My roomate (ကျွန်တော့ရဲ့အခန်းဖော်)
မှောင်ရီစပျိုးနေသော ညနေချိန်.......။
လခြမ်းကွေးလေးနှင့် ကြယ်တာရာလေးများ ဟိုတစ်လုံး သည်တစ်လုံး ထွက်ပေါ်နေကြသည်။
ရောက်ရှိနေသော နေရာမှာ တောမျက်မည်းကြီးတွင်မို့ အရာရာက ထူပိန်းနက်မှောင်နေသည်။ တကျွိကျွိအော်မြည်နေသော တောကောင်များနှင့် တဖျပ်ဖျပ် ထထပြန်သော ညဥ့်ငှက်တို့၏ လှုပ်ရှားသံများက ထိတ်လန့်စရာအတိ။ လူတစ်ရပ်စာမြင့်သော အပင်အခက်အလက်များကြားတွင် ဖိနပ်မပါဘဲ လမ်းလျှောက်နေသော ကလေးငယ်လေးတစ်ယောက်။ ဆူးခြုံများနှင့် ခြစ်မိရှမိရာမှထွက်ပေါ်လာသော ပြတ်ရှရာများနှင့် ခြေဖဝါးနုနုများမှ ပွန်းပဲ့ဒဏ်ရာများအရ ထိုကလေးငယ်သည် ဤတောထဲတွင် ပြေးလွှားလမ်းရှာနေသည်မှာ အတော်ကြာနေသည့်ပုံ။ချမ်းအေးလှသော ဤတော၏ အအေးဓာတ်ကြောင့်ရော ကြောက်စိတ်ကြောင့်ပါ တုန်ယင်ပြာနှမ်းနေသော ထိုကလေးမ၏ နှုတ်ခမ်းပါးမှ တစ်စုံတစ်ယောက်ကို တိုးသဲ့သဲ့ အားကိုးတကြီးအော်ခေါ်နေသည်။
"အဖိုး!....အဖိုး!...အဖိုးရေ...!"ရန်အော်ခေါ်နေပါသော်လည်း လူရိပ်ယောင်လေးကိုပင် မမြင်ရ၊ မကြားရ။ တဖြည်းဖြည်း ညဥ့်နက်လာလေလေ ချမ်းအေးမှုက ပိုလာလေလေဖြစ်သောကြောင့် အဝတ်ပါးပါးသာ ဝတ်ထားသော ရန့်ခန္ဓာကိုယ်လေးသည် ချမ်းလွန်းလို့ တုန်ယင်နေပြီ ဖြစ်သည်။
"အဖိုးရေ...သမီးကိုလာခေါ်ပါ....! အဖိုး!...အီးဟီး.....!"
အဖိုးကို အော်ခေါ်ရင်း မျက်ရည်များက တလိမ့်လိမ့် ကျဆင်းလာသည်။
ယောကျာ်းလေးလို ဝတ်ရစားရ ပြောဆိုရမည်ဟူသော အဖိုးအမိန့်ကို လက်ခံပြီးတည်းက မိန်းကလေးတစ်ယောက်၏ တာဝန်နှင့် မမျှတအောင် လေ့ကျင့်ရေးတွေလုပ်ရသည်။ တိုက်ခိုက်မှုတွေလုပ်ရသည်။ အခုသည်လည်း အဖိုးအမိန့်ကြောင့် ဤတောထဲတွင် တစ်ယောက်တည်း ညအိပ်ရမည်တဲ့။ ဒီစမ်းသပ်မှုရဲ့ ပန်းတိုင်ကတော့ မနက်မိုးလင်းတဲ့ထိ အသက်ရှင်ကျန်နိုင်ဖို့ ဘဲဖြစ်သည်။
"ဝေါင်း!"
ရုတ်တရက် ကျားဟိန်းသံကြားလိုက်သောကြောင့် ရန်တစ်ကိုယ်လုံး တုန်တက်သွားသည်။
တောရိုင်းကောင်တွေ ကျက်စားပါသော ဤတောကြီးတွင် ကျားများရှိနေမည်မှာ ဧကန်ပင်။ ရန်ဒီလိုမျိုး ဆက်သွားနေလို့ကတော့ သေချာပေါက် ကျားအစားခံရမည်။ ထိုအတွေးတွေးမိသည်နှင့် ဘေးဘီကိုဝေ့ဝဲကြည့်မိသည်။ အတန်ကြာ ပြေးပတ်ပြီးနောက် ပင်စည်ခိုင်ခိုင်နှင့် အကိုင်းခက်ကြီးများသော ကုက္ကိုပင်တစ်ခုကို ရွေးချယ်လိုက်ကာ ထိုအပင်ပေါ်သို့ ကုတ်တွယ်တက်လိုက်သည်။
ရန့်ခန္ဓာကိုယ်သည် သေးသေးသွယ်သွယ်နှင့်မို့ ရန်ရွေးထားသော အကိုင်းကြီးသည် ရန်လှဲမှီအိပ်ရန် အတန်အဆင်ပြေပါသည်။