My roomate(ကျွန်တော့ရဲ့အခန်းဖော်)
အိမ်ကြီးတစ်အိမ်၏ မီးဖိုခန်းထဲတွင် ဆန်ပြုတ်ကို စိတ်မပါလက်မပါဖြင့် ပြုတ်နေသောကောင်လေးတစ်ယောက်။ လွင့်ပါးနေသောစိတ်တို့ ဟိုဟိုဒီဒီရောက်နေစဉ် နားထဲတိုးဝင်လာသော အော်သံတစ်ခု။ တိတိကျကျပြောရလျှင်ကား မိန်းကလေးတစ်ယောက်၏အော်သံ။ မာန်ခမ်းတွေးကြောင်သွားရသည်။ စန္ဒကူးမေမှာ မနက်အစောပိုင်းတည်းက စီစဉ်စရာရှိတာစီစဉ်ပြီး ပြန်သွားချေပြီ။ ယခုအိမ်တွင် မာန်ခမ်းနှင့် ရန်နိုင်သူသာရှိသည်။ နှစ်ယောက်လုံးက ယောကျာ်းလေးတွေ။ ဒါ့အပြင် အော်သံသည် အပေါ်ထပ်မှ။ အပေါ်ထပ်တွင် ရန်နိုင်သူတစ်ယောက်တည်းသာရှိသည်။ မာန်ခမ်း ခေါင်းထဲ အတွေးမျိုးစုံဖြင့် ရှုပ်ယှက်ခက်သွားသည်။
မာန်ခမ်းလှေကားရင်းသို့ရောက်သွားကာ တက်သွားရင်ကောင်းမလား မတက်ရင်ကောင်းမလားနှင့် ဗျာများနေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ကာ အပေါ်သို့တက်ရန် ခြေလှမ်းတို့ပြင်လိုက်သည်။
အခန်းထဲတွင် ချောလဲကျသည့်အရှိန်ကြောင့် ဗိုက်မှဒဏ်ရာနာကျင်သွားကာ ကမ္ဘာပျက်နေသောကောင်လေးတစ်ယောက်။
"အားလားလား!...သေပါပြီ...ချီးတဲ့မှဘဲ!"
အောက်ထပ်ဆင်း၍ နေ့လည်စာစားရန် ခြေလက်ဆေးကြောပြီး ရေချိုးခန်းထဲမှ အထွက်မှာ ခြေသုတ်ခုံဖြင့် ခလုတ်တိုက်မိပြီး တံခါးလက်ကိုင်ဖုနှင့် ဝမ်းဗိုက်မှဓားဒဏ်ရာကကွက်တိ။ ရုတ်တရက် နာကျင်မှုကြောင့် သတိလွတ်ပြီး စိတ်ထဲကလာသည့်နဂိုအသံအတိုင်းအော်မိသွားသည်။ ပြီးမှသတိရသည်ကား အိမ်တွင်စိုင်းမာန်ခမ်း ရန်နှင့်အတူရှိသည်ကိုပင်။ သာမန်အချိန်တွေမှာ အသံကိုယောကျာ်းသံပေါက်အောင် အတင်းလုပ်မပြောရပေမဲ့လည်း လန့်တတ်သည့်အချိန်နှင့် နာကျင်သည့်အချိန်မျိုးများတွင် အသံအိုးမှလာသည့် မိန်းကလေးအသံကို ရန်သတိထားမိချိန်မရပါ။ နာကျင်မှုကြောင့် နားထင်တွင် ချွေးများပင်သီးနေပြီ။ ရန် စက္ကန့်ပိုင်းလောက် ငြိမ်ငြိမ်လေးနေပြီး ဒဏ်ရာနာကျင်မှုကို စူးစိုက်လိုက်ပြီးနောက်မှာ အကျီစကိုအသာလှန်ကာ ဒဏ်ရာကိုငုံ့ကြည့်မိသည်။ ခိုက်မိသည့်အရှိန်ကြောင့် သွေးများစိမ့်ပြီး ကပ်ထားသည့် အနာကပ်ပတ်တီးစပေါ်မှာ သွေးများပင်ကွက်နေချေပြီ။