My roomate (ကျွန်တော့ရဲ့အခန်းဖော်)
နွေဦးလေနွေးနွေးတို့ တိုးဝှေ့တိုက်ခတ်လျက်ရှိသော စာသင်ခန်းတစ်ခု။ အခန်းအတွင်းရှိ စနစ်တကျစီရီထားသော စာသင်ခုံများကို အာရုံစိုက်ကာစာဖြေနေကြသော ကျောင်းသားကျောင်းသူများဖြင့် တန်ဆာဆင်ထားလျက်ရှိသည်။ ကျောင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားများအားလုံးစာဖြေကြားနေကြ၍ ဥသြသံနှင့်ငှက်ငယ်သံတို့၏ ပျံဝဲအော်မြည်သံမှအပ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ရန်စာမေးပွဲဖြေပြီးတော့ စိုင်းမာန်ခမ်းရှိရာ ကားပါကင်သို့ထွက်လာခဲ့သည်။ ခုနောက်ပိုင်းအကြိုပို့ကို စိုင်းမာန်ခမ်းကတာဝန်ယူနေသည်ကို ရန်သိပ်သဘောမကျပေမဲ့ ခုလိုလိုက်ပို့လျှင် ရောင်နီအလုပ်တစ်ခုပေါ့သည်မို့ ဘာမှသိပ်မပြောဖြစ်ပေ။ ပြီးတော့ လမ်းလဲကြုံသည်မို့။
အဲ့ဒါထပ်ပို၍ထူးဆန်းနေသည်က ရန်နှင့်စိုင်းမာန်ခမ်းကြားက ဆက်ဆံရေးကို ဘာမေးခွန်းမှ မထုတ်သော ဟိုလေးယောက်ပင်။ စိုင်းမာန်ခမ်း တစ်ခုခုပြောထားလို့များလား?ရန်အတွေးနယ်ချဲ့ရင်း ကားပါကင်ရောက်တော့ စိုင်းမာန်ခမ်း ကြိုစောင့်နေချေပြီ။ ရန်ကားထဲဝင်ထိုင်လိုက်ကာ စိုင်းမာန်ခမ်းကို မေးခွန်းထုတ်လိုက်သည်။
"အချိန်မကုန်ဘဲစောထွက်လာတာလား?..""အင်...အစောကြီးဖြေပြီးလို့"
ဖြစ်မှာပါ စိုင်းမာန်ခမ်းက အုပ်စုထဲမှာ IQအမြင့်ဆုံးhyperကြီးပင်။"ဒါနဲ့လေ နေရီသော်တို့ထူးဆန်းနေသလိုဘဲ"
ရန်တွေးဆဟန်ဖြင့် ပြောလိုက်တော့ ကားစက်နှိုးနေသည့် စိုင်းမာန်ခမ်းက ရန့်ဘက်သို့ခေါင်းစောင်းငဲ့ကြည့်ကာ မျက်ခုံးတစ်ဖက်ကိုပင့်ပြ၍ ဘယ်လိုထူးဆန်းသည်လဲဟု မေးခွန်းဆောင်သော မျက်နှာထားဖြင့်ကြည့်လာသည်။ 'ရန်'ရုတ်တရက်ခြေဖျား၊ လက်ဖျားများအေးစက်သွားကာ စိုင်းမာန်ခမ်း၏ အကြည့်တို့၌ ပြာကျချင်သွားသည်။
တဆိတ်လောက် လူတစ်ယောက်ရဲ့ အကြည့်ကဘာလို့ဒီလောက်တောင် ဆွဲဆောင်မှုရှိနေရတာလဲ....? ရန်ဘယ်ဘက်ရင်အုံ တုန်မြည်နေသည့်အသံမှာ ဘေးကလူတောင်ကြားနိုင်လောက်သည်အထိ။ ရန်ရူးချင်သွားသည်။ စကားနားမထောင်သော နှလုံးကိုစိတ်ထဲမှ ကျိန်ဆဲကာ အသက်ပင်ဝဝမရှုရဲ။