My roomate (ကျွန်တော့ရဲ့အခန်းဖော်)
Ch-30ပိတ်ရက်ဖြစ်သောကြောင့် လည်ပတ်သူအများပြားဖြင့် စည်ကားနေသော ရွှေရောင်အတိဖြင့် ထည်ဝါသပ္ပါယ်နေသည့် ရွှေတိဂုံဘုရားကြီး။ လှေကားထစ်တစ်ခုချင်းကို အသာလှမ်းတက်နေရင်း အနောက်သို့လှည့်ကြည့်လိုက်လျှင် တဝီဝီဖြင့် သွားလာလှုပ်ရှားနေကြသော လမ်းမကြီးပေါ်ရှိ ကားများကို ငုံ့မိုးမြင်ရသည်။ လှေကားဘေးတစ်ချက်တွင်ရှိသော အမှတ်တရစျေးရောင်းဆိုင်များ မှစျေးခေါ်သူများ၏ အသံကျယ်နှင့် အရောင်သွေးစုံ၊ အမျိုးစားစုံသော ပန်းများကို ရောင်းချသူများနှင့် ဆူညံစည်ကားလျှက်ရှိသည်။
စက်လှေကားမှတစ်ဆင့် တက်လှမ်းလာပြီး ရင်ပြင်တော်သို့ ခြေချလိုက်ချင်းချင်းပင် သာယာနာပျော်ဖွယ်ရှိသော ဆည်းလည်းသံလေးများနှင့် စာကလေးငှက်တို့၏ တကျွိကျွိအော်မြည်သံများကို ကြားရသည်။ အလှုခံဌာနမှ မေတ္တာပို့သသံနှင့် ဘုရားပရုဝုဏ်တွင်းမှ သီလရှင်များ၏ ညီညာပြေပြစ်သော ဘုရားစာရွတ်ဆိုသံကိုကြားရသည်မှာ သာယာငြိမ်းချမ်းမှုအတိ။များပြားလှသော လည်ပတ်သူများနှင့် စည်ကားနေသော ဤမြင်ကွင်းသည် ရန့်ဘဝတစ်လျှောက် မြင်ဖူးခဲ့သမျှ မြင်ကွင်းထဲတွင် အင်မတန်မှ ငြိမ်းချမ်း၊ အေးမြစေသော မြင်ကွင်း၊ အခိုက်အတန့်ဖြစ်သည်။ အသက်၉နှစ်အရွယ်တည်းက အဖိုး၏ အမိန့်ပေး၊ လေ့ကျင့်ပေးမှုကြောင့် တိုက်ခိုက်မှုတွေကြား၊ သေနတ်တွေအကြား၊ လူသတ်မှုတွေ၊ ရက်စက်မှုတွေ အကြားမှာသာ ပူလောင်စွာရှင်သန်ခဲ့ရသည်။ ရန့်ရင်ကိုအေးချမ်းစေသော ဤအရာများကို ဘဝတစ်သက်တာလုံး ခံစားလိုလျှင် ရန်လောဘကြီးရာများ ရောက်မလား....?
ရန် အရာအားလုံးကို အေးချမ်းသောစိတ်ဖြင့် ခံစားသိမြင်နေစဥ် အလှုခံဌာနတွင်ငွေထည့်ပြီး ရန့်ဆီသို့လျှောက်လှမ်းလာသော စိုင်းမာန်ခမ်း။ ဆင်စွယ်ရောင်လည်ကတုံးအကျီကို အနက်ရောင် ယောပုဆိုးနဲ့ တွဲဝတ်ထားသည်မှာ လိုက်ဖက်လွန်းလှသည်။ သေသပ်စွာ ဖီးသင်ထားသော ဆံပင်တိုနက်နက်တို့ကို နဖူးမှအပြောင်သိမ်းတင်ထားပြီး သူ၏မူပိုင်ဖြစ်သော မတည်မပြုံးမျက်နှာထားက ရင်ပြင်ပေါ်ရှိ မဒီတစ်ချို့၏ အကြည့်တို့ကို ညို့ယူဖမ်းစားထားသည်။
ရန့်ကိုကြည့်လိုက်တိုင်း ရွှန်းလဲ့နေသော ထိုမျက်ဝန်းညိုညိုတို့သည် ချစ်ရသူ၏အစိတ်အပိုင်းများတွင် ရန်နှင့်အရင်းနှီးဆုံးအရာထဲမှတစ်ခု။