေ ဆီဆက်သွယ်တော့လည်း သူ့မန်နေဂျာနှင့်သာတိုးတိုးနေနေသည်။ တစ်အိမ်တည်းနေသည့် မာန်ခမ်းတောင် နည်းလမ်းရှာမတွေ့တာ သော်နှစ်သော်နှင့် မြတ်သူစံတို့က ပို၍ပင်ဆိုးဦးမည်။ဒီနေ့သည်လည်း မာန်ခမ်းအတန်းတက်ရန်စိတ်မပါတော့သောကြောင့် ကားကို ချစ်ရသည့်သူအငွေ့သက်တို့ ကိန်းအောင်းနေသော အိမ်ကြီးဆီသို့သာ လှည့်ကာပြန်ရန်ပြင်တော့သည်။
.................................
မာန်ခမ်းခြံထဲခြေလှမ်းလိုက်တော့ ခြောက်ကပ်နေသည့် အိမ်ကြီးကမာန်ခမ်းကိုကြိုဆိုသည်။ အိမ်တံခါးကို ဖွင့်ဝင်ကာ ဧည့်ခန်းထဲရှိဆိုဖာပေါ် ပစ်စလတ်ခက်ထိုင်ချလိုက်သည်။ ဆိုဖာကျောမှီပေါ်ခေါင်းကိုတင်လိုက်ကာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို တွေးနေမိပြန်သည်။ အသက်ကိုပြင်းပြင်းရှိုက်ရှုလိုက်တော့ ချစ်ရသူ၏အငွေ့အသက်က နှလုံးသားအထိစိမ့်ဝင်ကာ နွေးထွေးလန်းဆန်းစေသည်။ သို့ပေမဲ့ အလွမ်းဓာတ်ကိုတော့မပြေစေပါ။ ချစ်ရသူ၏ အလေ့အကျင့်နှင့် သူ့အကြောင်းကိုတွေးမိလျှင် လန်းဆန်းပြုံးပျော်စေသလောက် သူ့မျက်နှာကိုမမြင်ရပြန်တော့ လွမ်းသည့်စိတ်က ဆိုးဆိုးရွားရွားပင်။ ထိုစဥ် မာန်ခမ်းခေါင်းထဲပေါ်လာသော အတွေးတစ်ခု။ ထိုအတွေးတွေးမိသည်နှင့်တစ်ပြိုင်နက် မာန်ခမ်းခါးကိုပင်မတ်မတ်ထိုင်မိသွားသည်။ ထို့နောက်ခြေလှမ်းတို့က အလိုအလျောက် အပေါ်ထပ်သို့လျှောက်လှမ်းသွားမိကာ ပိုင်ရှင်မရှိသော အခန်းတံခါးအရှေ့တွင် တံခါးလက်ကိုင်ကိုကိုင်လျက် တောင့်တောင့်ကြီးရပ်နေမိသည်။