My roomate (ကျွန်တော့ရဲ့အခန်းဖော်)
ကွန်ပျူတာ ကီးဘုတ်ကို တစ်တောက်တောက်နှိပ်ကာ Software ရေးဆွဲနေသည့် ကောင်လေးတစ်ယောက်။
"ရန်...ဘာလုပ်နေတာလဲ?"ရန့်ဘေးမှ မေးခွန်းထုတ်လာသော အံ့မင်းထင်ကို ရန်တစ်ချက်လှည့်ကြည့်ပြီးနောက် ကွန်ပျူတာကို ပြန်ကြည့်ကာ ရေးလက်စ Softwareကို ပြန်အာရုံစိုက်လိုက်ပြီး
"ငါအလုပ်လုပ်နေတယ်၊ မအားသေးဘူး...
ဒါနဲ့...ဦးထိန်သာဆိုတဲ့လူ ဖုန်းမဆက်လာသေးဘူးလား..."ပြောရင်းဆိုရင်းပင် စားပွဲပေါ်တွင် တင်ထားသော ဖုန်းမှအသံမြည်လာသည်။
ရန် အံ့မင်းထင်ဘက် တစ်ချက်လှည့်ပြီး ကိုင်လိုက်ဟူသော အဓိပ္ပာယ်ဖြင့် မေးဆတ်ပြလိုက်တော့ အံ့မင်းထင်က ဖုန်းစခရင်မ်ပေါ်မှ အစိမ်းခလုတ်ကို နှိပ်ဆွဲပြီး speakerကိုပါ တစ်ခါတည်း ဖွင့်လိုက်သည်။"မင်းတို့လိုချင်တဲ့ Dataငါရပြီးပြီ"
တစ်ဖက်မှ ထွက်လာသော အသံကိုကြားပြီး ရန့် နှုတ်ခမ်း၌ အပြုံးနုနုတို့ ဖြစ်ပေါ်သွားသည်။ ရန် ကီးဘုတ်ပေါ်မှ လက်တို့ကို ရုတ်သိမ်းလိုက်ကာ ထိုင်ခုံကျောမီတွင် လျော့လျော့ရဲရဲ မှီချလိုက်သည်။
"ကားက Gpsနဲ့ ဘလက်ခ်ဘောက်စ်ပါ,ပါလား.."
"ပါတယ်!"
"ဒါဆိုရပြီ...ပြန်လာခဲ့တော့! သူတို့ ပစ္စည်းဘယ်နေ့သွားယူမှာလဲ?"
"မနက်ဖြန်"
"အတိကျလား"
"အမ်း"
"Ok! You did a great job! Come back now!"
ပြောပြီးသည်နှင့် ရန် ဖုန်းကိုကောက်ယူလိုက်ကာ Endခလုတ်ကိုနှိပ်လိုက်သည်။"ဘယ်သူလဲ..အဲ့ဒါ..."
"James Groupထဲကို ငါလွှတ်ထားတဲ့ ခို..."
ရန့်အပြောကြောင့် အံ့မင်းထင်၏ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။
ခို....ခိုဆိုသည်မှာ ရန့်ရဲ့ လက်ကိုင်သုံး လျှို့ဝှက်စကားလေးတစ်လုံး။ ရန်နှင့် အလုပ်တူတွဲလုပ်မည့် အုပ်စုအဖွဲ့အစည်းများတွင် ရန့်၏ ခိုများကို လွှတ်ထားတတ်သည်။ မည်သည့်မှောင်ခိုအဖွဲ့အစည်း၊ မည့်သည့်အလင်းဝင် အဖွဲ့အစည်း၊ မည်သည့် အစိုးရအဖွဲ့အစည်းတွင်မှု ရန့်၏ ခိုများရှိနေတတ်သည်။ ရန်လွှတ်ထားသော ခိုများသည်လည်း တော်ရုံရိပ်မိ၊ ဖမ်းလွယ်နိုင်မည့်သူများမဟုတ်။ သူတို့အားလုံးသည် တစ်ချိန်က ထိုအဖွဲ့အစည်းများ၏ သစ္စာတော်ခံ တစ်ယောက်ဖြစ်လင့်ကစား ရန့်၏ ချုပ်ကိုင်မှုနှင့် အမိန့်ပေးမှုတို့ကို ငြင်းဆန်နိုင်ခြင်းမရှိကြသူများဖြစ်သည်။ ထိုသို့ သူတို့အပေါ် သြဇာညောင်းနေအောင် သူတို့၏ အားနည်းချက်မှန်သမျှကို ရန့်လက်ထဲ ဆုပ်ကိုင်ထားပြီး ခြောက်တစ်လှည့် ချော့တစ်လှည့်ဖြင့် ရန်လိုရာကို ခိုင်းစေသည်။
ရန့်၏ လုပ်ရပ်များသည် ဧကန်မုချ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်သလိုပင်။